ကျဆုံးလုနီးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကိုအားမပေးကြရန် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်အာဇာနည်နေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် ကချင်ဘာသာဖြင့် ပြောကြားသွားသည်။
ဩဂုတ်လ ၁၀ ရက်တွင် ကျရောက်သည့် ၄၈ နှစ်မြောက် ကချင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ၎င်းက မိန့်ခွန်း ပြောကြားခဲ့ရာတွင် စစ်ကောင်စီကို အားမပေးရန်နှင့် အကျင့်ပျက်သည့် KIO ဝန်ထမ်းများကို ထိရောက်စွာ အရေးယူ မည့်ကိစ္စအား အဓိကထား ပြောသွားကြောင်း တွေ့ရသည်။
၎င်းက စစ်ကောင်စီသည် လက်နက်မဲ့ပြည်သူ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား သတ်ဖြတ်သည့် စစ်ရာဇဝတ်မှု ကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေပြီး ထိုသို့ ကျူးလွန်သတ်ဖြတ်မှုများသည် စစ်ကောင်စီကျဆုံးရေးအတွက် လမ်းစဖြစ် ကြောင်း ဆိုသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက “စစ်ကောင်စီက အကျဉ်းအကျပ် အခက်အခဲထဲကျရောက်နေတဲ့အချိန် အချို့သော အဖွဲ့ အစည်းတွေနဲ့ အချို့သော လူပုဂ္ဂိုလ်တဦးတယောက်စီဟာ ကိုယ်ကျိုးစီးပွားအတွက်ပဲ စဉ်းစားပြီး စစ်ကောင်စီကို ထောက်ခံ၊ မျက်နှာလိုမျက်နှာရ၊ အားပေးအားမြှောက်တဲ့အတွက် ကြေမွကျဆုံးခါနီးပြီဖြစ်တဲ့ ရန်သူတပ်ဖွဲ့ကို ပြန်လည် အခြေတကျ ခိုင်မာတောင့်တင်းလာတဲ့အခြေအနေ ဖြစ်လာစေနိုင်တာကို နားလည် သဘောပေါက်ရမယ်။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းဟာ မှန်ကန်တဲ့ အမျှော်အမြင် ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံရေးပန်းတိုင် မပပျောက်အောင် သတိထား လုပ်ဆောင်ရမယ့် အရေးအကြီးဆုံးသော အချိန်ပဲဖြစ်ပါတယ်” ဟု ဆိုသည်။
လက်ရှိ တိုက်ပွဲသည် စစ်ကောင်စီနှင့် ပြည်သူလူထုကြားဖြစ်ပွားသည့် တိုက်ပွဲဖြစ်ပြီး အမျိုးသားတော်လှန်ရေး တပ်ဖွဲ့ များသည် ပြည်သူလူထုနှင့်အတူ ရပ်တည်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာနိုင်ငံကို စနစ်သစ်ဖော်ဆောင်ရာတွင် အမျိုးသားတော်လှန်ရေးတပ်များ အားလုံး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် မိမိအဖွဲ့၏ နိုင်ငံရေးခံယူချက်ပန်းတိုင် ပျောက်မသွားရန် လိုအပ်ကြောင်း ပြောသည်။
၎င်းက KIO တွင် အကျင့်ပျက်ဝန်ထမ်းအချို့ကြောင့် ဆင်းရဲဒုက္ခခံကာ တာဝန်ထမ်းနေသည့် ဝန်ထမ်းများ ပြစ်တင် ဝေဖန်ခံနေရကြောင်းနှင့် အကျင့်ပျက်ဝန်ထမ်းအချို့၏ လုပ်ရပ်သည် KIO ၏ ဂုဏ်သိက္ခာကို ဆုတ်ယုတ်စေနိုင် သဖြင့် ပြင်းပြင်းထန်ထန် အရေးယူရမည်ဖြစ်ကြောင်း ပြောသည်။
ဗိုလ်ချုပ်ကြီးအင်ဘန်လက “ပြုပြင်ပြောင်းလဲခြင်းမရှိတဲ့ အမှုထမ်းတွေကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ကနေ ထိထိ ရောက်ရောက် အရေးယူဆုံးမဖို့ လိုအပ်တယ်။ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုလျော့ကျပြီး ပြည်သူလူထုရဲ့ ထောက် ခံအားပေးမှု မရှိရင် KIO ရဲ့ လုပ်ငန်းစဉ်တွေအားလုံး ဆုံးရှုံးသွားနိုင်တယ်” ဟု ဆိုသည်။
စစ်ကောင်စီကို အားမပေးရန်ဆိုသည့် အချက်သည် စစ်ကောင်စီနှင့် ထိတွေ့ ဆက်ဆံနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အချို့နှင့် ပြည်ပနိုင်ငံအချို့ကို ရည်ရွယ်ကာ ပြောခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။
၎င်းက “ပြည်ပမှာဆိုရင်တော့ အိမ်နီးချင်းတရုတ်ပေါ့။ ပြည်တွင်းမှာဆိုရင်တော့ စစ်တပ်နဲ့ပေါင်းနေတဲ့ မြို့ပေါ်နိုင်ငံရေး အဖွဲ့အစည်းတွေရော လက်နက်ကိုင် အဖွဲ့အစည်းတချို့ကိုရော သူပြောချင်တာဖြစ်ပါလိမ့်မယ်။ ဒါ့ပြင် အရင် UNFC (ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) မှာ ပါခဲ့တဲ့ မွန်ပြည်သစ်တို့ကလည်း စစ်တပ်နဲ့ ဆွေးနွေးတာ တွေရှိတယ်။ RCSS (သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ) တို့ ၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက တချို့ဆိုရင်လည်း အရင် UNFC က အဖွဲ့တွေပေါ့။ ဒီအဖွဲ့တွေကို ဆိုလိုချင်တာဖြစ်မှာပေါ့” ဟု သုံးသပ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် EAOs ၆ ဖွဲ့နှင့် မြန်မာပြည်မြောက်ပိုင်း အခြေစိုက် EAOs ၃ ဖွဲ့တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုရှိသလို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တိန့်ရှီကျွင်းသည်လည်း စစ်ကောင်စီနှင့် လာရောက် တွေ့ဆုံဆွေးနွေးမှု ရှိသည်။
တိုင်းရင်းသားအရေး လေ့လာသည့် ကချင်လူမျိုး သုတေသီတဦးက KIO ခေါင်းဆောင်သည် စစ်ကောင်စီနှင့် နီးကပ် စွာ ထိတွေ့နေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို အမည်တပ်ပြောရန် အဆင်မပြေသဖြင့် ယခုကဲ့သို့ သွယ်ဝိုက်ပြော ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “တခုကတော့ ငြိမ်းချမ်းရေးယူတဲ့ အဖွဲ့အစည်းတွေနဲ့ စကစနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေကို ပြောခြင်းဖြစ်တယ်။ နောက်တခုက စကစနဲ့ နီးစပ်တဲ့ ခရိုနီတွေပေါ့။ ဒီ၂ ခုစလုံးကို ပြောခြင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခြေ အနေကလည်း နာမည်တပ်ပြီး ပြောလို့မကောင်းတဲ့ အခြေအနေဖြစ်တယ်။ လက်ရှိမှာတော့ စကစမှာ အခက်အခဲ ကြုံနေတယ်။ ဒီအချိန်မှာ စကစကို ဝိုင်းရံတဲ့ ဒေါက်တိုင်မဖြစ်ဖို့ ပြောလိုခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။
KIO သည် စစ်ကောင်စီတပ်ကဲ့သို့ မဖြစ်စေရန် အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမည်ဟု ယူဆကြောင်းလည်း မှတ်ချက်ပေးသည်။
၎င်းက “အကျင့်ပျက်ခြစားမှုက စကစထဲမှာလည်း ဖြစ်နေတယ်။ ဒါကိုလည်း နမူနာယူပုံရပါတယ်။ ဘာဖြစ်လို့လဲဆို တော့ စကစမှာ Corruption တအားဖြစ်လာတော့ စစ်တပ်ဟာ အားမရှိတော့ဘဲ တဖြည်းဖြည်းနဲ့ အားလျော့တဲ့ဟာကို KIO ဘက်က သင်ခန်းစာယူပုံရတယ်။ တချိန်တည်းမှာပဲ KIO ထဲမှာလည်း တကယ်တမ်း အလုပ်လုပ်တဲ့သူ ရှိသလို အကျင့်ပျက်ဝန်ထမ်းတွေလည်း ရှိနေတယ်။ ဒါကြောင့်လည်း ဒီဟာတွေက ရေရှည်မှာ ဒီလိုပဲသွားရင် KIO ကလည်း ပျက်စီးလာနိုင်တယ်။ ဒါကို စိုးရိမ်ပုံရပါတယ်” ဟု ဆိုသည်။
KIO ခေါင်းဆောင်များက စစ်ကောင်စီကို အားမပေးရန် ပြောထားပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသူ များသည် စစ်ကောင်စီအပေါ် ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုလျော့၊ မလျော့မှာ ဆက်လက်စောင့်ကြည့်ရမည့် ကိစ္စဖြစ် ကြောင်း လေ့လာသူများက ဆိုကြသည်။
You may also like these stories :
ဖားကန့်က စစ်ကောင်စီစခန်း ၂ ခု KIA သိမ်း
ဝိုင်းမော်တွင် KIA နှင့် အာဏာသိမ်း စစ်တပ် စစ်ရေးတင်းမာနေ
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော