တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လွယ်ဂျယ်- ဗန်းမော်လမ်းကြောင်းတွင် ကုန်ပစ္စည်းများ သယ်ယူခွင့် စစ်ကောင်စီက ယခုလဆန်းပိုင်းမှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
တရားဝင် ကြေညာခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ခြင်းမှာ စစ်ရေးတင်းမာနေသည့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းသို့ ဝင်ရောက်နေသည့် ကုန်စည်များကို ဖြတ်တောက်လိုခြင်း ဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က သုံးသပ်ပြောဆိုသည်။
ဗန်းမော်နှင့် လွယ်ဂျယ်သို့ ကူးသန်းရောင်းဝယ်နေသည့် ဒေသခံကုန်သည်တဦးက “စစ်ရေးတင်းမာမှုတွေက နမ်ဆန် ယန်မြို့မှာ ဖြစ်နေတော့ မြစ်ကြီးနား- နမ်ဆန်ယန် ကားလမ်းတကြော ပိတ်ထားတယ်။ ဗန်းမော်- မန္တလေးလမ်းလည်း နည်းနည်း ပိတ်ထားတာပေါ့။ စစ်ကောင်စီက သူတို့ စစ်အင်အားဖြည့်တုန်းဆိုတော့ ကြားဖြတ်တိုက်မှာ စိုးလို့လားတော့မသိ လမ်းပိတ်ထားတယ်၊ လုံခြုံရေးအရ ပိတ်ထားတယ်ပြောတယ်။ တရားဝင်ကုန်သွယ်ရေးကဖွင့်ပေမယ့် ကုန်သွားလာခွင့် မပေးဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက ဗန်းမော် – မြစ်ကြီးနား၊ မြစ်ကြီးနား – မိုင်ဂျာယန် လမ်းကြောင်းများကို ပိတ်ထားသလို ဗန်းမော်- လွယ်ဂျယ် ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်း ကုန်ပစ္စည်းများ သယ်ယူခွင့်မရှိသဖြင့် ကုန်ဈေးနှုန်းမြင့်တက် နေသလို တောင်သူများမှာလည်း သီးနှံပေါ်ခါနီးချိန် ဓာတ်မြေဩဇာ တင်သွင်းမရ၍ စိုက်ခင်းများ ပျက်စီးရမည့် အရေး နှင့် ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “မြစ်ကြီးနားလမ်းကြောင်းက ကားပါသွားမရဘူး၊ ကုန်အဝင်အထွက်ရောပိတ်ထားတာ။ ကုန် သွယ်ရေးပါ ပိတ်ထားတာပေါ့။ အဲဒီဘက်မှာက ဒေသခံငှက်ပျောခြံတွေ ရှိတယ်။ ဓာတ်မြေဩဇာတို့ ဆေးတို့ ပို့ရတယ်။ အခုကတော့ပို့မရဘူး။ စိုက်ပျိုးရေးတောင်သူတွေအတွက် အခက်အခဲဖြစ်တယ်။ အခုက သီးနှံတွေထွက်တဲ့အချိန်၊ မြေဩဇာကျွေးရမယ့်အချိန်ပေါ့။ အခုမကျွေးနိုင်တော့ သီးနှံတွေကမထွက်တော့ဘူး။ တရုတ်ပို့နေတဲ့ ငှက်ပျောတို့၊ ငရုတ်တို့၊ ဖရဲတို့ စိုက်ကြတာများတယ်” ဟု ပြောသည်။
ထို့ပြင် ဗန်းမော်မြို့မှလွယ်ဂျယ်ဘက်သို့ တင်သွင်းသည့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆေးဝါးများမှာ လည်း တင်သွင်းခွင့်မရသဖြင့် ဈေးနှုန်းများမြင့်တက်နေပြီး ဆန်တအိတ်ပင်လျှင် ကျပ် ၁၅၀,၀၀၀ အထိ ဖြစ်နေကြောင်း သိရသည်။
လွယ်ဂျယ်မြို့ ဒေသခံတဦးက လက်ရှိအခြေအနေနှင့်ပတ်သက်၍ “ဒီရက်ပိုင်း ကုန်စည်စီးဆင်းမှုတော့ နားထားတယ်။ စားကုန်သောက်ကုန်တွေပေါ့။ ဆောက်လုပ်ရေးပစ္စည်းတွေ ဘာတွေတော့ သွားနေတယ်။ ကျနော်တို့ ဆန်၊ ပဲ၊ ပြောင်း ဒါတွေပဲ နားတာပါ။ လွယ်ဂျယ်ဘက်ကို အသွားရောပိတ်ထားတာ။ ကုန်သွယ်ရေးကတော့ လိုင်စင်မရသေးလို့ တချို့ဟာတွေပိတ်တာ။ မြို့ကိုကတော့ စစ်ရေးတင်းမာလို့ ပိတ်တာကြားတယ်။ ကျနော်အိမ်ကကားတွေ သွားတာတော့ ဆန်တွေဘာတွေ သယ်လို့မရဘူး” ဟု ဧရာဝတီကို ပြောသည်။
ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ် (BPDF)ကလည်း ယခုကာလသည် စစ်ရေးတင်းမာနေသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုများရှိရာ ဗန်းမော်မှ မန္တလေး၊ ဗန်းမော်မှ မြစ်ကြီးနား၊ ဗန်းမော်မှ လွယ်ဂျယ်လမ်းသို့ ကုန်တင်ကြသော ၁၂ ဘီး၊ ၁၀ ဘီး၊ ၆ ဘီးကားကြီးများ မဖြစ်မနေ အဆိုပါကားလမ်းများကို အသုံးပြုမည်ဆိုပါက မိုးကာတခြမ်းသာအုပ်ရန်၊ ကားမှန်ချထားရန်နှင့် စစ်ဆေးချိန်ပူးပေါင်းပေးရန် ဩဂုတ် ၈ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
You may also like these stories:
ပို့ကုန်မူဝါဒတချို့ ဖြေလျော့သော်လည်း ကုန်သွယ်ရေး၌ အခက်အခဲ ရှိနေဆဲ
တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား
တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ
နယ်ကျော်မှုဖြင့် ဖမ်းထားသည့် မြန်မာ့ပဲမျိုးစုံနှင့် ကုန်စည်များ တရုတ်လေလံတင်မည်