ကျောင်းဆရာမလေး ဒေါ်လင်းစန္ဒာတယောက် သူ တာဝန်ကျရာ ပိတ်စွယ်ခုံကျေးရွာ မူလတန်းကျောင်းဆီကို အချိန်မီ အရောက်သွားဖို့ အတွက် တောင်ကျချောင်း တခုဖြစ်တဲ့ ပိတ်ဆွယ်ခုံ ချောင်းထဲကို ဆင်းလိုက်ပါတယ်။ ရေက ဒူးလောက်ပဲ ဖြစ်တာကြောင့် အမြန်ရောက်လိုဇောနဲ့ ချောင်းကိုဖြတ်လိုက်ချိန်မှာတော့ ပြင်းထန်လှတဲ့ တောင်ကျချောင်းရေးက ဆရာမကို ရေထဲဆွဲချသွားခဲ့ပြီး ရေစီးနဲ့အတူ မျောပါသွားပါတယ်။
“သူဖြတ်ကူးတဲ့အချိန် ရေက ဒူးလောက်ပဲရှိတာ။ ရေစီးအရမ်းသန်တော့ မျောပါသွားတာပါ။ လိုက်ဆယ်ဖို့ကလည်း ရေစီးက သန်နေတော့ ဘယ်သူမှ ဆင်းမဆယ်ရဲဘူး” လို့ ဖြစ်ရပ်ကို မြင်လိုက်ရတဲ့ တောင်တွင်းကြီးမြို့နယ်၊ ပန်းတော်ကွက် ကျေးရွာသား ကိုထွန်းထွန်းက အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆရာမ ဒေါ်လင်းစန္ဒာဟာ တောင်တွင်းကြီးမြို့နယ်၊ အောင်းစုရွာမှာ နေထိုင်တာဖြစ်ပြီး ရွာနဲ့ ရ မိုင်ခန့်ဝေးတဲ့ ပိတ်စွယ်ခုံရွာက မူလတန်းကျောင်းမှာ နေ့စားလပေး ဆရာမအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ တောင်ကျချောင်းတွေကို ဖြတ်ကူးရင်း ကလေးတွေကို စာသင်ပေးနေခဲ့တာ ၁ လကျော်သာ ရှိသေးပြီး သြဂုတ် ၂၇ ရက်နေ့မှာ အဲဒီ အဖြစ်ဆိုး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့ ဆရာမ ဒေါ်လင်းစန္ဒာရဲ့ ရုပ်အလောင်းကို သူ့ဇာတိရွာဖြစ်တဲ့ အောင်းစုရွာကို ပြန်လည် သယ်ယူချိန်မှာလည်း တောင်ကျချောင်းရေတွေ ကြီးနေတဲ့အတွက် ခက်ခက်ခဲခဲနဲ့ သယ်ဆောင်ခဲ့ရပါတယ်။
“တောင်တွင်းကြီး ရင်ခွဲရုံကနေ ဆရာမလေးအလောင်း ပြန်သယ်တဲ့နေ့ကလည်း ငမင်ချောင်းရေ စီးနေလို့ အလောင်းကို တဘက်ကမ်းမှာ အကြာကြီး ထားရတယ်။ နောက်ဆုံး ချိုင်းရွာက ကောင်လေးကို ခါးမှာကြိုးချည် ချောင်းကို ဖြတ်ကူးခိုင်းပြီးတော့ ဟိုဘက်ကမ်းရောက်တော့မှ ဆရာမလေး အလောင်းကို ကြိုးနဲ့ချည်ပြီး တဘက်ကမ်းရောက်အောင် မနည်း ခဲရာခဲဆစ် သယ်ခဲ့ရတယ်” လို့ ချိုင်းရွာက ကိုဝတုတ်က ဆရာမလေး အလောင်း ပြန်သယ်လာစဉ် သူမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ပြန်ပြောပြပါတယ်။
တောင်တွင်းကြီး မြို့နယ်အတွင်းမှာ အစိုးရကျောင်းပေါင်း ၂၄၅ ကျောင်းရှိပြီး ချောင်းကူး၊ မြောင်းခြား သွားလာရေးခက်ခဲ့တဲ့ ကျောင်းပေါင်း ၃၀ ကျော်ရှိပါတယ်။ ယခုနှစ်အတွက် နေ့စား၊ လပေး ဆရာ၊ ဆရာမ အယောက် ၉၀ ခန့် အသစ် ခန့်အပ်ထားခဲ့ရာ ဒေါ်လင်းစန္ဒာကလည်း ခန့်အပ်ခံရသူထဲမှာ တဦး အပါအဝင် ဖြစ်ပါတယ်။
ဆရာမလေး ဒေါ်လင်းစန္ဒာရဲ့အဖြစ်အပျက်ဟာ တောင်တွင်းကြီးမြို့နယ်၊ ငမင်တိုက်နယ် အတွင်းမှာရှိတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေရဲ့ မြောက်မြားလှစွာသော ဒုက္ခပင်လယ်ဝေခဲ့တဲ့ အဖြစ်အပျက်များစွာထဲက ထင်ရှားတဲ့ အဖြစ်အပျက်တခုသာ ဖြစ်ပါတယ်။
တောင်တွင်းကြီးမြို့နယ် ငမင်တိုက်နယ် အတွင်းမှာ ကျေးရွာပေါင်း ၂၀ နီးပါးရှိကာ ဒေသခံ သောင်းနဲ့ချီ ရှိပါတယ်။ မိုးတွင်းကာလဆိုရင် ဖြတ်သန်းသွားလာဖို့ အန္တရာယ်များတဲ့ တောင်ကျချောင်းတွေကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေ ထိခိုက်နေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ငမင်ဒေသဟာ တောင်တွင်းကြီးမြို့ အရှေ့ဘက် ၁၀ မိုင်အကွာ ပဲခူးရိုးမ တောင်ခြေအနီးမှာ တည်ရှိပြီး ဒေသခံတွေဟာ တောင်တွင်းကြီးမြို့နဲ့ ဆက်သွယ်သွားလာဖို့ဆိုရင် မိုးတွင်းအခါ ရေစီးသန်တဲ့ ငမင်ချောင်းနဲ့ ပိတ်စွယ်ခုံချောင်းစတဲ့ တောင်ကျချောင်းတွေကို ဖြတ်သန်းရပါတယ်။
ဒေသအတွင်းက တရွာနဲ့တရွာ ကူးသန်းသွားလာမှုအပြင် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာမှာပါ ချောင်းကူးတံတား မရှိတဲ့အခါ တောင်ကျချောင်းတွေရဲ့ ရေအခြေအနေကိုကြည့်ပြီးတော့ ဖြတ်သန်းသွားလာ နေရပါတယ်။
တောင်ကျချောင်းလေးတွေရဲ့ အကျယ်အဝန်းဟာ ပေ ၅၀ ခန့်လောက်သာရှိပေမယ့် အရှေ့ဘက်မှာ မိုးတွေညို လာတဲ့အခါပဲ ဖြစ်ဖြစ်၊ အရင်နေ့တွေက မိုးရွာထားရင်ပဲ ဖြစ်ဖြစ် ဒေသခံတွေဟာ အဲဒီတောင်ကျချောင်းတွေကို ဖြတ်ရဲသူမရှိသလို ချောင်းနားတဝိုက် ဘယ်သူမှ မသွားရဲကြတော့ပါဘူး။ ရေကျချိန်အထိ စောင့်ဆိုင်းရလို့ ဒေသခံတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စတွေ နစ်နာဆုံးရှုံးကြရပါတယ်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ သွားလာရေးခက်ခဲတဲ့ဒေသတွေမှာ ပညာရေးဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေအနေနဲ့ ဒေါ်လင်းစန္ဒာလို အဖြစ်မျိုး မကြုံတွေ့စေဖို့၊ ဘေးအန္တရယ် ကင်းရှင်းစေဖို့ ဆန္ဒပြုကြောင်း ကွယ်လွန်သွားတဲ့ ဒေါ်လင်းစန္ဒာရဲ့ဖခင် ဦးခင်မောင်သိန်းက သူ့သမီးရဲ့ ကျောင်းဝတ်စုံနဲ့ ဓာတ်ပုံကို ပြန်ကြည့်ရင်း ပြောပြပါတယ်။
“သမီးလေး ကျောင်းသွားတော့ ကျနော်က ယာထဲမှာ။ အထက်ဘက်က မိုးတွေညို့နေလို့ ကျောင်းမသွားရင် ကောင်းမယ်လို့ တွေးနေတာ။ စိတ်ထဲထင့်နေလို့ ဖုန်းခေါ်တော့ ဆက်သွယ်မှုပြင်ပ ရောက်နေပြီ။ ခဏနေတော့ သူ့ဦးလေးက ငိုသံကြီးနဲ့ သမီးလေး တောင်ကျရေနဲ့ မျောသွားပြီးဆိုပြီး ဖုန်းဆက်တော့တာပဲ။ ဒီအရပ် ဒီဒေသမှာတော့ ရာသီဥတု အခြေအနေကို ကြည့်ပြီးတော့မှ သွားရလာရတာ။ ချောင်းကူး တံတားလေးတွေသာရှိခဲ့ရင် ဒါမျိုးအဖြစ်ဆိုးနဲ့ ဘယ်ကြုံတွေ့ရမလဲဗျာ။ ဒါမျိုးအဖြစ်ဆိုးနဲ့ ပညာရေးဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံတွေ မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ဦးခင်မောင်သိန်းက ပြောပြပါတယ်။
ဆရာမ ဒေါ်လင်းစန္ဒာရဲ့ အလောင်းကို ခဲရာခဲဆစ်နဲ့ ငမင်ချောင်းကို ဖြတ်သယ်ဖို့ ကြိုးစားနေတဲ့အချိန် သြဂုတ်လ ၂၈ ရက်နေ့မှာလည်း ချိုင်းရွာနားက ငမင်ချောင်းစပ်မှာ နွားကျောင်းရင်း ကမ်းပါးပြိုကျလို့ အသက် ၅၂ နှစ် အရွယ် ချိုင်းရွာသား ဦးတင်မြင့် တယောက်လည်း ရေမျောကွယ်လွန်ခဲ့ရပါတယ်။
“မှတ်မှတ်ရရ ဆရာမလေး အလောင်း ပြန်သယ်လာတဲ့နေ့က အထက်ဘက်မှာ မိုးမရွာဘူး။ ဒါပေမယ့် ငမင်ဆည်က ရေတွေ ဖောက်ချတာရော၊ မနေ့က မိုးရွာထားတဲ့အရှိန်ကြောင့် ချောင်းရေက တော်တော်စီးနေတာ။ သူက ချောင်းစပ်နားမှာ နွားကျောင်းနေတာ ရုတ်တရက် ကမ်းပြိုပြီး မျောပါသွားတာ။ ကျနော်တို့ ဝါးလုံးတွေနဲ့ လိုက်ဆယ်တယ်။ ၂ ခေါက်ပဲပေါ်ပြီး ပေါ်မလာတော့ဘူး။ သူပြုတ်ကျတာရော အစအဆုံး မြင်တယ်။ ဘယ်သူမှ ဆင်းမဆယ်ရဲဘူး၊ ဆင်းဆယ်တဲ့ လူသေမှာပဲ။ ကိုတင်မြင့်က ဒီနားတဝိုက်က ရွာတွေက ရေကူးဘုရင်လို့ တောင်ခေါ်တာ။ ခါတိုင်း ချောင်းရေစီးလို့ ဖြတ်မကူးရဲရင်တောင် ကူးချင်တဲ့လူတွေကို သူကတွဲခေါ်ပြီး ကူညီပေးတဲ့လူဗျ” လို့ ချိုင်းရွာသား ကိုဝတုတ်က သူမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ပြန်ပြောပါတယ်။
စီးပွားရေးအရ ဆိုရင်လည်း ဒေသခံတောင်သူတွေရဲ့ ယာတောတွေဟာ တောင်ကျချောင်းတွေရဲ့ တဘက်မှာရှိနေတဲ့ အတွက် မိုးဦးကျချိန် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တောင်ကျချောင်းတွေကို မဖြစ်မနေ ဖြတ်ရပါတယ်။ ယာတောသွားတဲ့အချိန် တောင်ကျရေ မစီးပေမယ့် ယာတောပြန်တဲ့ အချိန်တွေမှာ တောင်ကျရေစီးတာနဲ့ ကြံုရင်တော့ ယာတောတွေ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာသာ တည်းခိုပြီး ရေပြန်ကျသွားတဲ့အချိန်အထိ စောင့်ရပါတယ်။
“ယာတောပြန်တဲ့အချိန် တောင်ကျရေ စီးပြီဆို ဘယ်သူမှ ဖြတ်မကူးရဲတော့ဘူး။ အဲဒါကို ကျနော်တို့ဒေသအခေါ် ရေမိတယ်လို့ ခေါ်တယ်။ အဲဒါဆိုရင်တော့ ယာတောတွေနားမှာ ဘုန်းကြီးကျောင်း ၂ ကျောင်းရှိတယ်၊ အဲဒီမှာ ချက်ပြုတ်စား တည်းခိုရတော့တာပဲ။ ရေပြန်ကျဖို့ကတော့ ၂ ညအိပ် ၃ ရက်လောက် စောင့်ရတယ်။ မိုးမပြတ်ရင်တော့ ၁ ပတ်၊ ၂ ပတ်လောက် ဖြစ်ချင်လည်း ဖြစ်သွားတက်တယ်” လို့ ချိုင်းရွာက ဒေသခံ ကိုမျိုးမြင့်က ပြောပါတယ်။
ချောင်းကူးတံတား မရှိတဲ့အတွက် ရေမိတဲ့သူတွေဟာ ရေပြန်ကျချိန်အထိ တဖက်ကမ်းမှာ စောင့်အိပ်ပြီးမှ ရေပြန်ကျတော့မှသာ အိမ်ပြန်ကျရပါတယ်။
“ဘုန်းကြီးကျောင်းတွေမှာ ရေမိတဲ့လူတွေ စားဖို့အတွက်ဆိုပြီး အောင်းစုရွာက အလှူရှင်တဦးက ဆန်တွေစားစရာတွေကို နှစ်တိုင်း ကြိုတင်ပြီး လှူပေးထားတာရှိတော့ အဲဒီဟာတွေ ချက်ပြုတ်စားကြတာပေါ့။ ချောင်းတွေကို ဖြတ်ကူးဖို့ တံတားမရှိတော့ ဒီလိုပဲ ကျနော်တို့တွေ နေလာခဲ့တာ အတော်ကြာပါပြီ” လို့ ကိုမျိုးမြင့်က ပြောပြပါတယ်။
တောင်တွင်းကြီးမြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိနေပေမယ့် လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကကျတဲ့ တံတားတွေ မရှိတဲ့အခါ အရေးပေါ် ကျန်းမာရေးကုသဖို့ သွားရေးလာရေးအတွက် အခက်အခဲတွေရှိပြီး ကျေးရွာတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်း တချို့လည်း လာရောက် လုပ်ကိုင်လိုစိတ် မရှိတာတွေ ကြုံတွေ့ရသလို ချောင်းကူး၊ မြောင်းကူး ပညာသင်ကြားနေရတဲ့ ကျောင်သူ၊ ကျောင်းသားတွေ အတွက်လည်း ပညာရေးနဲ့ ပတ်သက်ပြီး ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ အခြေအနေတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ ငမင်ဒေသတဝိုက်မှာ နာမည်ကြီးတဲ့ ငမင်ချောင်းဟာ လယ်မြေဧက ၄ သောင်းကျော်ကို ရေပေးဝေနိုင်ဖို့ ၁၉၉၉ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ ငမင်ဆည်မှာ အဖျားခံစီးဆင်းကာ အဲဒီချောင်းအတွင်းကို ပဲခူးရိုးမ တောင်ကျချောင်းတွေကလည်း စီးဝင်ပြီး မိုင် ၁၅ မိုင်ကျော် ရှည်လျားပါတယ်။
ငမင်ချောင်းရဲ့ တဘက်တချက်မှာ ငမင်၊ ကျောက္ကာ၊ အောင်းစု၊ ပိန္နဲပင်၊ ရွာသာရွာ၊ ချိုင်း၊ ညောင်နီပင်၊ ပန်းတော်ကွက်၊ ပိတ်ဆွယ်ခုံ စတဲ့ကျေးရွာပေါင်း ၂၀ နီးပါးရှိပြီး ငမင်ရွာနဲ့ ထုံးတောင်တောရ ဘုန်းကြီးကျောင်းကို ဆက်သွယ်ထားတဲ့ ၂၀၁၃ ခုနှစ်က တည်ဆောက်ခဲ့တဲ့ တခုတည်းသော ကိုယ်ထူကိုယ်ထ တံတားဟာလည်း လွန်ခဲ့တဲ့ ၂ လခန့်က ရေတိုက်စားလို့ ပျက်ဆီးခဲ့ရပြီး အခုဆိုရင်တော့ ငမင်ချောင်းမှာ တံတားတစင်းမှ မရှိတော့ပါဘူး။
“ဒေသခံလူထုတွေ အဓိက ဒုက္ခရောက်ကြတာက တံတားမရှိတဲ့ ပြဿနာပါ။ ချောင်းကလည်း အရမ်းကြီး ကျယ်တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒူးလောက်ဆို ဘယ်သူမှ မဖြတ်ရဲဘူး။ ဒီငမင်ချောင်းတလျှောက် ရွာတွေက မနည်းဘူး တောင်ကျချောင်းရေက အန္တရာယ်ရှိမှန်း သိပေမယ့် တရွာမှ တံတားမရှိဘူး။ အဲဒီလို အန္တရာယ်မဖြစ်အောင် နေပြန်တော့ လုပ်ငန်းလုပ်ရတာ ကြာတာပေါ့။ အစိုးရအနေနဲ့ တံတားလေး ဆောက်ပေးဖို့ လိုနေပါပြီ” လို့ ချိုင်းရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရွာပေါင်း ၂၀ နီးပါးက ဒေသခံသောင်းချီက အန္တရာယ်များတဲ့ တောင်ကျချောင်းတွေမှာ ချောင်းကူးတံတားတွေ တည်ဆောက်ပေးဖို့ NLD အစိုးရဆီက မျှော်လင့်နေကြပါတယ်။ ချောင်းကူးတံတားတွေ မရှိသရွေ့တော့ ဒေသခံတွေဟာ တောင်ကျချောင်းတွေကို အသက်လု ဖြတ်သန်းသွားလာနေရဦးမှာပဲ ဖြစ်ပါတယ်။ ။









