• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်ချိုချို (သို့မဟုတ်) ၁၀ ဦးမြောက် သမ္မတ ကတော်

by ဆလိုင်းသန့်စင် & မိုးမိုး
3 May 2018
in ဆောင်းပါး
A A
သမ္မတကတော် ဒေါ်ချိုချို  / ထက်နိုင်ဇော် / ဧရာဝတီ

သမ္မတကတော် ဒေါ်ချိုချို / ထက်နိုင်ဇော် / ဧရာဝတီ

28.6k
VIEWS
Share on FacebookShare on Twitter

 

တဝုန်းဝုန်း ရိုက်ခတ်နေသည့် လှိုင်းများကြောင့် စက်လှေပေါ် ပါလာသူ အများစု သွေးပျက် ထိတ်လန့် နေကြသည်။ စက်လှေကသေးငယ်သော်လည်း လိုက်ပါသူ များနေသည်မို့ လှိုင်းကကြမ်းသည့်အတွက် မတော်တဆ ပင်လယ်ထဲ စက်လှေမှောက်သွားခဲ့လျှင်ဟူသည့် အတွေးက စက်လှေပေါ်လိုက်ပါလာသူ အများစုကို ခြောက်လှန့်နေခဲ့သည်။

လှေပေါ်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးဆင်းရန် ခရီးထွက် လာကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်နှင့်အဖွဲ့ လိုက်ပါလာပြီး ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေ အနီးရှိ ဘင်္ဂလား ပင်လယ်အော်အတွင်း ခရီးနှင်နေကြခြင်း ဖြစ်သည်။

လူငယ်အများစုက အမေချိုဟု ချစ်စနိုးခေါ်ကြသည့် ဒေါ်ချိုချိုကတော့ သူ့ခင်ပွန်း ဦးဝင်းမြင့် အနားမှာထိုင်လျှက် လှိုင်းတဖွေးဖွေးဖြင့် ပင်လယ်ပြင်ခရီးကို အကြောက်အလန့်မရှိ လိုက်ပါလာခဲ့သည်။

“ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ ရွှေသောင်ယံ သဘော့ကန်ရွာကနေ စက်လှေနဲ့ ဘောမိရွာကို သွားတာ။ ပင်လယ်ထဲလည်း ရောက်ရော လှိုင်းကကြီးသထက် ကြီးလာတော့ လူတော်တော် များများက လန့်ကုန်ကြတယ်။ အဲဒါနဲ့ ဘုရားတရား တပြီးသွားလိုက်တာ ကမ်းကိုကပ်မှ အကုန်လုံး သက်ပြင်း ချနိုင်တော့တယ်။ ဒေါ်ချိုချိုကတော့ အဲဒီလိုခရီးတွေလည်း ဦးဝင်းမြင့်နောက်က လိုက်တာပဲ” ဟု ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလက အတွေ့အကြုံကို ပြန်ပြောပြသည်။

သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့မြင်ရစဉ် (ဓာတ်ပုံ- သမ္မတရုံး)

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်သည့် သမ္မတ ဦးဝင်းမြင့်က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်တလျှောက် ဇနီးဖြစ်သူ ဒေါ်ချိုချိုမှာလည်း ပင်နီအကျႌဝတ်လျှက် ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စက်လှေဖြင့်တမျိုး၊ ကားဖြင့်တဖုံ၊ ဆိုင်ကယ် တတန်၊ ခြေလျင်တတန်ဖြင့် ခင်ပွန်းဖြစ်သူ ဦးဝင်းမြင့်နှင့်အတူ မဲဆွယ်စည်းရုံးကာ လိုက်ပါခဲ့သည်။

ယခုလို နိုင်ငံရေးသမား ဦးဝင်းမြင့်နောက်သို့ ဒေါ်ချိုချို ပါရမီဖြည့်၍ လိုက်ပါခဲ့ခြင်းက ၂၀၁၂ ခုနှစ်မှ စတင်ခဲ့ခြင်း မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံအဖြစ် တနိုင်ငံလုံး တခဲနက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ၁၉၈၈ လူထုအရေးတော်ပုံတွင် ခင်ပွန်းဖြစ်သူ ဦးဝင်းမြင့် နိုင်ငံရေးသမားဘ၀ ခံယူခဲ့စဉ်ကတည်းက ဖြစ်သည်။

နောင်တချိန်တွင် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်လာမည့် ဦးဝင်းမြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ချိုချိုတို့ နှစ်ဦးစလုံး ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူနယ်သားများ ဖြစ်သည်။ သမ္မတ ဦးဝင်းမြင့်ကို ဓနုဖြူမြို့နယ် ညောင်ချောင်း ကျေးရွာတွင် အဖ ဦးထွန်းကြင်၊ အမိ ဒေါ်သန်းတို့က ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မောင်နှမ ၄ ဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်ချိုချိုကို အဖ ဦးထွန်းမင်းနှင့် အမိ ဒေါ်ဝင်းကြည်တို့က ဓနုဖြူမြို့တွင် မွေးဖွားခဲ့ပြီး တတိယမြောက် သမီးဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့မြင်ရစဉ် (ဓာတ်ပုံ- ဧရာဝတီ)

ဦးဝင်းမြင့်က လယ်သမား သားဖြစ်ပြီး ဒေါ်ချိုချိုကတော့ သပြေညိုသွေးဆေး လုပ်ငန်း၊ ဇမ္ဗူထွန်းရုပ်ရှင်ရုံ စသည့် လုပ်ငန်းကြီးများ ပိုင်ဆိုင်သည့် ဓနုဖြူမြို့၏ မြို့မျက်နှာဖုံး လူချမ်းသာ မိသားစုမှ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။

ဦးဝင်းမြင့်ရော ဒေါ်ချိုချိုပါ ဓနုဖြူမြို့ အထက်တန်းကျောင်းနှင့် ပုသိမ်မြို့ရှိ အမှတ် ၆ အထက်တန်းကျောင်း တို့တွင် အလယ်တန်းနှင့် အထက်တန်းပညာ သင်ယူခဲ့ကြပြီး ဒေါ်ချိုချိုက ဆယ်တန်းမှာပင် ပညာရေး ဆုံးခန်း တိုင်ခဲ့ကာ ဦးဝင်းမြင့်ကတော့ ၁၀ တန်းအောင်မြင်ပြီးနောက် ရန်ကုန်မြို့ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူကာ ဘူမိဗေဒဘွဲ့နှင့် ဥပဒေဘွဲ့များ ရရှိခဲ့သည်။

လူချမ်းသာ မိသားစုမှ မွေးဖွားကြီးပြင်းခဲ့သည့် သူဌေးသမီး ဒေါ်ချိုချိုအတွက် ငယ်စဉ်ဘဝက သာယာ ချောမွေ့ ခဲ့သလို အရွယ်ရောက်၍ အိမ်ထောင်ပြုမည့်အချိန်တွင်လည်း မိမိချစ်သူ ကိုဝင်းမြင့်၏ ရိုးသားမှု ကြိုးစားမှု တို့ကြောင့် မိဘများက သဘောတူ ကြည်ဖြူခဲ့ကြပြီး ဓနုဖြူမြို့မှာပင် နှစ်ဘက် မိဘများက ထိမ်းမြား လက်ထပ် ပေးခဲ့ကြသည့်အတွက် ဘဝက ပန်းခင်းလမ်းဖြစ်ခဲ့သည်။

အိမ်ထောင်ရက်သား ကျပြီးနောက် စီးပွားရေး အဆင်ပြေ ချောမွေ့သည့်အတွက် ဇနီးမောင်နှံနှစ်ဦး၏ အလှူအဖြစ် ဦးဝင်းမြင့် နေခဲ့ဖူးသည့် ပုသိမ်မြို့၊ ကုသိဋာရုံရပ်ကွက်ရှိ ဘုရားဝန်းအတွင်း ဆင်းတုတော်တဆူကို ၁၉၇၉ ခုနှစ်တွင် အသစ်ပြန်လည် မွမ်းမံ လှူဒါန်းခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် အုတ်ကျောင်းဆောင် တည်ဆောက် လှူဒါန်းခဲ့သည်။

ဦးဝင်းမြင့်မှာ ရန်ကုန်မြို့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် အထက်တန်း ရှေ့နေဘွဲ့ရခဲ့ပြီး ၁၉၈၅ ခုနှစ် တွင် တရားလွှတ်တော် ရှေ့နေအဖြစ် ရောက်ရှိခဲ့သည်။ ပညာဂုဏ်ရှိသည့် တရားလွှတ်တော် ရှေ့နေ ဦးဝင်းမြင့်နှင့် ဓနုဖြူမြို့ မျက်နှာဖုံး သူဌေးသမီး ဒေါ်ချိုချိုတို့ မိသားစုဘဝက ပျော်စရာအတိဖြင့် သာယာ ချမ်းမြေ့ခဲ့သည်။

ဓနုဖြူမြို့၊ အမှတ် ၉ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ အိမ်အမှတ် ၁၄ တွင် နေထိုင်ရင်း သားသမီး ၂ ဦး ရသည်အထိ သာယာဖြောင့်ဖြူးခဲ့သည့် ဒေါ်ချိုချိုတို့မိသားစု ဘဝခရီးလမ်းမှာ ၁၉၈၈ လူထုအရေးတော်ပုံကြီး တွင် ဦးဝင်းမြင့် ပါဝင်လှုပ်ရှားစဉ် အချိန်မှစတင်၍ ခက်ခဲကြမ်းတမ်းခဲ့တော့သည်။ ဦးဝင်းမြင့်မှာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံတွင် ဓနုဖြူမြို့ခံများနှင့်အတူ နိုင်ငံရေး လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ထောင်ကျခဲ့ပြီးနောက် ပြန်လွတ်လာချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ် လောင်းအဖြစ် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

“ဓနုဖြူမှာ ဦးဝင်းမြင့် ပြိုင်ရတာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဗိုလ်ချုပ် လှဦးနဲ့ ပြိုင်ရတာ။ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။ ဒေါ်ချိုချိုကတော့ သူ့ယောက်ျား နိုင်ငံရေးလုပ်တာကို လိုလိုလားလားပဲ ခွင့်ပြုတယ်။ နောက်ကနေ ကူညီဖြည့်ဆည်းပေးခဲ့တယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့တွေကို ထမင်းဒိုင်ခံ ချက်ကျွေး၊ ရွေးကောက်ပွဲ လက်ကမ်းစာစောင်တွေပါ ကိုယ်တိုင် ခေါက်ပေးတာတွေအထိ လုပ်ပေးခဲ့တာ” ဟု ၁၉၉၀ ပြည့်နှစ်က အခြေအနေများကို ဓနုဖြူမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းထွေးက ပြန်ပြောပြသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
812
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
615

ဦးဝင်းမြင့်မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ဓနုဖြူ မဲဆန္ဒနယ်၌ ထောက်ခံမဲ အရေအတွက် ၂၀၃၈၈ (မဲပေးသူအားလုံး၏ ၅၆ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရရာ မဲပေးခဲ့သူ ဓနုဖြူနယ်သားများရော၊ ဒေါ်ချိုချိုတို့ပါ ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြသည်။

သို့သော် အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရက ၁၉၉၀
ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုခဲ့သည့်အပြင် လွှတ်တော်အမတ်များကို အကြောင်းအမျိုးမျိုးရှာ ဖမ်းဆီး ထောင်ချ မှုများ၊ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်မရအောင် အာဏာသုံး၍ ပိတ်ပင် တားဆီးမှုများ ပြုလုပ်ခဲ့သည်။

“ဦးဝင်းမြင့်က ၁၉၉၀ ရွေးကောက်ပွဲနိုင်ပြီးတော့ ဓနုဖြူမှာ ရှေ့နေ ဆက်လုပ်တယ်။ ဒါပေမယ့် ငှားမယ့်လူ မရှိတော့ဘူး။ သူ့ကိုငှားရင် အမှုသည်က ကျိန်းသေထောင်ကျမယ့် ပုံစံမျိုး အာဏာပိုင်တွေက သတင်း လွှင့်ထားတော့ ဘယ်သူမှ မငှားရဲတော့ဘူး။ အဲဒီတော့ အိမ်မှာ ဝင်ငွေမရှိ၊ စီးပွားရေးတွေကျ ဖြစ်လာတာပေါ့” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် ဓနုဖြူမြို့နယ်၏ အောင်နိုင်ရေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးစန်းထွေးက အတိတ်က အဖြစ်အပျက်များကို ပြန်ပြောပြသည်။

နဝတ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၊ အာဏာလွှဲပြောင်း မပေးဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၎င်းတို့ဦးဆောင် ရေးဆွဲမည်ဟုဆိုကာ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့တွင် အမျိုးသားညီလာခံ ခေါ်ယူ ကျင်းပခဲ့သည်။ ဦးဝင်းမြင့်မှာလည်း NLD အမတ်တဦးအနေဖြင့် အမျိုးသားညီလာခံ တက်ရောက်ရန် မိသားစုလိုက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။

နိုင်ငံရေးသမားများကို ဒုက္ခပေးရန် အမြဲကြိုးစားနေသည့် စစ်အစိုးရက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့သည့် ဦးဝင်းမြင့်၊ ဒေါ်ချိုချိုတို့ မိသားစုကို အချိန်ပြည့် စောင့်ကြည့်နေခဲ့ပြီး ပုသိမ်မြို့၊ ကုသိဋာရုံရပ်ကွက်တွင် နေထိုင်သည့် ဦးဝင်းမြင့်၏ မိခင်နှင့် အစ်မများဆီ ပြန်ချိန်၊ ဧရာဝတီတိုင်းသို့ စည်းရုံးရေးဆင်းချိန်များတွင်လည်း စစ်အစိုးရက အမြဲစောင့်ကြည့်ခဲ့သည်။

“ပုသိမ်အိမ်ကို ပြန်လာချိန်ဆို အစ်ကိုကြီး (ဦးဝင်းမြင့်) မိသားစုကို စစ်ထောက်လှမ်းရေးက ၂၄ နာရီမပြတ် စောင့်ကြည့်နေတာ။ မချို ဈေးသွားလည်း နောက်ကလိုက်၊ အပြင်သွားလည်းလိုက်၊ လိုင်းကားနဲ့ ပြန်ချိန် ဆိုလည်း နောက်က တောက်လျှောက်လိုက်ပြီး ဘယ်သူနဲ့တွေ့သလဲ၊ ဘာတွေလုပ်သလဲ စောင့်ကြည့်ခဲ့တာ” ဟု သမ္မတ ဦးဝင်းမြင့်နှင့် အိမ်နီးချင်းဖြစ်ခဲ့ဖူးသူ ကုသိဋာရုံရပ်ကွက်မှ ဒေါ်လှလှဌေးက ပြောပြသည်။

ရန်ကုန်မြို့တွင် စတင်အခြေချချိန်တွင်လည်း နိုင်ငံရေးသမား ဦးဝင်းမြင့်ကို အိမ်ခန်းငှားသည့် အိမ်ရှင်များအား အုပ်ချုပ်ရေး အာဏာပိုင်များက ဖိအားပေး၊ ပြဿနာရှာသည့်အတွက် အိမ်ရှင်များက လက်မခံရဲတော့ဘဲ ဖယ်ခိုင်းသည့် အတွက် မကြာခဏ အိမ်ပြောင်းရသည့်ဒုက္ခကို ဦးဝင်းမြင့်နှင့် ဒေါ်ချိုချိုတို့ မိသားစု ရင်ဆိုင်ခဲ့ရ သည်။ နောက်ပိုင်းတွင် မိတ်ဆွေတဦး၏ ကူညီစောင့်ရှောက်ပေးမှုဖြင့် ဓနုဖြူမြို့မှ တိုက်ကိုရောင်း၍ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မဂ္ဂင်လမ်းရှိ တိုက်ခန်းလေးကို ဝယ်ယူနေထိုင်နိုင်သည့် အချိန် ကျမှသာ ဒေါ်ချိုချိုတို့မိသားစု နေစရာအိမ် အတည်တကျ ရခဲ့သည်။

ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပြီးနောက် ဓနုဖြူအမတ် ဦးဝင်းမြင့်ကို စစ်ထောက်လှမ်းရေးအဖွဲ့က ရဲမွန်တပ်စခန်းတွင် ဒုတိယအကြိမ် ထိန်းသိမ်းထားချိန်တွင် သားဖြစ်သူ မောင်သန်းဝင်းထိုက်မှာ တိုက်ဖိုက် (အူရောင်ငန်းဖျား) ရောဂါဖြင့် အသည်းအသန် နာမကျန်းဖြစ်ပွားနေသည့်အတွက် ဒေါ်ချိုချိုတယောက် သောကရတက်မီး ပွေခဲ့ရသည်။ ရောဂါပြင်းထန်သဖြင့် တဦးတည်းသောသား၊ အငယ်ဆုံးသားထွေး မောင်သန်းဝင်းထိုက်မှာ အသက် ၁၆ နှစ်အရွယ်တွင် ကွယ်လွန်ဆုံးပါးခဲ့သဖြင့် ဒေါ်ချိုချိုတယောက် ဖြေမဆည်နိုင် ဖြစ်ခဲ့ရသည်။

စစ်ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားသည့် အတွက် သားဖြစ်သူ မောင်သန်းဝင်းထိုက်၏နာရေးကို ဖခင်ဖြစ်သူ ဦးဝင်းမြင့် လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိခဲ့ဘဲ ဒေါ်ချိုချိုကပင် ဦးဆောင်ကာ နာရေးအခမ်းအနားကို ဆောင်ရွက်ခဲ့ရသည်။ ရက်လည်ဆွမ်းသွတ်ချိန် ကျမှသာ စစ်အစိုးရက ဦးဝင်းမြင့်ကို ခေတ္တအိမ်ပြန်ခွင့်ပေးခဲ့ပြီး ဆွမ်းသွတ်ပြီးသည့်နောက် ရဲမွန်တပ်စခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

“ဒေါ်ချိုချိုက နိုင်ငံရေးသမား တယောက်ရဲ့ မိန်းမပီသတယ်လို့ ပြောလို့ရတယ်။ သူ့ယောက်ျားကို တချိန်လုံး ပါရမီဖြည့်ခဲ့တဲ့ အမျိုးသမီးတယောက်လည်း ဖြစ်တယ်။ ဦးဝင်းမြင့်် ချုပ်နှောင်ခံရစဉ်မှာလည်း သူ့သားဆုံးတော့ ပြန်ထွက်မလာနိုင်တဲ့ အခြေအနေမှာ သူသတ္တိရှိရှိ ရင်ဆိုင်ခဲ့တယ်” ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပြသည်။

ဦးဝင်းမြင့် ထောင်က ပြန်လွတ်လာပြီးနောက် အလုပ်မရှိ၊ ဝင်ငွေမရှိသည့် အနေအထားတွင် ဒေါ်ချိုချို တယောက် ရှိသည့် လက်ဝတ်လက်စား ရတနာပစ္စည်းများ ထုခွဲရောင်းချ၍ နေအိမ် စားဝတ်နေရေးကို ခြိုးခြံချွေတာ စီမံခဲ့ပြီး သမီးဖြစ်သူ မဖြူဖြူသင်း၏ ပညာရေးကိုလည်း လစ်ဟင်းမှုမရှိစေရန် ကြိုးစား ရုန်းကန် ခဲ့ရသည်။

သမီးဖြစ်သူ မဖြူဖြူသင်း ကျောင်းပြီးသည့်အချိန်တွင် ရန်ကုန်မြို့ရှိ ကုမ္ပဏီများတွင် အလုပ်လုပ်၍ မိဘများကို ရှာဖွေ ကျွေးမွေးခဲ့သော်လည်း စစ်အစိုးရက ဖခင်ဖြစ်သူ နိုင်ငံရေးသမား ဦးဝင်းမြင့်ကို ဒုက္ခပေးခဲ့ရုံမက သမီး ဖြစ်သူကိုပါ အလွတ်မပေးဘဲ ထပ်မံ၍ ဒုက္ခပေးခဲ့သည်။

“ဦးဝင်းမြင့်သမီးက ကုမ္ပဏီတွေမှာ အလုပ်လုပ်တော့ အဲဒီကုမ္ပဏီတွေကို အလုပ်ထုတ်ပစ်အောင် လိုက်ပြီး ဖိအား ပေးတယ်။ ဖြူဖြူသင်းဆိုရင် ရုံးသွားလို့ရှိရင် လိုင်းကားကိုတည့်တည့် မစီးရဲဘူး။ ဟိုကွေ့ ဒီရှောင်နဲ့ လိုင်းကား သုံးလေးဆင့်ပြောင်းစီးပြီးမှ ရုံးသွားရတယ်။ ကြာရှည်ကျတော့ သူလည်း မြန်မာပြည်မှာ ဆက်နေလို့ မရတော့ဘူးဆိုပြီး စင်ကာပူကိုထွက်ပြီး အလုပ်လုပ်၊ ပိုက်ဆံရှာပြီး မိဘကို လုပ်ကျွေးတာ” ဟု ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက ပြောပြသည်။

ဦးဝင်းမြင့်တယောက် ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် ပါတီတာဝန်များ ထမ်းဆောင်ရင်း ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။ လွှတ်တော်တက်ရန် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာသို့ ဦးဝင်းမြင့် ပြောင်းရွှေ့နေထိုင်ချိန်တွင်လည်း ဒေါ်ချိုချိုတယောက် နေပြည်တော်သို့ လိုက်ပါနေထိုင်ရင်း ခင်ပွန်း ဖြစ်သူ၏ နိုင်ငံရေး ရည်မှန်းချက်အတွက် ပါရမီဖြည့်ပေးခဲ့ပြန်သည်။

“စည်ပင်ရိပ်သာမှာ ဦးဝင်းမြင့်နဲ့အတူတူ လိုက်နေပြီးတေ့ာ ပါရမီဖြည့်ပေးချိန်မှာလည်း သူ့ဘေးပတ်လည်က လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရင် လူလွတ်တွေလည်းပါတယ်။ သူတို့က ကိုယ်တိုင်ချက်ပြုတ် မစားနိုင်တော့ အမြဲတမ်းလိုပဲ ချက်ပြုတ်ကျွေးမွေးတယ်။ သူ့မှာ ရှိတာလေးတွေ ခေါ်ပေးတယ်။ အဲဒီမှာ နေတဲ့သူ အများစုက သူ့ကို ချစ်ခင်ကြတယ်။ မချိုက စိတ်ဓာတ်ရေးရာပိုင်းမှာ တော်တော်လေး ကောင်းတယ် ပြောလို့ရတယ်။ နှမြောတယ် ဆိုတာလည်း မရှိဘူး” ဟု ဒေါ်ချိုချို၏ စိတ်နေစိတ်ထားကို ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ပြောပြသည်။

သူရဦးရွှေမန်းဦးဆောင်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းတွင် ဦးဝင်းမြင့်မှာ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနော က်၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲယှဉ်ပြိုင် အနိုင်ရခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

“အန်ကယ် ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီးတော့ အမေချိုနဲ့အတူတူ ၂၀၁၇ ထဲမှာ ပုသိမ်ကို ပြန်လာရင်း ကုသိဋာရုံထဲက အိမ်ကို ခဏဝင်လာတယ်။ ကျနော်တို့ကိုတွေ့တော့ အန်ကယ်ရော၊ အမေချိုရော ကျနော်တို့ကို အရင်အတိုင်း ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ သူတို့ကို နိုင်ငံတော်လူကြီး ဖြစ်သွားလို့ အရင်လို မခေါ်ရဲတဲ့ ရပ်ကွက်ထဲက လူတွေကိုတောင် နင်တို့အဲဒီလို မလုပ်နဲ့။ ငါတို့ကို အရင်လိုပဲ ဆက်ဆံဆိုပြီး ပြောတယ်။ အမေချိုကတော့ လူကြီးကတော် ဖြစ်သွားလည်း စိတ်ဓာတ်ကတော့ အရင်အတိုင်းပဲ” ဟု ကုသိဋာရုံ ရပ်ကွက်မှ NLD လူငယ်အဖွဲ့ဝင် ကိုအောင်မင်းထိုက်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှာ ၂၀၁၈ မတ်လ ၂၁ ရက်နေ့က ရာထူးမှ နုတ်ထွက်ခဲ့ချိန်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတ ရာထူး ပေးအပ်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီက ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော် အသီးသီး၌ အဆင့်ဆင့် ရွေးကောက်တင်မြှောက်မှုများ ပြုလုပ်ခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ဦးဝင်းမြင့်ကို တင်မြှောက်ခဲ့ကြသည်။

“အစ်ကိုကြီး (သမ္မတ ဦးဝင်းမြင့်) နဲ့ မချို (ဒေါ်ချိုချို) ကို နိုင်ငံတော်သမ္မတနဲ့ သမ္မတကတော်အဖြစ် မြင်ရတော့ ကျမတို့မှာ အရမ်းလည်း ဝမ်းသာသလို၊ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် ယောက်ျားရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေကို ကူညီပေးရင်း နှစ်ပေါင်းများစွာ ဒုက္ခတွေခါးစည်းခံခဲ့တဲ့ မချိုအတွက် ပိုပြီးဝမ်းသာမိတယ်။ တိုင်းပြည်အပေါ် ထားတဲ့ စိတ်ကောင်းစေတနာက သူကို ပြန်အကျိုးပေးတယ်လို့ပဲ ယူဆပါတယ်” ဟု သမ္မတ ဦးဝင်းမြင့် နေထိုင်ခဲ့ဖူးသည့် ပုသိမ်မြို့၊ ကုသိဋာရုံ ရပ်ကွက်မှ အိမ်နီးချင်း ဒေါ်လှလှဌေးက ဂုဏ်ယူ ဝမ်းမြောက်သည့် အသံဖြင့် ပြောပြသည်။

သမ္မတကတော် ဒေါ်ချိုချိုက ပုသိမ်မြို့က အိမ်နီးချင်းများကို ပြန်တွေ့လျှင် အရင်ကလို ဆက်ဆံပါ့မလားဟု မေးကြည့်တော့ ကုသိဋာရုံရပ်ကွက်ထဲတွင် ကော်ရည်နှင့် ကိုရီးယား အသားကင်ရောင်းသည့် ဒေါ်လှလှဌေးက တခွန်းတည်း ပြန်ဖြေခဲ့သည်။

“မချိုက ကျမတို့ကို အရင်အတိုင်းပဲ ဆက်ဆံမယ်လို့ ယုံတယ်။ သူက ဘဝမေ့တဲ့ လူစားမျိုး မဟုတ်ဘူး” ဟု ပြတ်သားသည့် လေသံဖြင့် ပြောခြင်း ဖြစ်သည်။

Your Thoughts …
Tags: ဒေါ်ချိုချို (သို့မဟုတ်) ၁၀ ဦးမြောက် သမ္မတ ကတော်
ဆလိုင်းသန့်စင် & မိုးမိုး

ဆလိုင်းသန့်စင် & မိုးမိုး

Similar Picks:

No Content Available
Next Post
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရခိုင်မြောက်ပိုင်းအရေး အေးဆေးစွာ ပြေလည်ပြီးဆုံးသွားမည့်ပုံ မပေါ်

မြန်မာ့ ပြုပြင်ပြောင်းလဲရေး သက်လုံကောင်းရဲ့လား

မတော်တဆ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ ဖန်တီးထားတဲ့ Suzuki Hayabusa မော်ဒယ်သစ်

မတော်တဆ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ ဖန်တီးထားတဲ့ Suzuki Hayabusa မော်ဒယ်သစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved