အီရတ်ရှိ တပ်ပေါင်းစုတပ်များ၏ တပ်မှူးအနေဖြင့် ဗိုလ်ချုပ် ဝေါ်တာ ပီအက်စ်သည် ခေတ်သစ်လက်နက်များနှင့် နည်းပညာဖြင့် ထုတ်လုပ်သော အချက်အလက်များ အသုံးပြုကာ ရန်သူများကို သဲသဲမဲမဲ လိုက်လံ တိုက်ခိုက် ခြင်းနှင့် မျိုးနွယ်စု ခေါင်းဆောင်များဖြင့် သိမ်မွေ့သော သံတမန် ဆက်ဆံရေးကို တလှည့်စီ သုံးခဲ့သည်။
သို့သော် သူ၏ အကောင်းဆုံး ဆုံးဖြတ်ချက်များသည် ရှေးကျသလောက် စွမ်းအား ကြီးလှသော ကိရိယာ တခုအပေါ် မူတည်နေကြောင်း သူပြောသည်။ ဗိုလ်ချုပ် ပီအက်စ်သည် ပေပင်တပင်ကို မှန်မှန်စိုက်ကြည့်ရင်း ပါးစပ်ကိုဖွင့်ကာ အသက်ရှူမှတ်သော နည်းလမ်းဖြင့် နေ့စဉ် စစ်ဆင်ရေးများကို စတင်သည်။
စိတ်ကိုရှုမှတ်သောနည်း – အာရုံစူးစိုက်မှု ရရှိရန်နှင့် စိတ်ပျံ့လွှင့်မှုကို လျှော့ချရန် ဝိပဿနာ တရားထိုင်ခြင်းနှင့် တူသည့် အသက်ရှူသော နည်းလမ်းကို အမေရိကန်နှင့် အခြားအနည်းငယ်သော နိုင်ငံများ၏ တပ်မတော်များ စတင် အသုံးပြုနေပြီဖြစ်သည်။
ယခုနှစ်ဆောင်းရာသီတွင် ဟာဝိုင်အီရှိ ရှိုဖီး စစ်တန်းလျားမှ ခြေလျှင် စစ်သား များသည် ၎င်းတို့၏ ပစ်ခတ်ရေး စွမ်းရည်များ တိုးတက်ရေးအတွက် စိတ်ကို ရှုမှတ်သောနည်းကို စတင် အသုံးပြုကြသည်။ ဥပမာဆိုရပါက မလိုအပ်သော အရပ်သားထိခိုက်မှုကို ရှောင်ရှားရန် ရုတ်ရုတ်သဲသဲ ကာလအတွင်း မည်သည့် အချိန်တွင် သေနတ်မောင်း ဆွဲရမည်ကို အာရုံစူးစိုက်ခြင်း ဖြစ်သည်။
ဗြိတိန် တော်ဝင်ရေတပ်သည် စိတ်ရှုမှတ်သည့် နည်းကို အရာရှိများအား သင်တန်း ပေးနေပြီး စစ်ခေါင်းဆောင် များသည် ထိုအစီအစဉ်မျိုးကို ကြည်းတပ်နှင့် တော်ဝင်လေတပ်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်များအတွက် ပြုလုပ်ပေး နေကြသည်။ နယူးဇီလန် ကာကွယ်ရေး တပ်ဖွဲ့သည်လည်း ထိုနည်းလမ်းကို မကြာသေးမီက စတင် ကျင့်သုံးခဲ့ပြီး နယ်သာလန် စစ်တပ်သည် ထိုသို့သော အကြံအစည်မျိုးကို စတင်စဉ်းစား သုံးသပ်နေပြီဖြစ်သည်။
ယခုတပတ်အတွင်းတွင် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) သည် စစ်ဘက်ကို စိတ်ရှုမှတ်နည်း အသုံးပြုခြင်း၏ အထောက်အထားများကို ဆွေးနွေးရန် ၂ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။
စစ်အရာရှိများ၏ သေးငယ်သော်လည်း တိုးပွားနေသည့် အုပ်စုတစုသည် စိတ်ဒဏ်ရာရနေသော စစ်ပြန်များ ကုသရန်၊ ကွပ်ကဲမှု ဆုံးဖြတ်ချက်များ ချရန်နှင့် ဖရိုဖရဲဖြစ်နေသော စစ်ပွဲများတွင် စစ်သားများကို အထောက်အကူ ပြုရန် ထိုနည်းလမ်းများ သုံးခြင်းကို ထောက်ခံကြသည်။
“စစ်သားတွေက ကျနော့်ကို ဗိုလ်ချုပ်ကြီး သိမ်မွေ့ လို့ခေါ်ကြလား ဆိုပြီး မကြာသေးခင်ကတောင် အမေးခံခဲ့ရ သေးတယ်။ အဲဒီလို သိမ်မွေ့တယ်လို့ ယူဆစေတဲ့ မှားယွင်းတဲ့ အယူအဆတခု ရှိတယ်။ တကယ်တော့ မဟုတ်ဘူးဗျ။ ဒီနည်းကမှ အခြေအနေနဲ့ ကိုက်ညီတာဗျ” ဟု ကြည်းတပ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးနှင့် အမှတ် ၁၀ တောင်ပေါ်တပ်မ တပ်မမှူး ဗိုလ်ချုပ် ပီအက်စ်က ပြောသည်။
ထိုသို့သော စဉ်းစားချဉ်းကပ်ပုံ နည်းလမ်းများ မိုင်ယာမီ တက္ကသိုလ်မှ စိတ်ပညာ တွဲဖက်ပါမောက္ခ အမစ်ရှိ ဂျာ ၏ စာတမ်းအပေါ် အခြေခံခြင်းဖြစ်သည်။ သူသည် ဒီဇင်ဘာလက ထုတ်ဝေခဲ့သည့် အထူးတပ်ဖွဲ့ဝင်များ အကြား သင်တန်းများ ထိရောက်မှု အမည်ရှိ စာတမ်းမှ ဝါရင့် ရေးသားသူ အမျိုးသမီး တဦး ဖြစ်သည်။
ဦးနှောက်သုတေသနတွင် တိုးတက်မှုများ အမည်ရှိ ထိုစာတမ်းတွင် ဝင်သက်ထွက်သက် မှတ်သည့် စိတ်ကို မှတ်ရှုခြင်းနှင့် အာရုံစိုက်သည့် နေ့စဉ် လေ့ကျင့်ခန်းအပါအဝင် တလတာ လေ့ကျင့်ရေးသင်တန်း တပ်ဖွဲ့ဝင် များသည် ဖရိုဖရဲ ဖြစ်နေသော အခြေအနေတွင် အဓိက အချက်အလက် များကို ပိုမိုကောင်းမွန်စွာ ခွဲခြမ်း စိတ်ဖြာ နိုင်ပြီး လုပ်ဆောင်မှု မှတ်ဉာဏ်လုပ်ငန်းများ တိုးတက်လာသည်ကို ခံစားရသည်ဟု ဖော်ပြခဲ့သည်။ ထိုသင်တန်းသားများသည် စိတ်ကို ရှုမှတ်သည့် သင်တန်းမတက်ဖူးသည့် တပ်ဖွဲ့ဝင်များထက် သိမှုအမှား ပိုမို လျော့နည်းစွား ကျူးလွန်ကြောင်း သိရသည်။
ထိုတွေ့ရှိချက်သည် စိတ်ရှုမှတ်သည့် နည်းလမ်းကို လေ့ကျင့်ဖူးသည့် ကြေးစား ဘောလုံးသမားများနှင့် စစ်သားများအကြား တိုးတက်မှုများကို ပြသသော ယခင်သုတေသန များကို အခြေခံ ထားခြင်းဖြစ်ပြီး တစိတ်တပိုင်း အားဖြင့် ထူးခြားသော အချက်မှာ အထူးတပ်ဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ၎င်းတို့၏ အာရုံ စူးစိုက်နိုင်သော စွမ်းရည်ကြောင့် ရွေးချယ်ထားသူများ ဖြစ်သည်။ ထိုသို့သော သူများတွင်ပင် တိုးတက်မှု ရှိသည်ဟူသော အချက်သည် ထိုလေ့ကျင့်ခန်း၏ စွမ်းရည်ကို ပြသနေသည်ဟု ဒေါက်တာ ဂျာ က ပြောသည်။
“သူတို့တွေက အကောင်းဆုံး တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အခက်ခဲဆုံးကို လုပ်ဖို့ ကြိုးစားနေကြသူတွေလေ” ဟု သူက ပြောသည်။
ဒေါက်တာ ဂျာသည် အမေရိကန်ပြည်ထောင်စု ကြည်းတပ် စစ်ကောလိပ်နှင့် ဗြိတိသျှ ပါလီမန်တို့တွင် ထိုအကြောင်းကို ဟောပြောပြီး ဖြစ်ပြီး သူသည် နယူးဇီလန် ကာကွယ်ရေးတပ်များနှင့် နယ်သာလန်မှ စစ်ဘက် အရာရှိများ အတွက်လည်း အတိုင်ပင်ခံအဖြစ် လုပ်ဆောင်နေသူဖြစ်သည်။
“အထူးတပ်ဖွဲ့ဝင်တွေ တခုခုလုပ်ရင် အမေရိကန် စစ်ဘက်ကသာမက၊ တကမ္ဘာလုံးက စစ်တပ်တွေက အာရုံစိုက်ကြရတယ်” ဟုလည်း သူက ပြောသည်။
အာရုံစူးစိုက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်သော နည်းလမ်းများသည် လူသားများ၏ စွမ်းဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး ကြုံတွေ့ရသော ရုတ်တရက် ဖြစ်ပေါ်လာသော လှုပ်ရှားမှု၊ အသံ၊ ကိရိယာတခုမှ သတင်း အချက်အလက်များကို တိုက်ခိုက်မှုစသည့် ဖန်တီးထားသည့် အခြေအနေများကို အလွန်အကျွံ တုံ့ပြန်မှု ပြုနိုင်ခြေ နည်းစေကြောင်း သိပ္ပံပညာက ပြသနေသည်။
စိတ်ကို ရှုမှတ်ခြင်းနှင့် ပတ်သက်သော အာရုံကြော သိပ္ပံပညာတွင် ‘အလုပ်လုပ်သော မှတ်ဉာဏ်’ ဟု သိကြသည့် စိတ်ပိုင်းစွမ်းရည် အစိတ်အပိုင်း တခုကို ပိုမိုတောင့်တင်း ကြံ့ခိုင်စေသည်။ အလုပ်လုပ်သော မှတ်ဉာဏ် ဆိုသည်မှာ အချိန်တချိန်တွင် သတင်းအချက်အလက် အနည်းငယ်ကိုသာ ထိထိရောက်ရောက် မှတ်ယူသည်ဟု သိပ္ပံပညာရှင်များ နားလည်ထားသည့် ကာလတို အချိန်အလိုက် ပြောင်းလဲနေသည့် လုပ်ငန်းများ ဖြစ်သည်။
အလုပ်လုပ်သော မှတ်ဉာဏ်ကို များပြားသော တာဝန်များ ပေးသောအခါ ဆုံးဖြတ်ချက် များသည် ဖရိုဖရဲ ဖြစ်လာပြီး တုံ့ပြန်မှုများသည် စဉ်းစားတွေးခေါ်မှု နည်းလာသည်။ ဝင်သက်ထွက်သက် မှတ်သောကြောင့် ဖြစ်ပေါ် လာသော အာရုံစူးစိုက်မှုသည် လက်ရှိတာဝန်ကိုသာ အာရုံစိုက်စေသည်။ သို့သော် ထိုသို့ လုပ်ဆောင်နိုင်ရန် လေ့ကျင့်မှုလိုသည်။
လေးပတ်ကြာ ထိုသင်တန်းတက်သော တပ်ဖွဲ့ဝင်များသည် ထူးခြားသော တိုးတက်မှုများ ကြုံတွေ့ရပြီး နှစ်ပတ်သာ လေ့ကျင့်သော သူများတွင်မူ တိုးတက်မှု မတွေ့ရကြောင်း မကြာသေးမီက လေ့လာမှု တခုက ဆိုသည်။
စစ်ဘက်သည် စစ်သားများ၏ ဦးနှောက်တွင် ကွန်ပျူတာချစ်ပ် မှတ်ဉာဏ်များ ထည့်သွင်းခြင်း ဖြစ်နိုင်ခြေ အပါအဝင် စစ်သားများ၏ အာရုံစိုက်မှု ပိုမိုမြှင့်တင်ရန် အခြားနည်းလမ်းများကို ရှာဖွေနေစဉ် စိတ်ကိုရှုမှတ်သော သင်တန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် ထိုသို့သော ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများမှာ ငွေကုန်ကြေးကျ များပြီး နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။
စိတ်ကိုရှုမှတ်သော နည်းကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခြင်းတွင်လည်း လေ့ကျင့်ပေးမည့် သူများ ရရှိရေး အပါအဝင် စိန်ခေါ်မှုများရှိသည်ဟု အမေရိကန်ပြည်ထောင်စု ပြည်သူ့ကျန်းမာရေးဌာနမှ ပြန်တမ်းဝင်အရာရှိ တပ်မှူး ဝီလျှံ မက်နယ်တီက ပြောသည်။ သူသည် အထူးတပ်ဖွဲ့များကို စိတ်ရှုမှတ်နည်း သင်ကြားပေးခဲ့ ဖူးသည် (သင်ကြားပေးခဲ့သော တပ်ဖွဲ့နှင့် တည်နေရာမှာ လျှို့ဝှက်ချက် ဖြစ်သည်)။ ထိုအစီအစဉ်တွင် စစ်သားများသည် နေ့စဉ် ၁၅ မိနစ်ကြာမျှ မှတ်တမ်းတင် လမ်းညွှန်သည့် ဝင်သက်ထွက်သက် မှတ်သော လေ့ကျင့်ခန်း ပါဝင်သည်။
ထိုကိစ္စကို စစ်သားများ၏ ၃ ပုံ ၁ ပုံက လက်ခံကြပြီး အခြား ၃ ပုံ ၁ ပုံက စူးစမ်းလိုကြကာ၊ ကျန် ၃ ပုံ ၁ ပုံကမူ သံသယ ဝင်ကြပုံရသည်ဟု နယ်တီက ပြောသည်။
စိတ်ရှုမှတ်သည့် လေ့ကျင့်မှုအတွက် အကျိုးကျေးဇူး များသည် ဒိုက်ထိုးသူများ ရရှိသည့် အကျိုးကျေးဇူးများနှင့် တူသည်ဟု နယ်တီက ပြောသည်။
“သေနတ်နဲ့ အပြန်အလှန် ပစ်နေချိန်မှာ ရပ်ပြီး ဒိုက်ထိုးနေလို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ တိုးတက်လာတယ်။ ဒါကမှ တကယ့်စိတ်ကို ရှုမှတ်တာပဲ။ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုဟာ ရွှေ့ပြောင်း ပေးနိုင်တဲ့ ကျွမ်းကျင်မှု ဖြစ်လာတယ်” ဟုလည်း သူပြောသည်။
စိတ်ရှုမှတ်သည့် နည်းလမ်း ကျင့်သုံးရခြင်း အကြောင်းရင်းကို All Blacks အမည်ရှိ တော်ဝင်နယူးဇီလန် လေတပ် သတင်း မဂ္ဂဇင်းတွင် ရှင်းလင်း တင်ပြခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်း၏ တန်ဖိုးများကို ရည်ညွှန်းပြီး မဂ္ဂဇင်းတွင် red head/blue head တို့ အကြောင်း ပြောဆိုခဲ့သည်။ red head ဆိုသည်မှာ စိတ်ရှုပ်ထွေးနေသော အခြေအနေဖြစ်ပြီး blue head ဆိုသည်မှာ တည်ငြိမ် အာရုံစူးစိုက်ပြီး ခေါင်းရှင်းရှင်းနှင့် ဆုံးဖြတ်ချက် ချနိုင်သော အခြေအနေဖြစ်သည်။
စိတ်ရှုမှတ်ခြင်းကို အသုံးပြုခြင်းသည် စစ်သားများ၏ စိတ်ဒဏ်ရာအလွန် ဖိစီးမှုရောဂါကို ကျော်လွှားရာ တွင်လည်း အထောက်အကူ ပြုကြောင်း သုတေသနများက ပြသနေသည်။
ထိုသို့သော အခြေအနေမျိုးမှာ ဗြိတိန်နိုင်ငံမှ စစ်တပ်အတွင်း စိတ်ရှုမှတ်သောနည်း ကျင့်သုံးရေးအတွက် အဓိက ဆော်သြသူ ဖြစ်သည့် တပ်မှူး တင်ဘော့တွန်၏ အတွေ့အကြုံ ဖြစ်သည်။
ထိုးစစ်ဇုန် အများအပြားတွင် တာဝန် ထမ်းဆောင်ခဲ့သောကြောင့် ဂုဏ်ပြုခံရသော ဘော့တွန်သည် ၂၀၀၈ ခုနှစ်တွင် တပ်မှ အနားယူလိုက်သော အခါ သူသည် သူကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ် အတွေ့အကြုံ များကြောင့် အခြားသူများနှင့် စကားပြောလိုခြင်း မရှိဘဲ၊ ဒေါသကြီး နေတတ်ကြောင်း သိလိုက်ရသည်။ ထိုသို့သော ထိတ်လန့်ဖွယ် ဖြစ်ရပ်များတွင် စစ်ဇုန်များမှ လူရုပ်မပေါ်တော့သော အရပ်သား အလောင်းများ၊ အီရတ်၊ အာဖဂန်၊ ဖောက်ကလန်၊ အိုင်ယာလန်မြောက်ပိုင်း တို့တွင် ရဲဘော်ရဲဘက် ၄၈ ဦး သေဆုံးခြင်း၊ လူမျိုးစု သုတ်သင်မှုနှင့် လက်တကမ်း တိုက်ပွဲများပါဝင်သည်။
၂၀၀၈ ခုနှစ်တွင် စိတ်ကုပညာရှင်နှင့် တွေ့ဆုံသောအခါ သူ၏အတွေ့အကြုံများကို ပြောပြသောအခါ စိတ်ကု ဆရာမမှာ ချုံးပွဲချငိုသည်။ စိတ်ဒဏ်ရာ အလွန် ဖိစီးမှု ရောဂါအတွက် ကုသမှု ခံယူပြီးသောအခါ ဘော့တွန် သည် စိတ်ရှုမှတ်သော နည်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် အောက်စဖို့ တက္ကသိုလ် စိတ်ရှုမှတ်ဌာနတွင် အမှုဆောင်လူကြီး တဦးပင် ဖြစ်လာခဲ့သည်။
ယခုအခါ သူသည် သူ၏ နေ့တနေ့ကို ဝင်သက်ထွက်သက် မှတ်ခြင်း ၅ မိနစ်ဖြင့် စတင်ပြီး တနေ့တာ ကုန်ဆုံးသော အခါတွင်လည်း နောက်ထပ် ၅ မိနစ် ဝင်သက်ထွက်သက် မှတ်သည်။ စိုးရိမ်ပူပန်မှု ထိတ်လန့်မှု များနှင့် ရင်ဆိုင်ရတိုင်းလည်း ထိုနည်းကိုပင်သုံးသည်။ စိတ်ဒဏ်ရာသည် ပျောက်ကွယ်သွားခြင်း မရှိသော်လည်း ထိုဒဏ်များ၏ ခြောက်လှန့်မှုကို နေ့စဉ် ခံစားရခြင်း မရှိတော့ကြောင်း သူက ပြောသည်။ ယခုအခါ သူသည် ထိုထိတ်လန့်ဖွယ် ဖြစ်ရပ်များကို ပိုမိုတည်ငြိမ်စွာ ပြန်လည် စစ်ဆေးနိုင်ပြီဖြစ်ပြီး ထိုဖိစီးမှုကို တုံ့ပြန်ခြင်းထက် ဖြေရှင်းကာ ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။
“ဒီနည်းလမ်းက အတိတ် သို့မဟုတ် အနာဂတ်မှာ လှောင်ပိတ်မိမနေစေဘဲ ထုတ်လွှတ်ပေးလိုက်တဲ့ ဦးနှောက်စွမ်းရည်က မယုံနိုင်လောက်အောင်ပါပဲ။ စစ်ဘက်က ဒါတွေရဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကို တွေ့မြင်နေရပြီ” ဟု သူက ပြောသည်။
စိတ်ကို ရှုမှတ်သောနည်းသည် ပဋိပက္ခနှင့် ဆန့်ကျင်ဘက် ဖြစ်မဖြစ် ဘော့တွန် မသိပေ။
“စိတ်ကို ရှုမှတ်နည်းကို စစ်ပွဲတွေအတွက် ဖန်တီးထားတာ မဟုတ်ဘူးလို့ အစဉ်အလာ သမားတွေက ပြောကြလိမ့်မယ်” ဟု သူက ဆိုသည်။
သူဆိုလိုသည်မှာ စိတ်ကိုရှုမှတ်ခြင်းသည် များသောအားဖြင့် ငြိမ်းချမ်းမှုနှင့် ဆက်စပ်နေခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရခြင်းမှာ အလုပ်၏ အရှိတရားကြောင့် မေတ္တာတရားနှင့် လူသားစံနှုန်းများကို တတ်နိုင်သမျှ လိုက်နာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
ထိုအချက်ကို ဗိုလ်ချုပ်ပီအက်စ် ကလည်း ထောက်ပြပြီး အီရတ်တွင် ဒေသခံ မျိုးနွယ်စု ခေါင်းဆောင်တဦးနှင့် အစည်းအဝေးတွင် ပါဝင်သည့် သိမ်မွေ့သော သံတမန်ရေး လုပ်ငန်းတခုကို ပြန်ပြောပြသည်။ ထိုအစည်းအဝေး မတိုင်မီတွင် သူသည် ပေပင်ရှေ့တွင် စိတ်ကိုရှုမှတ်ပြီးနောက် မကြာမီ ဆွေးနွေးပွဲ စတင်သောအခါ သူသည် အာရုံစူးစိုက်မှု လွန်စွာ ကောင်းနေကြောင်း တွေ့ရသည်ဟု ဆိုသည်။
“ကျနော် ဘာမှတ်စုမှလည်း မလိုဘူး၊ သူပြောတာ အကုန်လုံးကို မှတ်မိနေတယ်။ တုံ့ပြန်ဖို့ ဘာမှ စဉ်းစားနေစရာ မလိုဘူး။ နားထောင်နေရုံပဲ။ သူလည်း ပြောပြီးသွားရော ကျနော်တချက်ခြင်း ပြန်ပြောပြတယ်။ တချို့ကိစ္စ တွေမှာ အလျှော့ပေးရတယ်။ သူ့မျက်နှာကို အခုထိ မှတ်မိနေတယ်။ သူ့မျက်နှာက “ဒီလူဟာ ငါတို့နဲ့ ပူးပေါင်း လုပ်ရမယ့် သူမျိုးပဲ” ဆိုတာမျိုးကို ဖော်ပြနေတယ်။
စိတ်ကိုရှုမှတ်ခြင်းသည် သူ့အတွက် ပိုမို ကောင်းမွန်စွာ နားလည်ခြင်းဖြင့် ပဋိပက္ခကို လျှော့ချရန် ဖြစ်စေသည်ဟု သူက ပြောသည်။
“သိမ်သိမ်မွေ့မွေ့လုပ်ကြပါလို့ ကျနော် မပြောဘူး။ တကယ် အကျိုးရှိဖို့အတွက် မေတ္တာတရားနဲ့ စာနာမှုကို ဘယ်လို သုံးနိုင်တယ် ဆိုတာကိုသာ ပြောနေတာ”
“ငြိမ်းချမ်းရေးဆိုတာ အလုပ်တွေ အရမ်းကို ပင်ပင်ပမ်းပမ်း လုပ်ဖို့လိုတယ်” ဟု သူက ပြောသည်။
(The New York Times ပါ The Latest in Military Strategy: Mindfulness ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)