ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ချီဖွေမြို့ အနီး မေခမြစ်ကမ်းစပ်တွင် အောက်ဘမ်ကျွန်းနှင့် ကဆုန့်ဘမ် ဟူသည့် ကျွန်းညီနောင်ရှိပါသည်။ တောင်ညီနောင် ဟုလည်းခေါ်ကြသည်။ ထို ကျွန်းညီနောင် အကြောင်းကို ဆရာငြိမ်းအေးအိမ်၏ ညှို့ငင်တောင် စာအုပ်မှတဆင့် သိရှိရပါသည်။ ဤကတည်းက ကျွန်းညီနောင်အကြောင်းမှာ ကျမ အတွေးထဲက ထုတ်မရတော့။
၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းတွင် သူငယ်ချင်းစက်ဘီးသမား တယောက် ရေးမြို့မှ ပန်ဝါမြို့ အထိ စက်ဘီးစီးသည့်ခရီးစဉ်မှ ပြန်ရောက်လာခဲ့သည်။ သူနှင့်တွေ့တော့ ပန်ဝါမြို့အကြောင်း၊ ချီဖွေမြို့အကြောင်း၊ မေခမြစ်အကြောင်း ပြောကြရင်း ကျွန်းညီနောင်ဆီ စကားစပ်မိသွားသည်။ သူရော ကျမရော ဒီကျွန်းညီနောင်အကြောင်းကို သိထားပြီးသား။ ဆရာငြိမ်းအေးအိမ်၏ ကျေးဇူးဟု ဆိုရပါမည်။
“အစ်မ …ကျနော်တို့သိတဲ့ကျွန်းလေး … မရှိတော့ဘူး’”
ကြားကြားရချင်း ကျမမှာ အံ့သြဝမ်းနည်းဖြစ်ရသည်။ ဒီကျွန်းညီနောင်မှာ ကျမ စိတ်ဝင်တစားရှိလှသည့် ဂေဟစနစ်နှင့် ယဉ်ကျေးမှု အဆက်အစပ် ဇာတ်ကြောင်းကို ပြောပြနိုင်သည်။ ကျွန်းမရှိရင် ကျွန်းဆီကို ခပြွန်ကောင်တွေ လာတော့မှာမဟုတ်၊ ဒါဆို သူတို့ရဲ့အော်သံကြားရတော့မှာ မဟုတ်၊ ဒီရာသီငှက်သံအပေါ် မှီတည်ထားတဲ့ ဌာနေတွေရဲ့ ရာသီလုပ်ငန်းခွင်အချိန်ဇယားလည်း ရှိတော့မှာ မဟုတ်၊ သူတို့ရဲ့ နေထိုင်မှုအလေ့အထတွေ ပြောင်းကုန်တာ၊ ဒါမှမဟုတ် နေသားကျအောင် အသစ်ကျင့်ယူရတာတွေ ရှိလာတော့မှာပေါ့ ဟု ဆက်စပ်တွေးနေမိသည်။
အဲဒီနေ့ကစ၍ ကိုယ်တိုင်ကိုယ်ကျ သွားရောက် စူးစမ်းလိုသည့်စိတ်သာ ကြီးစိုးနေတော့သည်။ ဂေဟစနစ်အပြောင်းအလဲနှင့် ယဉ်ကျေးမှုအရွေ့ အဆက်အစပ်ကို ကျမ စိတ်ဝင်စားပါသည်။ သိပ်မကြာခင်မှာပဲ အလုပ်ကိစ္စတခုနှင့် ချီဖွေမြို့ဆီ သွားဖို့ အကြောင်း တိုက်ဆိုင်လာခဲ့သည်။ မတ်လ ၂၉ ရက် (၂၀၁၉ ခုနှစ်) တွင် ချီဖွေမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိပါသည်။ ကျွန်းညီနောင်နှင့် ပတ်သတ်၍ ခရီးစဉ်အတွင်း ချီဖွေဒေသခံတချို့နှင့်သာ တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်နိုင်ခဲ့သည်။ ကျွန်းညီနောင်အကြောင်းကို သေချာစွာပြောပြနိုင်သည့် မေခမြစ်တဖက်ကမ်းရှိ ဇနောင်ယန်ရွာမှ ဒေသခံနှင့်တော့ မတွေ့ဆုံဖြစ်ခဲ့ပါ။
ရရှိခဲ့သည့် အချက်အလက်များနှင့် စာပြန်ရေးသည့်အခါ ရေးလို့မရ၊ ရေးနေရင်းပင် မရှင်းလင်းသေးသည့် အကြောင်းအရာများ ထပ်ဆင့် ပေါ်လာသည်။ ထို့အပြင် အဆိုပါခရီးစဉ်အတွင်း ကျွန်းညီနောင်နှင့် ဆက်စပ်၍ ကြားသိခဲ့ရသည့် မုတ်သုန်တော အကြောင်းကိုလည်း ကိုယ်တွေ့ မစူးစမ်းခဲ့ရသဖြင့် ဤလေ့လာမှုမှာ ပိုင်နိုင်သေချာမှုမရှိလှဟု ခံစားမိနေခဲ့သည်။ ထို့နောက် အကြောင်းတိုက်ဆိုင်စွာဖြင့် အောက်တိုဘာလ ၁၂ ရက် (၂၀၁၉ ခုနှစ်) တွင် ချီဖွေမြို့သို့ နောက်တကြိမ် ထပ်မံရောက်ရှိခဲ့သည်။
ဒုတိယ ခရီးစဉ်အတွင်း အချိန်လုံလောက်စွာ ရသဖြင့် မြစ်တဖက်ကမ်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခွင့် ရခဲ့ပါသည်။ ယခုတင်ပြချက်မှာ ကျွန်းညီနောင် (ခေါ်) တောင်ညီနောင် မှသည် မုတ်သုန်တောအထိ စူးစမ်းလေ့လာခဲ့သည့် ဖြစ်စဉ်ဖြစ်ပါသည်။ စစ်ကြောင့် မငြိမ်းချမ်းသည့် ဒေသဆီမှ ဂေဟစနစ်အခြေပျက်မှုနှင့် လူနေမှုအပြောင်းအလဲ အခြေအနေကို အဆိုပါ တောင်ညီနောင်နှင့် မုတ်သုန်တောတို့က ပြောပြကြပါလိမ့်မည်။
ရှာခဲ့တဲ့ ကျွန်းညီနောင်
မြစ်ကြီးနားမြို့မှ မေခမြစ်ကမ်းတလျှောက် ကားလမ်းအတိုင်းလာခဲ့ပြီး နန်းဦးရွာကို ကျော်ပြီးနောက် ချီဖွေမြို့ကို စဝင်ပါသည်။ ဤနေရာတွင် မေခမြစ်တဖက်ကမ်းနှင့် တစပ်ဆက်တည်း ဖြစ်နေသည့် အပြန့်ကျယ်ကျယ် သောင်ခုံဖွေးဖွေးနှင့် ကဆုန်ု့ဘမ်ကျွန်းကို မြင်ရပါပြီ။ မြင်မြင်ချင်း ဒါဟာ ကဆုန့်ဘမ်ပဲဟု သေချာစွာ သိသည်။ ဓာတ်ပုံနှင့် ဂြိုဟ်တု မြေပုံတွင် မြင်ဖူးထားသည်။ လက်တွေ့အသွင်မှာ မကွာခြား။ မို့မောက်နေသည့် သောင်ခုံပေါ်က ကျောက်သားတောင်ကမူ လေးဖြစ်သည်။ ပန်းဆီတောက်တောက်အရောင် ပန်းများက ကျောက်သားနံရံတွင် တွယ်ပေါက်နေကြသည်။ ထိုတောင်ကမူလေးအပါ်တွင် သစ်ပင်များ ကြပ်သိပ်စွာ ပေါက်ရောက်နေကြသည်။
ရှေ့ဆက်သွားသည့်အခါ မြို့အဝင်တွင် ဆီးကြိုနေသည့် ချီဖွေ-ဇနောင်ယန် ကြိုးတံတားအပျက်ကို တွေ့ရပြီ။ ထုထည်ကြီးမားလှသည့် တံတားအင်္ဂတေတိုင် ငုတ်တုတ်တွေကို မြင်ရပြီး ချီမထားစရာ ဘာမှမရှိတော့သည့် သံမဏိကြိုး နှစ်သွယ်မှာလည်း ဟင်းလင်းပြင်ထဲတွင် သူ့အတိုင်းသားရှိသည်။
၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲအပြီးတွင် မြစ်တဖက်ကမ်း ဇနောင်ယန်ရွာတွင် အခြေစိုက်သည့် ကေအိုင်အေ နယ်မြေနှင့် ချီဖွေမြို့ရှိ အစိုးရအုပ်ချုပ်ရေး နယ်မြေတို့ သီးခြားစီ ဆက်ရှိခဲ့ကြသည်။ ကမ်းတဖက်တချက်ကို ဆက်သွယ်စရာ နိုင်ငံရေးအရ မည်သည့်အကြောင်းမျှ မရှိတော့။ ကမ်းနှစ်ဖက်တွင် နေထိုင်ကြသည့်ဒေသခံများမှာ ကူးတို့လှေဖြင့် မနက် ၇ နာရီမှ ညနေ ၃ နာရီ သတ်မှတ်အချိန်အတွင်း မေခမြစ်ကို ဖြတ်သန်းရသည်။ တံတားပျက်အောက်တွင် ခေါက်တုန့်ခေါက်ပြန် သွားလာနေသည့် ကူးတို့လှေငယ်တစီးကို တွေ့နိုင်သည်။ ထိုတံတားပျက် အထက်ဖက် မလှမ်းမကမ်း ဤအနီးအနားဝန်းကျင်တွင် အောက်ဘမ်ကျွန်း ရှိသည်ကို သိထားခဲ့သည်။
ရှာကြည့်သည့်အခါ မေခမြစ်ထဲသို့ လျှံထွက်နေသည့် ခပ်မောက်မောက် တောအုပ်တခုကို သတိထားမိသည်။ ကဆုန့်ဘမ်ကဲ့သို့ အောက်ခြေတွင် သဲခုံကျယ်ကျယ်မရှိ၊ အရွယ်အစားပိုကြီးသည်၊ သစ်တောမှာ ပိုထူ၊ ပိုကြပ်သည်။ မြစ်တဖက်ကမ်းရှိ ကုန်းတန်းနှင့် ထိစပ်နေသည်။ အခြား သစ်ပင်စုစု တောအုပ်ငယ်များနှင့်လည်း တဆက်စပ်တည်းရှိသည့်အတွက် သိပ်တော့ မသေချာလှ။
ပုံတွေအရတော့ ဒီနေရာသည် အောက်ဘမ်ကျွန်းနှင့် တူလှသည်။ ကျွန်း မရှိတော့တာ တကယ်ပဲလားဟု စိတ်ထဲ တွေးမိလာသည်။ ဒေသခံများနှင့် တွေ့မှသာ မေးရတော့မည်။
ကျွန်းညီနောင်ဆိုတာ
နတ်ကိုးကွယ်သည့် ဓလေ့ရှိစဉ်အခါက သေဆုံးသူများ၏ လိပ်ပြာကို ၎င်းတို့၏ဘိုးဘွားများ ဆင်းသက်လာခဲ့သည့် မူလအရပ်ဒေသသို့ နတ်ဆရာက ဂါထာများရွတ်ဖတ်ပြီး ပြန်လည်ပို့လွှတ်သည်။ လမ်းတလျှောက်တွင် ဝိညာဉ်များ ခရီးတထောက်နားခိုရာ နေရာများရှိသည်။ ထိုနေရာများထဲမှ အောက်ဘမ်ကျွန်းသည် ဝိညာဉ်များအတွက် ကြားထောက်စခန်းတခု ဖြစ်ခဲ့သည်။ “လိပ်ပြာကျွန်း” ဟု ခေါ်ကြသည်။ ဇိုင်ဝါး လူမျိုးများက ယနေ့အချိန်ထိ အောက်ဘမ်ကျွန်းဆီ နှုတ်ဖြင့် လိပ်ပြာပို့လွှတ်ကြသေးကြောင်း သိရသည်။
ကျွန်းနှစ်ကျွန်းစလုံး ပေါ်တွင် သစ်ခုတ်ခြင်း၊ အမဲလိုက်ခြင်း စသည်တို့ကို ရိုးရာအရ ရှောင်ကြဉ်ထားသဖြင့် တော၏သဘာဝ အဆင်တန်ဆာများဖြင့် ဇီဝစုံကြွယ်ဝနေသည်။ ကျွန်းပေါ်မှ တောကောင်များ ဆင်းလာတတ်ကြောင်း၊ ယခင်က တိုင်းရင်းဆေးဆရာများသည် ကဆုန့်ဘမ်ကျွန်းပေါ်မှ ဆေးယူကြကြောင်းနှင့် ကျွန်းကို မြွေပတ်ထားပါက လူနာအခြေအနေ မကောင်းနိုင်ဟု ယူဆကြောင်း ဇနောင်ယန်ရွာတွင် နေထိုင်သည့် အသက် ၇၀ ဝန်းကျင်ရှိ ဒေသခံအဘက ပြောပြသည်။
ကဆုန့်ဘမ်ကျွန်းပေါ်တွင် မနောပွဲကျင်းပလေ့ ရှိခဲ့သည်။ ကချင်မျိုးနွယ်စုများ ဆင်းသက်ရာ အထိမ်းအမှတ် ရိုးရာတောင် အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ကျွန်းညီနောင်၏ ဇီဝစုံကြွယ်ဝပုံနှင့် ဌာနေတို့အတွက် ရာသီခွင်အချိန်ဇယား နှိုးဆော်ပုံကို အောက်ဘမ်ကျွန်း မနောပွဲဖြစ်မြောက်ရေးကော်မတီမှ ထုတ်ဝေသော စာစောင်ငယ်တစောင်တွင် အောက်ပါအတိုင်း ဖော်ပြထားသည် (ဆရာငြိမ်းအေးအိမ်၏ ညှို့ငင်တောင်စာအုပ်တွင် ဖော်ပြချက်အတိုင်း ကိုးကားထားပါသည်)။
“သဘာဝတရားဖြစ်သည့် နွေ၊ မိုး၊ ဆောင်း ရာသီဥတုပြောင်းလဲမည့် အတိတ်နိမိတ်၊ သစ်ပင်၊ ပန်းမန်များ ဖူးပွင့်မည့် အတိတ်နိမိတ်၊ ရာသီသီးနှံများ စိုက်ပျိုးချိန်ကို ပိုင်းခြားနှိုးဆော်ခြင်း စသည့် အတိတ်နိမိတ်များကို ဤတောင်ညီနောင်၏ သစ်ပင်ပန်းမန်များ စတင်ဖူးပွင့် သီးခြင်း၊ ပုစဉ်းရင်ကွဲများ စတင်မြည်အော်ခြင်း၊ ဥသြငှက်နှင့် အခြားအခါပေးသည့် ကျေးငှက်တွန်သံများသည် ဤတောင်တွင်စတင်ပြီး အခြားဒေသသို့ ပျံ့နှံ့သွားသဖြင့် သဘာဝတရားအရ စတင်ဖူးပွင့်ခြင်း၊ ကျေးငှက်များ၊ ပုစဉ်းရင်ကွဲနှင့် အခြားတိရစာ္ဆန်များ စတင်တွန်သံပေးသည့် နေရာဒေသဖြစ်ပါသည်။
ဤတောင်ညီနောင်မှပေးသည့် အတိတ်နိမိတ်ကိုကြည့်၍ ဒေသခံများက ရာသီဥတုကို ခန့်မှန်းခြင်း၊ တောင်ယာခုတ်ခြင်း၊ ခရီးထွက်ခြင်း၊ မုဆိုးလိုက်ခြင်း၊ ပွဲလမ်းသဘင်ကျင်းပခြင်းကို ဆောင်ရွက်လာခဲ့ကြသည်။
ဤဖော်ပြချက်အရ ဌာနေတိုင်းရင်းသားများ၏ ဘဝရှင်သန်လည်ပတ်မှုမှာ တောင်ညီနောင်၏ သဘာဝ ဂေဟစနစ်အပေါ် အမှီပြုထားသည်။ တောင်ညီနောင်၏ ဂေဟစုံ၊ ပဒေသာစုံ ကြွယ်ဝမှုသည် ဌာနေများ၏ ချမ်းသာမှုပင်ဖြစ်ပေလိမ့်မည်။
“လောဝေါ်ဘာသာစကားအရ ‘အောက်’ ဆိုသည်မှာ ရာသီဥတု သဘာဝတရား အပြောင်းအလဲကို အတိတ်နိမိတ်ဖတ်ခြင်း၊ ကြိုတင်ဟောခြင်း၊ နှိုးဆော်ခြင်း၊ အသိပေးခြင်းဟု အဓိပ္ဗာယ်ရပြီး ‘ဘမ်’ သည် ‘တောင်’ ဟုအနက်ထွက်သဖြင့် ‘အောက်ဘမ်’ ဆိုသည်မှာ ရာသီဥတုအပြောင်းအလဲကို နှိုးဆော်အချက်ပေးသည့် ‘တောင်’ ဟုရည်ညွှန်းခဲ့ဟန်တူ၏” ဟူ၍ ဆရာငြိမ်းအေးအိမ်၏ စာအုပ်တွင် ဖော်ပြထားသည်။
အဆိုပါ ရာသီအချက်ပေးသံဖြစ်သည့် ခပြွန်ကောင်များ၏အော်သံကို သူ့ရာသီချိန် ဧပြီနှင့် မေလတွင် ကြားရသည်။ ဤအချိန်အခါသည် ဌာနေများအတွက် စိုက်ပျိုးရာသီစတင်ချိန် ဖြစ်သည်။ ခပြွန်ကောင်မှာ ပျံသန်းနိုင်သော်လည်း ငှက်မဟုတ်၊ ပုစဉ်းရင်ကွဲအကြီးစားဖြစ်ကြောင်း၊ ခပြွန်ကို လောဝေါ်လို ဥသြငှက်တွန်သည်ဟု အဓိပ္ဗာယ်ရကြောင်း ကျွန်းညီနောင်အကြောင်းကို သိသည့် ချီဖွေမြို့တွင်နေထိုင်သည့် အသက် ၈၀ အရွယ် ဒေသခံတဦးက ပြောပြသည်။
ဒေသခံများနှင့် တွေ့ဆုံသည့်အခါတိုင်း လိပ်ပြာကျွန်း (ခေါ်) ကျွန်းညီနောင်နှင့် ရာသီအချက်ပေးသံပြုသည့် ခပြွန်ကောင်များအကြောင်းကို မေးကြည့်မိသည်။ သက်ငယ်ပိုင်းနှင့် သက်လတ်ပိုင်းဒေသခံများက မသိကြပါ။ သူတို့နှင့် မရင်းနှီးသည့် အကြောင်းအရာ အသစ်တခုလို၊ ကြားဖူးသည့် ပုံပြင်ဟောင်းတဝက်တပျက်လို တုန့်ပြန်ကြသည်။ နတ်ကိုးကွယ်မှုဓလေ့ မရှိတော့သည့်အတွက် အဆိုပါကျွန်းညီနောင်အကြောင်းကို သိရှိသူနည်းပါး ပါသည်။ အများစုမှာ ဤကျွန်းညီနောင်အကြောင်းကို ကြားဖူးသည်ဆိုရုံ၊ ခပြွန်ကောင်တွေအော်သံ ကြားသလိုလိုရှိတယ် ဆိုရုံလောက်သာ ပြန်လည်တုန့်ပြန်ကြသည်။
ကျမကို ရင်ခုန်စိတ်လှုပ်ရှားစေသည့် ထိုကျွန်းညီနောင်မှာ ဒေသခံများအတွက်တော့ အထူးအထွေ အကြောင်းအရာမဟုတ်။ ထို့အပြင် အောက်ဘမ်ကျွန်းနှင့် ကဆုန့်ဘမ်ကျွန်းကိုလည်း ကွဲပြားစွာ မညွှန်ပြနိုင်ကြတော့ပါ။ တောင်ညီနောင်ဟုသာ ခြုံပြောကြသည်။ ချီဖွေမြို့ခံအများစုမှာ ကဆုန့်ဘမ်ကို အောက်ဘမ်ဟု မှား၍ ညွှန်ပြပြောဆိုကြသည်ကို သတိထားမိခဲ့သည် (ဤသို့ မှားယွင်းစွာ ဖော်ပြနေသည့်ကိစ္စကိုလည်း ဆရာငြိမ်းအေးအိမ်က သူ၏စာအုပ်တွင် ထောက်ပြထားပြီးဖြစ်သည်)။ ကျမတွေ့ခဲ့သည့် မြစ်တစ်ဖက်ကမ်းရှိ ဇမ်နောင်ယန်ရွာမှ ဒေသခံ အဘသာ သေသေချာချာ တိတိကျကျ ညွှန်ပြ၊ ရှင်းပြနိုင်သည်။
လက်တွေ့မြင်ရသည့် အခြေအနေကို စေ့ငုကြည့်သည့်အခါ ဤဒေသတခွင်တွင် နတ်ကိုးကွယ်သည့်ဓလေ့ မရှိတော့သည့်အတွက် အဆိုပါ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်နေသည့် လိပ်ပြာကျွန်းအကြောင်းကို နောက်လူတို့ မသိကြတော့ပါ။ ဤဒေသဝန်းကျင်တွင် ခရစ်ယာန်သာသနာ တည်ရှိလာသည်မှာ အနှစ် ၁၀၀ ဝန်းကျင်ခန့် ရှိပြီဖြစ်သည်။ ထို့အပြင် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှာလည်း ရှေးယခင်ကဲ့သို့ တောင်ယာကိုသာ အဓိကလုပ်ကိုင်ကြသည် မဟုတ်တော့။ မြစ်တဖက်ကမ်းရှိ ဇမ်နောင်ယန်ရွာနှင့် ဆက်စပ်အခြားရွာများမှာ တောင်ယာကို ဆက်လက်လုပ်ကိုင်နေကြဆဲ ဆိုသော်လည်း ယခင်ကဲ့သို့ အခြေတကျ နေထိုင်လုပ်ကိုင်ကြခြင်း မဟုတ်။
၂၀၁၁ ခုနှစ် တိုက်ပွဲများပြန်ဖြစ်ပြီးနောက်ပိုင်း တဖက်ကမ်း ချီဖွေမြို့ရှိ စစ်ရှောင်စခန်းများတွင် ရွှေ့ပြောင်း နေထိုင်လာခဲ့ကြရသည်။ တောင်ယာ စိုက်ပျိုးချိန်တွင်သာ ခေတ္တသွားရောက် လုပ်ကိုင်ကြသော်လည်း အိမ်ခြေ ၈၆ အိမ်အနက် ၁၆ အိမ်သာ ပြန်လာ စိုက်ပျိုးကြတော့သည်။ ကျန်အိမ် ၅၀ ဝန်းကျင်ခန့်မှာ လူမနေကြတော့၊ အိမ်စောင့်အနေနှင့် တအိမ်တယောက်ကျသာ ပြန်လာပြီး နေထိုင်ကြသည်ဟု သိရသည်။ တဖက်ကမ်း ချီဖွေမြို့မှာ ၁၉၆၁ ခုနှစ်မှစ၍ အစိုးရရုံးစိုက်ရာမြို့ ဖြစ်သည်။
၂၀၁၁ ခုနှစ် တကြော့ပြန်စစ်ပွဲမတိုင်ခင် ကာလများတွင် ချီဖွေငယ်နှင့် ချီဖွေကြီး ရေအားလျှပ်စစ် စီမံကိန်းများကြောင့် လူနေရှုပ်ထွေးသည့် မြို့တမြို့ အသွင်ရှိခဲ့သည်။ စီမံကိန်းမှ စက်ပစ္စည်းအလုံးအရင်း၊ လူအလုံးအရင်းနှင့် ရွှေ့ပြောင်း လာရောက်နေထိုင်သူ များပြားခဲ့သည်။ မူးယစ်ဆေးဝါးလည်း အလွယ်တကူရရှိ၊ ပြန့်နှံ့ခဲ့သည်။ တောင်ယာစိုက်သူ အနည်းငယ်သာရှိသည်။ အစိုးရဝန်ထမ်း များသည်။
ဤသို့ဖြင့် ကျွန်းညီနောင်အကြောင်းမှာ ကိုးကွယ်ယုံကြည်မှု၊ လူမှုစီးပွား၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲများအောက်တွင် မှန်းဆရခက်နေတော့သည်။ ဤအကြောင်းကို သေချာစွာသိသည့် လော်ဝေါ်စာပေနှင့်.ယဉ်ကျေးမှုအသင်းမှ ချီဖွေဒေသခံ အဘ၏ အပြောကိုသာ အချုပ်အဖြစ် မှတ်ယူထားလိုက်တော့သည်။
“အခု အောက်ဘမ်ရော၊ ကဆုန့်ဘမ်ရောရှိတယ်၊ ခပြွန်ကောင်တွေ သူ့ရာသီဆို လာကြတုန်းပဲ၊ ကြားရတယ်။ အဲဒီအတိုင်းပဲ အသံကြားချိန်ဆို တောင်ယာလုပ်ကြတယ်၊ ရာသီအလိုက် ငှက်သံ အသီးအပွင့် အပေါ်မူတည်ပြီး ပွဲတော်လုပ်ချိန် ကျင့်သုံးကြတုန်းပဲ။ ဒါပေမယ့် အခုက လူနေမှုပုံစံက ကွဲသွားပြီ။ စစ်ရှောင်နေရတယ်။ လှေနဲ့ ဟိုဖက်ကမ်းသွားပြီး တောင်ယာလုပ်ကြသေးတယ်။ အခုဆို မုတ်သုန်တောလည်း မရှိတော့ဘူး”
လက်ရှိတွင် ဒေသခံများ စိတ်ဝင်စားကြသည်က မုတ်သုန်တော ဖြစ်သည်။ ကျွန်းညီနောင်အကြောင်းကို မေးမြန်းသည့်အခါတိုင်း မုတ်သုန်တောကို ပြောတာလားဟု ပြန်မေးကြစမြဲပင်။ တံတားအထက်ဖက်ရှိ အောက်ဘမ်ကျွန်းနှင့် ကပ်လျှက်တွင် မုတ်သုန်တော ရှိသည်။ ဒီနှစ်ခု မတူကြောင်းကို သေချာစေပြီးနောက် ကျမ၏ ကျွန်းညီနောင်လေ့လာရေးမှသည် မုတ်သုန်တော ရှာဖွေရေးဆီသို့ ဆက်လက် ခရီးဆက်တော့သည်။
တွေ့ခဲ့တဲ့ မုတ်သုန်တော
မုတ်သုန်တော ဆိုသည်မှာ ဗမာတွေခေါ်သည့် အခေါ်ဟု ဆိုသည်။ ယခုအခါ အများစုလည်း ဤသို့ပင် သုံးနှုန်းသည်။ ဌာနေဒေသ အခေါ်မှာ ဂျန်ရော်ပါ ဖြစ်သည်။ အသက်ငယ်သူနှင့် သက်လတ်ပိုင်းအရွယ်များက မုတ်သုန်တောဟုသာ သိကြသော်လည်း၊ အသက်ကြီးသည့် သူများက ဂျန်ရော်ပါဟု ညွှန်းမှ သိသည်။ ကြံပင်ကဲ့သို့ ကိုင်းပင်တမျိုး ပေါက်ရောက်ပြီး မြေပြန့်အကျယ်ပေါသည့်အတွက် ဂျန်ရော်ပါ ဟုခေါ်ကြောင်း သိရသည်။ ရှေး ဘိုးဘွားဘီဘင်လက်ထက်က တောနက်ကြီး ဖြစ်ပြီး တောသတ္တဝါနှင့် မြွေအလွန်ပေါသည်။ စိမ့်စမ်းရေထွက်တွေရှိကာ စိုက်ခင်းစိုက်ကွက်လည်း ကောင်းသည်ဟု ဆိုသည်။ ဧက ၁၀၀ နီးပါးရှိသည့် စိုက်ပျိုးမြေအပြန့်ကျယ်ကြီး ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သော နှစ် ၂၅၀ ခန့်က ဘိုးဘွားများသည် တောင်ပေါ်တွင်သာ နေထိုင်ကြပြီး ဂျန်ရော်ပါဆီ လာရောက် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မုန်ညှင်း၊ လိမ္မော်နှင့် လှေခါးထစ် စပါးစိုက်ခင်း စိုက်ကြသည်။ ဤနေရာဒေသသည် အနှစ် ၅၀ တခါ ရေကြီး၊ ရေလွှမ်းလေ့ရှိသည်ဟု ဒေသခံများက မှတ်ယူကြသည်။
၁၉၇၉ ခုနှစ် အောက်တိုဘာလတွင် ရေလွှမ်းခဲ့ပြီးနောက် ဂျန်ရော်ပါသည် သဲသောင်ပြင်အဖြစ်သာ ကျန်ရစ်ခဲ့ပြီး ဆင်ခြေလျှော လှေခါးထစ်စိုက်ခင်း အနည်းငယ်သာ ကျန်တော့သည်။ ကျန်ရှိခဲ့သည့် မြေနေရာ ၃ ပုံ ၁ ပုံ ခန့်တွင် အာလူး၊ ဖရဲ စိုက်ခဲ့ကြသေးသည်။ ထို့နောက် ဤနေရာကိုစားကျက်မြေအဖြစ်သာ ထားလိုက်ကြတော့သည်။
၂၀၁၃ ဝန်းကျင်ခန့်တွင် တောကို ရွှေလုပ်ကွက်အသွင် ပြောင်းခဲ့ကြသည်။ ၂၀၁၅ – ၂၀၁၆ တွင် ရွှေလုပ်ကွက် ရပ်နားလိုက်သည်။ ယခုအခါ ဂျန်ရော်ပါတွင် စိုက်ပျိုးမြေ မရှိတော့။ စိမ့်ရေထွက်သည့် သဘာဝအရိုင်းသစ်တောမှာ ၄ နှစ်အတွင်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။ ဤနေရာတွင် ဇီဝစုံကြွယ်ဝသည့် မုတ်သုန်တော ရှိခဲ့သည်ဆိုသည်မှာ ပုံပြင်သဖွယ်ဖြစ်သည်။
ယခုအခါတွင် တောင်လောက်မြင့်သည့် သဲပုံ၊ ကျောက်ပုံများရံထားသည့် ပြာနောက်နောက်ရေများရှိသည့် ရှည်မျောမျော တွင်းနက်ကြီးတတွင်းနှင့် ကျဲတောက်တောက် လက်ကျန် သစ်ပင် ၁၅ ပင်ခန့်သာ တွေ့ရတော့သည်။
ဂျန်ရော်ပါဆီ ရောက်သည့်အခါ
ဌာနေတွေနဲ့ စကားပြောကြည့်သည့်အခါ ဂျန်ရော်ပါဟု စကားစလိုက်သည်နှင့် ရွှေတူးစားလို့ကုန်ပြီ ဟု ချက်ချင်းအကြောင်းပြန်ကြသည်။ သူတို့၏စိတ်ထဲတွင် အလိုမကျခြင်း၊ စိတ်ဆိုးခြင်း၊ အောက်မေ့တသခြင်း ဆိုသည့် ခံစားချက်များ ရောပြွန်းနေသည်ကို သတိထားမိသည်။ စိတ်ထဲ ပြောမပြတတ်အောင် တမျိုးကြီးဖြစ်တယ်ဟု ဆိုကြသည်။ ကျမအနေနှင့် ကြားကြားချင်း ဤခံစားချက်ကို မသိပါ။ ဂျန်ရော်ပါ နှင့် ဤဒေသ၊ ဤလူများ အကြား ဆက်နွယ် စပ်ယှက်မှုကို ကျမ အပြည့်အဝ နားမလည်နိုင်ခဲ့သေး၍ ဖြစ်သည်။
နောက်တနေ့တွင် ဂျန်ရော်ပါဆီ ကျမသွားခဲ့ပါသည်။ ချီဖွေချောင်းနှင့် မေခမြစ်ဆုံရာ အပြန့်ကျယ်ကျယ် မြစ်ကမ်းနှဖူးဆီ ဆင်းလာခဲ့လိုက်သည်။ ထို့နောက် မေခမြစ်အတွင်း ကမ်းနှစ်ဖက်ဆီ ခေါက်တုန့်ခေါက်ပြန် ဆွဲနေသည့် ကူးတို့လှေငယ်ဖြင့် တဖက်ကမ်းရှိ ဇနောင်ယန် ရွာဆီ လာခဲ့သည်။ ရွာထိပ်ရှိ ကေအိုင်အေ ဂိတ်ကို အသိပေး၊ ခွင့်ပြုချက်ရပြီးနောက် ခရီးဆက်ခဲ့ကြသည်။ ရွာထဲ ဝင်လိုက်သည်နှင့် ကျမ မမြင်ဖူးသည့် ခရမ်းရောင်စိုစို၊ အနီရောင်စိုစို၊ ဝါထိန်ထိန်အဆင်းနှင့် လိပ်ပြာများက တရစ်ဝဲဝဲ ကြိုဆိုနှုတ်ဆက်ကြသည်။ ရွာထဲသို့ အေးအေး ကြည်ကြည် တောင်ကျရေ စမ်းချောင်း မျှင်မျှင်လေး ဖြတ်စီးနေသည်။
ဝါးတော၊ တောင်ပေါ်လှေခါးထစ်စိုက်ခင်းများနှင့် လူမနေသည့် အိမ်များကို တွေ့ရသည်။ ယခင် လူနေစဉ်က ရွာမှာ ပို၍ သပ်သပ်ရပ်ရပ်ရှိသည်ဟု လိုက်ပို့သည့် ဦးလေးက ပြောပြသည်။ လူရှိသည့် အိမ်တချို့လည်းရှိသည်။ မော်တော်ဆိုင်ကယ်နှင့် ဖြတ်သန်းသွားလာနေကြသည့် ကေအိုင်အေ စစ်သားတချို့ကို တွေ့ရသည်။ ရွာကိုဖြတ်ပြီး နာရီဝက်ခန့် လမ်းလျှောက်ကြပြီးနောက်၊ နေပူပူ အောက်က အပြန့်ကျယ်ကျယ် ဂျန်ရော်ပါကို လှမ်းမြင်ရတော့သည်။
ကျမကို ဂျန်ရော်ပါဆီ လမ်းညွှန် ခေါ်သွားသည့် ဦးလေးက ရွှေတူးစဉ်ကာလများ၌ ရွှေလုပ်ကွက်တွင် ၁၀ ဘီကား မောင်းသည်။ သူက ချီဖွေ ဇာတိမဟုတ်၊ ဝိုင်းမော်မှ လာရာက် လုပ်ကိုင်သူဖြစ်သည်။ ရွှေလုပ်ကွက် ရပ်လိုက်ပြီးနောက် ဇနောင်ယန်ရွာတွင် ဆက်လက် အခြေချနေထိုင်သူ ဖြစ်သည်။ ရွှေကြောနှိုက်ထားသည်မှာ ဘောလုံးကွင်း ၄၊ ၅ ကွင်းစာခန့် အကျယ်ရှိပြီး အနက်မှာ ပေ ၁၀၀ ကျော်သည်ဟု ဆိုသည်။
ရွှေအလွန်ထွက်ပြီး၊ ကြက်ဥတလုံးစာခန့် ရဖူးသည့်နေ့လည်းရှိသည်ဟု သိရသည်။ လုပ်ခငွေအနေနှင့် တလ ၃ သိန်းခွဲရသည်။ တရုတ်လူမျိုး ၁၀ ဘီးကားမောင်းသူဆိုပါက တလ ၉ သိန်းလောက် ရသည်။ တရုတ်လုပ်သား စက်ကိုင် ကျွမ်းကျင်သူများက လစာ ပိုရကြသည်ဟု ဆိုသည်။ ဂျန်ရော်ပါကို ၁၀ ဘီးကား အစင်း ၃၀ လောက်နှင့် တူးကြသည်။ လမ်းကြောင်းမှာ နန်းဦးရွာရှိ ဖောင်ဆိပ်မှဆင့် တဖက်ကမ်းသို့ ကားများ ကူးလာဖြတ်သန်းကြသည်။ ထို့နောက် မေခမြစ်ကမ်းနဖူးရှိ တောတွင်း ကားလမ်းတလျှောက်မှ ဇနောင်ယန်ရွာကို ဖြတ်သန်းကာ ဂျန်ရော်ပါဆီ ကားများ၊ စက်များ၊ လူများ အလုံးအရင်းနှင့် ဝင်ရောက် လုပ်ကိုင်ကြသည်။ ချီဖွေမြို့ အထွက် နန်းဦးရွာတွင် အဆိုပါ သဘောင်္ဆိပ်ဟောင်းကို တွေ့နိုင်သေးသည်။
သဘောင်္အပျက်တစင်းကိုပင် တဖက်ကမ်းနဖူးစပ်တွင် တွေ့ခဲ့ရသေးသည်။ ဂျန်ရော်ပါ ရွှေလုပ်ကွက်မှာ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင်ရှိပြီး ကား၊ စက်ပစ္စည်းနှင့် လုပ်သား အလုံးအရင်းမှာ စစ်တပ်ထိန်းချုပ်သည့် နေရာများ၊ ဂိတ်များမှ ဖြတ်သန်းဝင်ရောက်ကြခြင်း ဖြစ်သည်။ ဒေသခံ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များက တဖက်ကမ်းရှိ ကေအိုင်အေတပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရွှေလုပ်ကွက်ကို ကန့်ကွက်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။ တကျွန်းလုံးနီးပါး တူးယူကြသည်။
ဂျန်ရော်ပါဆီ ရောက်ခဲ့စဉ်က ကျမ မြင်၊ တွေ့၊ ခံစားခဲ့ရသည်များကို ယနေ့တိုင် မေ့မရ။ ဇန်နောင်ယန်ရွာအလွန် ဝါးရုံတောများကို ဖြတ်ခဲ့ပြီးနောက် အပေါ်ယံ မြက်ခင်းပါးပါး ဖုံးထားသည့် လွင်ပြင်ကျယ်ကို စမြင်ရသည်။ လျှောက်လာလိုက်သည့်အခါ ခြုံနှင့် သစ်ပင်ငယ်များ အကြိုအကြားထဲတွင် သံကြေးတက်နေသည့် စက်အပိုင်းအစများ၊ ဆီဖြည့်ကုန်ကား အဟောင်းများ၊ မြေတူးစက်အငယ်စား အဟောင်းများ သံပြားများ၊ ကားဘီးများ ဟိုတစ ဒီတစ ပြန့်ကြဲနေသည်ကို တွေ့ရသည်။
မေခမြစ်ကြောင်းရေစီးအားနှင့် တိုက်ရိုက် ထိစပ်မနေသည့် ကျွန်းအဝိုက်နေရာရှိ ရေပြင်တကြောတွင် သံချေးရေများ ဝေ့ဝဲနေသည်ကို မြင်ရသည်။ ကွင်းပြင်ကို ဖြတ်ပြီးနောက် မို့မောက်နေသည့် သဲပုံ၊ ကျောက်ပုံများ ဝိုင်းရံထားသည့် တွင်းနက်နက်နှင့် ရေအိုင်ကြီးတခုကို မြင်ရသည်။
ဂျန်ရော်ပါကို ဖြန့်ကြည့်လိုက်သည့်အခါ မေခမြစ်ထဲ ချွန်းထွက်နေသည့် ကျွန်း၏ယာဖက် အစွန်ဆုံးနေရာ ကုန်းတန်းအစွယ်တွင် ပင်စည်ဖြောင့်ဖြောင့်သစ်ပင် သုံးပင်ကို တွေ့ရသည်။ ဝဲဖက်အစွန်ဆုံး ဇန်နောင်ယန်ရွာကုန်းတန်းနှင့် ဆက်စပ်နေသည့် နေရာတွင် သစ်ပင်တချို့ရှိသည်။ ထိုနေရာသည် ဂျန်ရော်ပါ၏ လက်ကျန် အငွေ့အသက်ဖြစ်သည်။ သက်ရင့် ရေသဖန်းပင်ကြီး ၁၅ ပင်ဝန်းကျင်ခန့်ကို တွေ့နိုင်သေးသည်။ ကုန်းတန်းအစွယ်မှ လက်ကျန်တောအုပ်အကြား နေရာတကြောတွင် ဘောလုံးကွင်း ၄ ကွင်းစာမကကျယ်သည့် ရွှေတူးထားသည့် ရှည်မျောမျောကန်ကြီးက နေရာယူထားသည်။ မြင်လေရာ၊ လျှောက်လေရာ နေရာတိုင်းသည် မို့မောက်နေသည့် ကျောက်တောင်ပုံများသာ။
ကန်ပတ်ပတ်လည် ကျောက်ပုံ၊ သဲပုံများကိုဖြတ်ပြီး ဂျန်ရော်ပါ လက်ကျန်တောအုပ်နေရာဆီ လျှောက်လာခဲ့လိုက်သည်။ သစ်ပင်အစုအဝေး နေရာဆီ ဆိုက်ရောက်သည်နှင့် အအေးဓာတ်ကို စတင်ခံစားလိုက်ရသည်။ သစ်ပင်ကြီးများ ခြေရင်းတွင် ရွှေကျင်သည့် စက်ပစ္စည်းအပိုင်းအစများကို တွေ့ရသည်။ သံပြားကြီးများက မြေကြီးထဲ စိုက်ဝင်နေသည်။ လူတဖက်စာမက ကြီးလှသည့် သဖန်းပင်ကြီးများ၊ တွဲရရဲကျနေသည့် နွယ်ခွေများ၊ ပြန့်ကြဲနေသည့် သဖန်းသီးများကို မြင်ရသည်။ သဲမြေက အေးစိုနေသည်။ အကောင်များ၏ တစီစီအော်သံကို ကြားရသည်။ တဖက်ကမ်း ကျောက်နံရံတွေကို အရှိန်ပြင်းပြင်းနှင့် ပွတ်တိုက် ဖြတ်စီးနေသည့် မေခ၏အသံကို ကြားရသည်။ ရေငွေ့ကို ထိတွေ့ခံစားရသည်။
သစ်ပင်အောက်တွင် ထိုင်ပြီး ချီဖွေမြို့ဆီ လှမ်းမျှော်ကြည့်သည့်အခါ မို့မောက်နေသည့် ကျောက်ပုံများနှင့် သဲပြင်က မြင်ကွင်းကိုကွယ်နေသည်။ ကျန်ခဲ့သည့် သစ်ပင်စုစု နေရာကို ကြည့်ပြီး ဝမ်းနည်းရသည်။ ကျောက်ပုံကြီးတွေကိုကြည့်ပြီး စိတ်လက်မအီမသာ ဖြစ်ရသည်။ မြစ်ကို မမြင်ရ၊ သူတို့ကကြားထဲ ဝင်ခံနေသည်။ စိတ်ထဲလည်း တခုခုခံနေသည်၊ ရေသံ တဝေါဝေါကိုတော့ ကြားနေခဲ့ရသည်။
ရွှေမတူးခင် ဂျန်ရော်ပါ၏ ဝန်းကျင်အနေအထားကို မေးကြည့်မိသည်။ ယခင်က မေခကမ်းနား တလျှောက် ကျွန်း၏အစွန်ဆုံး အစွယ်ကုန်းတန်းလေးအထိ သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းနှင့် အတန်းလိုက် ရှိခဲ့ဖူးသည်။ စားကျက်မြေနေရာ မြေသားမြက်ခင်းပြင် ကျယ်ကျယ်ရှိသည်။ အရိပ်ကောင်းကောင်း၊ သောင်ပြင်ဖွေးဖွေးနှင့် ပျော်စရာဖြစ်သည်ဟု ဆိုသည်။ ဂျန်ရော်ပါဆီ နှစ်စဉ် လူငယ်တွေလာရောက် စုရုံးကြပြီး ခွန်အားယူ၊ အားသစ်လောင်း ကြသည်။ တနှစ်စာ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ၊ ရှေ့ဆက်ပြီး ဘာအစီအစဉ်တွေ၊ ဘယ်လိုတွေ ကောင်းအောင် လုပ်ကြမလဲ ဆိုတာတွေ တိုင်ပင် ဆွေးနွေး ဖလှယ်တဲ့ အစီအစဉ်ဖြစ်ကြောင်း ချီဖွေမြို့မှ ဘာသာရေး၊ လူမှုရေး လူငယ်အသင်းအဖွဲ့ ဦးဆောင်သူ လူငယ်တဦးက ပြောပြသည်။
ထို့အတူ အနီးဝန်းကျင်မှ ဒေသခံများအတွက် အပန်းဖြေရာ နေရာ၊ စိတ်ပျော်ရွှင် ကြည်နူးစရာ နေရာ တခုဖြစ်ခဲ့သည်။ ဂျန်ရော်ပါ တွင် ရိုက်ကူးသည့် သီချင်း၊ ဖျော်ဖြေရေး အစီအစဉ်များလည်း ရှိခဲ့ဖူးသည်။ သိပ်ကိုလှတဲ့နေရာဟု စကားစပ်မိသူတိုင်း ရေရွတ်ကြသည်။ တဆက်တည်း ”အခုတော့ မသွားနဲ့၊ ဘာမှမရှိတော့ဘူး၊ ကုန်ပြီ” ဟု အပိတ်စကားဆိုကြသည်။
ရွှေပြန်တူးနေပြီ
ဒေသ သဘာဝ အရင်းအမြစ်များနှင့် ဌာနေတို့မှာ စိတ်ဝိညာဉ်အရ ရစ်ဖွဲ့ ချည်နှောင်နေသည်။ မြတ်နိုးခုံမင်ကြသည်။ အပြန်အလှန် စောင့်ရှောက်ကြသည်။ ယခင်က မတို့ထိရက် အမြတ်တနိုး တန်ဖိုးထားခဲ့ရသည့် အရာတခုကို မျက်စိအောက်တွင် အရုပ်ဆိုးအကျည်းတန်စွာ နေ့စဉ် မြင်တွေ့နေရသည့် ဒေသခံများ၏ ခံစားချက်၊ ယခင်လို ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဆိုသည့် နှမြောတသမှုကို ကျမ နားလည်ခဲ့ပါပြီ။ မုတ်သုန်တော (ခေါ်) ဂျန်ရော်ပါနှင့်အတူ ဒေသခံများ၏ အပျော်စိတ်ဝိညာဉ်တို့ ပျောက်ဆုံးခဲ့ရပါပြီ။
ဒါသည်ပင် ကျမ နှမြောမိဆုံးအရာ၊ စိတ်မကောင်းဖြစ်မိဆုံးအရာ ဖြစ်ပါတော့သည်။ အစဉ်အလာ လူ့အဖွဲ့အစည်း များတွင် လူသားနှင့် ဂေဟဝန်းကျင် အပြန်အလှန် ကျေးဇူးပြုရင်း ဟန်ချက်ညီ ကျိုးကြောင်းဆီလျော်စွာ ရှင်သန်လည်ပတ်နေကြသည်ကို တွေ့ရလေ့ရှိသည်။
တဖက်တွင်လည်း ဂေဟစနစ် ဟန်ချက်ပျက်မှုအောက်တွင် လူမျိုးစုများ၏ ယဉ်ကျေးမှုနှင့် လူမှုအဆောက်အအုံ ကမောက်ကမ ဖြစ်မှုများ ရှိစမြဲပင်။ ၎င်းတို့နှင့်အတူ အပျော်စိတ်ဝိညာဉ်တို့လည်း ဆိတ်သုဉ်းသွားရလေ့ရှိသည်။ သို့သော် လူတွေသတိပြုခဲသည်။ ထင်သာမြင်သာသည့်၊ ထိတွေ့ကိုင်တွယ်လို့ရသည့် အရာများမဟုတ်သည်က အကြောင်းရင်းတရပ် ဖြစ်နိုင်ပါသည်။ သို့သော် ကျမတို့မှာ အရာအားလုံး စပ်ယှက်ဖြစ်တည်နေမှုအပေါ် အသေးစိတ်ရှုမြင် ခံစား နားလည်နိုင်စွမ်းမှာ အားနည်းလှသည်။
ဤဆောင်းပါးကို ရေးပြီးချိန်တွင် ချီဖွေမြို့မှ ကျမ၏ မိတ်ဆွေတချို့နှင့် ဖုန်းအဆက်အသွယ်ရခဲ့သည်။ မုတ်သုန်တောမှာ ရွှေပြန်တူးနေပြီဟု ပြောကြသည်။ ကျမ သက်ပြင်းချမိသည်။ ဒီတခေါက်တူးရင်တော့ ဂျန်ရော်ပါ လက်ကျန်သစ်တောသာ မက သူနှင့်ဘေးကပ်ရပ် တဆက်တည်းဖြစ်သည့် အောက်ဘမ်ကျွန်းလည်း ကုန်ချေတော့မည်။ အောက်ဘမ်နှင့် မလှမ်းမကမ်း ရွှေလုပ်ကွက်ကားများ ဖြတ်သန်းရာ လမ်းကြောင်းရှိ ကဆုန့်ကျွန်းလည်း ကုန်ရချေတော့မည်။ ချီဖွေတွင် ဘာများကျန်ရှိတော့သနည်း။
ကိုးကား
ငြိမ်းအေးအိမ် (၂၀၁၂)၊ ညှို့ငင်တောင်၊ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ။
MIMU, Township profile, Chipwi (2017).
You may also like these stories:
မြစ်၊ ရေ၊ ကျွန်း၊ ကျွန်းသားများနှင့် ဘိုးဘိုးကြီးကို ကာကွယ်ပေးပါ
ငေါ့ချမ်းခမြစ်ရေ နောက်ကျိရခြင်းနှင့် ဌာနေများ၏ အနာဂတ်