အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) ကြောင့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေ မှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ အား COVID -19 Fund အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် ထူထောင်ပြီး ချေးငွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တနှစ် သတ်မှတ် ၍ ထုတ်ချေး ပေးနေပြီဖြစ်သည်။
ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး ကော်မတီ (၃/၂၀၂၀) ဆုံးဖြတ်ချက်အရ ပထမအသုတ်အဖြစ် လုပ်ငန်း ၈၅ ခုကို ချေးငွေများထုတ် ပေး လျက်ရှိပြီး ဒုတိယ အသုတ်အနေဖြင့် လုပ်ငန်း ၁၁၃ ခုကို ချေးငွေ ထုတ်ခွင့်ပြုကြောင်း ဧပြီလ ၂၈ က ကော်မတီမှ ထုတ် ပြန် ခဲ့သည်။
ထုတ်ပြန်သည့် ကုမ္ပဏီများထဲတွင် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ၊ စားသောက်ကုန်လုပ်ငန်းများ၊ အထည်ချုပ်၊ ဖိနပ်ချုပ် လုပ်ငန်းများပါဝင်သည်။ အဆိုပါ ချေးငွေ ကိစ္စနှင့် ပတ်သက်ပြီး အဆင်မပြေသည် အသံများ၊ ဝေဖန်မှုများလည်း ဆက်တိုက်ဆိုသလို ကြားလာရသည်။
မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်က “ကျနော် တို့ အသင်းမှာတင် အငြင်းပွားမှုလေးတွေရှိပါတယ်။ ချေးငွေတင်ကြတဲ့ သူတွေက ဥပမာ ကျပ်သိန်း ၃ ထောင်တင်တယ် ဆို ရင် ကျပ်သိန်း ၃၀ လောက်ပဲ ရတယ်။ ဝန်ထမ်း လစာ အတွက် ပေးတယ်လို့ အစိုးရက ပြောထားပေမယ့် တကယ်တော့ ဝန်ထမ်းလစာ ပေးရုံလောက်နဲ့ မရဘူး။ လည်နေတဲ့ လုပ်ငန်းတခု ရပ်သွားတဲ့အချိန်မှာ ပြန်ပြီး အသက်သွင်းဖို့ ဒီဇယ်တွေ အင်ဂျင်ဝိုင်တွေ လိုတယ်။ အဲဒီလိုပဲ အများကြီး လိုအပ် တယ်”ဟု ပြောသည်။
ထို့ကြောင့် ချေးငွေကို မယူလိုကြောင်းနှင့် ချေးငွေ ခွင့်ပြုမိန့်ရပြီးမှ ပြန်အပ်သည့် လုပ်ငန်းများ ရှိနေပြီး အသင်းကလည်း စာတွေ ပို့နေကြောင်း၎င်းက ပြောသည်။
လက်ရှိ စားသောက်ကုန်ဈေးကွက်တွင်လည်း အခြေခံ ဆန်၊ ဆီ၊ ဆား မှလွဲ၍ သရေစာ စားသောက်ကုန် ဈေးကွက်မှာ ၄၀ ရာခိုင်နှုန်းသို့ ထိုးကျသွားကြောင်း သိရသည်။
ဦးရဲမြင့်မောင် က “အရင်က တက်တာမှန်တယ်။ အခုက ပြန်ကျသွားပြီ။ လူတွေက ဝယ်လိုအားမရှိတော့တဲ့အတွက် မလိုအပ်ရင် မသုံးကြ တော့ဘူး။ အဲဒီတော့ အချဉ်ပေါင်း၊ ဇီးထုပ်၊ ဇီးယို ဘယ်သူမှ ဝယ်မစားတော့ဘူး။ ဒီလုပ်ငန်း သမား တွေ ဒုက္ခ ရောက် ပြီ”ဟု လက်ရှိအခြေအနေကိုပြောသည်။
ဆက်လက်၍ ၎င်းက “ချေးငွေ ပေးတဲ့အပိုင်းက တော်တော်လေး ဇာတ်ရူတ်မယ့် သဘောရှိတယ်။ နည်းတာ၊ များတာ တပြစ် ဘယ်သူက ရသင့်တယ်၊ မရသင့်ဘူးက လာအုံးမှာ။ တင်တဲ့သူတိုင်းကတော့ ကိုယ်ရသင့်တယ်လို့ ထင်ကြတာ ချည်းပဲလေ။ ဒါပေမယ့် စိစစ်ရေးအဖွဲ့က ရွေးလိုက်တဲ့အခါ ပယ်တဲ့အထဲ ပါသွားတာတော့ အမြင်မကြည်ကြဘူးပေါ့။ အခု မန္တလေးက သူတွေဆိုရင် ရန်ကုန်က သူတွေပဲ ချေးငွေရတယ်။ ငါတို့လုပ်ငန်းတွေလည်း ရန်ကုန်ပြောင်းတော့မယ်” ဟု ပြောဆိုလာခြင်းများပင် ရှိသည်ဟု ပြောသည်။
COVID-19 သည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို အာမခံမှု မပေးနိုင်သေးသဖြင့် ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရသော ကာလတွင် မြန်မာ့ စီးပွားရေးလုပ်ငန်းများ မည်ကဲ့သို့ ရှင်သန်အောင် လုပ်ဆောင်နိုင်မလည်း ဆိုသည့် အချက်သည် အရေးကြီးသည့် အနေ အထား ဖြစ်သည်။
အထက်ပါ အငြင်းပွားမှုများနှင့် ပတ်သက်၍ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးသို့ ဆက်သွယ် မေးမြန်းရာတွင် ချေးငွေလျှောက်လွှာများကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့မှ ပေးပို့လာသည့် လျှောက်လွှာများကို ကော်မတီမှ စီစစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ သဘောတူမှ ထုတ်ပြန်ကြောင်းသာ ပြန်လည်ဖြေကြားသည်။
UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်စိုးသာ က “ကျနော်တို့ UMFCCI ကို ချေးငွေလျှောက်လွှာ စရွေးပါလို့ ဆုံးဖြတ်ချက်ပေးတုန်းက ထိခိုက်မှုရှိတဲ့ ကုမ္ပဏီ၊ လုပ်ငန်းပေါ့။ ပြီးတော့ အဲဒီမှာ ရှိနေတဲ့ ဝန်ထမ်းတွေကို အလုပ်ပေးနိုင်မှု အခြေအနေကို ကြည့်ပါဆိုတဲ့ အချက်တွေပါတယ်။ အချက် ၁၂ ချက်နဲ့ ပြည့်စုံရင် တင်ပေးပါတယ်” ဟု ပြောသည်။
ချေးငွေ လျှောက်ထားသော လုပ်ငန်းရှင်များအနေနှင့် COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိသည့် နိုင်ငံသားပိုင် လုပ်ငန်း ဖြစ်ခြင်း၊ လက်ရှိလည်ပတ်ဆောင်ရွက်နေသော လုပ်ငန်း (သို့မဟုတ်) အစိုးရမှ ကြေညာချက်ထုတ်ပြီး နေ့မှ ၃ လ အတွင်း ယာယီရပ်ဆဲ ထားပြီး ချေးငွေရပါက ချက်ချင်း ပြန်လည်စတင်နိုင်သည့် လုပ်ငန်းဖြစ်ခြင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်မတိုင်မီ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင် ရရှိထားသည့် လုပ်ငန်းဖြစ်ခြင်း၊ လွန်ခဲ့သည့် နှစ်နှစ်တာ ကာလ အတွင်း နှစ်စဉ်ဝင်ငွေ ရရှိနေသော လုပ်ငန်းဖြစ်ခြင်း၊ ချေးငွေအားပြန်ဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသည့် လုပ်ငန်း ဖြစ်ခြင်း၊ ချေးငွေအား လုပ်သားများအား လစာပေးရန်နှင့် လက်ရှိ လုပ်ငန်းလည်ပတ်ရန် ကိစ္စအတွက် အသုံးပြု မည့် လုပ်ငန်းဖြစ်ခြင်း၊ ကုမ္ပဏီဖြစ်ပါက သက်ဆိုင်ရာမှတ်ပုံတင်ရုံးမှ ဆိုင်းငံ့ထားခြင်း သို့မဟုတ် ပယ်ဖျက်ထား သည့် လုပ်ငန်း မဖြစ်ရ၊ ဝင်ငွေ၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်ပေးဆောင် ထားသည့် လုပ်ငန်းဖြစ်ခြင်း စသည့် အချက် အလက်များ နှင့် ပြည့်စုံရမည် ဖြစ်သည်။
ယင်းအပြင် လူမှုဖူလုံရေးကြေး ပုံမှန်ထည့်ဝင်ထားသည့် လုပ်ငန်းများကို ဦးစားပေး စဉ်းစားမည်ဖြစ်ပြီး ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာ အဖွဲ့၊ ကုမ္ပဏီ မဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအားပြန်လည် ပေးဆပ်ရန် အာမခံ ချက် ပေး ရမည် ဖြစ်ကြောင်းသိရသည်။
အထက်ပါအချက်များနှင့် ပြည့်စုံသည့် လုပ်ငန်းရှင်များကို ကော်မတီသို့ ဆက်လက်တင်ပြပေးကြောင်း ဦးအောင်စိုးသာက ပြောသည်။
ယင်းချေးငွေသည် လုပ်ငန်းရှင်များပေါ်တွင် အကျိုးသက်ရောက်မှု ရှိသလား ဆိုသည်မှာ တဦး၊ တယောက်ချင်း ပေါ်တွင် သာ မူတည်ကြောင်း ၎င်းက ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်သူ ဦးအောင်စိုးသာ “တောင်းဆိုတဲ့ ပမာဏနဲ့ ရရှိတဲ့ ပမာဏကွဲလွဲလို့ မယူဘူးဆိုတာ တွေလည်း တွေ့နေရပါတယ်။ သူ့လုပ်ငန်းလည်ပတ် နိုင်လောက်အောင် မရဘူးဆိုရင် ချေးငွေယူတယ်ဆိုတဲ့ စာရင်းတခုပဲ တက်သွားမယ်။ ကျန်တာလည်း သူ့အတွက် အကျိုးမရှိဘူး ဆိုတာ အမှန်တရားပဲ ဖြစ်ပါလိမ့်မယ်” ဟု ကပြောသည်။
ထို့ကြောင့် လုပ်ငန်းလိုအပ်ချက်အရ ချေးငွေ လျှောက်ထားသည့် ပမာဏနှင့် ရရှိသည့် အတွက် ကုမ္ပဏီများ ချေးငွေ ရရှိပြီးမှ မယူလိုကြောင်း ပြန်လည် ထုတ်ပြန်သည့် စာများလည်း လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည်။
ထိုထဲတွင် Apex International ခရီးသွား ကုမ္ပဏီသည် တခု အပါအဝင် ဖြစ်ပြီး ၎င်းကုမ္ပဏီက မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀၀၀ ရှိပြီး နိုင်ငံတော်အား အခွန်ပေး ဆောင်ခြင်း ရှိကြောင်း၊ ဝန်ထမ်း ၂၅ ဦးနှင့် လည်ပတ်နေသော်လည်း ကိုဗစ်-၁၉ ကြောင့် လုပ်ငန်း ကျဆင်းသွား သဖြင့် ချေးငွေ ကျပ်သိန်း ၃၀၀၀ တင်ခဲ့သော်လည်း ကော်မတီမှ ကျပ် ၆၅ သိန်းသာ ခွင့်ပြုသောကြောင့် ဝန်ထမ်း ၂၅ ဦးအတွက် ပေးရမည့် လစာနှင့် အပိုဆုကြေးပေါင်းလျှင် ၁၅ ရက်စာသာ ရှိသဖြင့် ချေးငွေ မယူတော့ကြောင်း ဧပြီ ၂၀ ရက်က ထုတ်ပြန်ထားသည်။
ထို့အပြင် လူမှုကွန်ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဌာနပိုင် အင်းမင်းသမီး ဟိုတယ်ကို ချေးငွေ ကျပ်သိန်း ၁၀၀၀ ပေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း အငြင်းပွားမှုများရှိနေသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ထိခိုက်ခဲ့ရသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများကို ကုစားရန်အတွက် မူလက သတ်မှတ်ထားသည့် ကျပ် ၁၀၀ ဘီလီယံကို မူတည်၍ ကျပ် ၅၀၀ ဘီလီယံအထိ တိုးမြှင့် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရက ဧပြီလ ၂၈ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါ အစီအစဉ်တွင် စီပွားရေး လုပ်ငန်းများကို ချေးငွေထုတ်ပေးရန်၊ ချေးငွေအာမခံပေးရန်၊ အသေးစား ချေးငွေ လုပ်ငန်းများကို အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ပေးရန်၊ ဒစ်ဂျစ်တယ် ငွေပေးချေမှု များကို အားပေးရန်၊ ရင်းနှီးမြုပ်နှံမှုများကို အမြန်ဆွဲဆောင်ရန် စသည့် အကြောင်းအရာများကို ဖော်ပြပါရှိသည်။
Overcoming as one: Covid-19 Economic Relief Plan ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ထိုအစီအစဉ်တွင် မက်ခရို စီးပွားပတ်ဝန်းကျင်ကို ငွေကြေးလှုံ့ဆော်မှုဖြင့် ပြုပြင်ခြင်း၊ ပုဂ္ဂလိက ကဏ္ဍသို့ ရိုက်ခတ်မှုကို ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်ရေး နှင့် ဘဏ် လုပ်ငန်းတွင် ပြုပြင်မှုများဖြင့် သက်သာစေခြင်း၊ လုပ်သားများ အပေါ်ရိုက်ခတ်မှုကို သက်သာ စေခြင်း၊ အိမ်ထောင်စု များအပေါ် ရိုက်ခတ်မှုကို သက်သာစေခြင်း၊ ဆန်းသစ်သော ကုန်ပစ္စည်းများ platform ကို မြှင့်တင် အားပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ် တောင့်တင်းအောင် စီမံခြင်း COVID-19 ကို တုံ့ပြန်သည့် ဘဏ္ဏာရေး ကူညီမှုများ လက်လှမ်းမီစေခြင်း စသည့် ပန်းတိုင် ၇ ရပ်ကို မြန်မာ့စီးပွားရေး၏ ကယ်ဆယ်ရေး အစီစဉ် ဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားရေးသား ထားသည်။
မတည်ငွေရင်း အဖြစ်ကျပ်သန်း ၁ ထောင်အောက် လျော့သည့် ချေးငွေသစ်များကို မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များသို့ မြန်မာဘဏ်များက ထုတ်ချေးလျှင် ထိုချေးငွေ၏ ၅၀ ရာခိုင်နှုန်းကို အစိုးရမှ အာမခံရမည် ဖြစ်ပြီး ထိုချေးငွေ ယူမည့် လုပ်ငန်းများသည် ကိုဗစ်-၁၉ ၏ စီးပွားရေးကူညီမှုအနေနှင့် အစိုးက ကနဦးပေးထားသော ၁ နှစ်လျင် ၁ ကျပ်တိုးနှင့် ထုတ်ချေးသည့် ချေးငွေများကို မရယူထားသည့် လုပ်ငန်းများဖြစ်ရမည်ဟု ပါရှိသည်။
ယင်းအပြင် အနွမ်းပါးဆုံး၊ ထိခိုက်လွယ်ဆုံး အိမ်ထောင်စုများ ( ရွှေ့ပြောင်း ဒုက္ခသည်များ အပါအဝင်) ကို လည်း ထောက်ပံ့ ငွေများ ပေးအပ် သွားမည်ဖြစ်ပြီး မိုးရာသီအမီ စပါးစိုက်နိုင်ရန် လယ်ဧကနည်းသည့် လယ်သမားများကို ငွေသား ထောက်ပံ့ခြင်း သို့မဟုတ် ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍လည်း အစိုးရကိုယ်တိုင် မိုလ်ဘိုင်း ငွေပေးချေမှုများကို လုပ်နိုင်သမျှ လုပ်ဆောင်သွား မည်ဖြစ်ပြီး လက်ရှိပုဂ္ဂလိကမှ လုပ်ဆောင်နေသည့် KBZ Pay၊ CB Pay၊ Wave Money၊ M-Pitesan၊ Ok Dollar စသည့် မိုဘိုင်းငွေ ပေးချေမှုများကို မြှင့်တင်သွားမည်ဖြစ်သည်။
ထိုသို့ အစိုးရမှ ကိုဗစ်ထိခိုက်မှုကို ကုစားရန်အတွက် ချေးငွေများ ဆက်လက်ထုတ်ပေးရန် ရှိနေသည့် အပြင် လက်ရှိ ထုတ်ပေးနေသော ကျပ် ၁၀၀ ဘီလီယံတွင်လည်း အငြင်းပွားမှုများ ရှိနေသည့် အတွက် နောက်ပိုင်း တွင် ချေးငွေ ပေးရာ၌ မည်သည့် သတ်မှတ်ချက်များ ရှိရမည်၊ ပြီးလျှင် မည်သည့် လုပ်ငန်းကို ရာခိုင်နှုန်း ဘယ်လောက် ပေးမည်ကို တရားဝင် ထုတ်ပြန်ထားသင့်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။
ယင်းအပြင် လိုအပ်သလောက် မရသေးသည့် လုပ်ငန်းရှင်များကိုလည်း ဘယ်လိုအစီစဉ်မျိုးနှင့် လုပ်ငန်းလည်ပတ်နိုင်ရန် ပေးမည်ဟု သတ်မှတ်ချက်များ ထည့်သွင်းစဉ်းသွားရန်လည်း လိုကြောင်း ၎င်းတို့က ဆိုသည်။
စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်း က “ထိခိုက်တာတော့ အကုန်ထိခိုက်တာပေါ့။ အဲဒီထဲကမှ ဘယ်လုပ်ငန်း ကတော့ မြန်မြန်ပြန်ပြီးတော့ Recover ဖြစ်နိုင်မလည်း၊ ဘယ်ဟာ အလုပ်သမားတွေ များများရှိပြီး မထောက်ပံ့ရင် စားဝတ်နေရေး ကြပ်တည်းသွားမလည်း စတဲ့ ဟာတွေရှိတယ်။ ဒါတွေက ဝန်ကြီးဌာနတွေ၊ အလုပ်သမားဌာနတွေမှာပဲ ရှိတယ်လို့ ယူဆတယ်။ ဒါတွေမူတည်ပြီးပေးတယ်လို့ ယူဆပါတယ်။ ချေးငွေ ဘယ်သူက ရတယ်၊ မရဘူး ဆိုတာတော့ လက်လွတ်စပယ် မလုပ်ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။
အထူးသဖြင့် အစိုးရအနေနှင့် ထောက်ပံ့ရန် လိုအပ်နေသည့် လုပ်ငန်းများမှာ ချေးငွေပေးပါက အမြန်ဆုံးပြန်လည် ထူထောင်နိုင်မည့် လုပ်ငန်းများနှင့် အလုပ်သမား များများရှိသည့် လုပ်ငန်းများကို ထောက်ပံ့ရန် လိုအပ်ကြောင်း ၎င်းက ပြော သည်။
တချို့သောတိုင်းပြည်များတွင် အလုပ်သမား၏ လုပ်အားခ ရာခိုင်နှုန်း ဘယ်လောက်ကို အစိုးရမှ ကျခံပေးပြီး လုပ်ငန်းရှင်မှ ဘယ်လောက် ကျခံပေးမည် စတာမျိုးကို လုပ်ဆောင်ပေးနေကြသကဲ့သို့ မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ထိုနည်းလမ်းများကို လုပ်သင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ယခုအချိန်သည် လုပ်ငန်းများ အခက်အခဲနှင့်တွေ့နေရခြင်း၊ လုပ်သားများ လျှော့ချခြင်း၊ အလုပ်များရပ်နားရခြင်း၊ စက်ရုံပိတ်ခြင်းများ ရှိနေသဖြင့် ချေးငွေသည် အထိုက်အလျောက်အထောက်အပံ့ဖြစ်မည်ဟု ယူဆရကြောင်း သိရသည်။
ရွှေကြေးစည် အဆင့်မြင့် ဘုရားဖူးလုပ်ငန်းပိုင်ရှင်သမီး မနှင်းဆီညို က “ချေးငွေ ရတယ်လို့ ကြော်ညာတဲ့ထဲတော့ ပါတယ်။ ဒါပေမယ့် ကျမက ဘယ်လောက် ရမယ်မှန်းတော့ မသိသေးဘူး။ ကျမ အသိထဲက တယောက်ကတော့ ဝန်ထမ်းက နည်းတယ် ရတဲ့ ပမာဏက များတယ်။ ကျမတို့က ဝန်ထမ်းများတယ်။ အယောက် ၂၀ ကျော်လောက်ရှိတယ်။ မနက်က ဖုန်းဆက်လိုက်တော့ သုံး၊ လေး ရက် နေအကြောင်းပြန်မယ်။ ရမယ့် ပမာဏကို မသိသေးလို့ သူတို့ မဆက်ရင် ပြန်ဆက်ပါ လို့ပြောတယ်”ဟု ရှင်းပြ သည်။
ဆက်လက်ပြီး ၎င်းက ရွှေကြေးစည် အဆင့်မြင့် ဘုရားဖူး ခရီးသွား လုပ်ငန်းအနေနှင့် ကျပ်သိန်း ၂၀၀ ချေးငွေ ရရှိရန် ချေးငွေ လျှောက်ထားထားပြီး ချေးငွေ ဘယ်လောက်ပြန်ကျမည်ကို လောလောဆယ် မသိရသေးကြောင်း ပြော သည်။
ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေး ထိခိုက်မှုများ ခံစားနေရပြီး လုပ်သားအများစုမှာလည်း အလုပ်လက်မဲ့မှာ လုပ်သားသန်းနှင့်ချီ၍ ဖြစ်ပွားနေသည်။
ကပ်ရောဂါ၏ ရိုက်ခတ်မှုက မြန်မာ့ ခရီးသွားလုပ်ငန်းကို ဦးစွာ ရိုက်ခတ်ခဲ့ပြီးနောက် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ရသော (CMP) လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လက်လီလုပ်ငန်းများ အစရှိသည့် လုပ်ငန်းများကို ဆက်တိုက် ရိုက်ခတ်မှုများ ရှိနေသည်။
ယင်း၏ ရိုက်ခတ်မှုဒဏ်က အဓိကအားဖြင့် အခြေခံလုပ်သားထုကို စားဝတ်နေရေးကြပ်တည်းမှုများကို ဖြစ်စေသောကြောင့် အစိုးရအနေနှင့် စီးပွားရေးလုပ်ငန်းများကို ကယ်တင်၍ အခြေခံလုပ်သားထု၏ ပြဿနာများကို ဖြေရှင်းရန် အရေးတကြီး လိုအပ်နေပေသည်။
You may also like these stories:
ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်
ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်
ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းက တိုင်းပြည်စောင့်ရှောက်ခြင်းနဲ့ တူပါတယ်