၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှာ တာရာမင်းဝေကွယ်လွန်တာ ၁၃ နှစ် ပြည့်ပါပြီ။
သူ့အတွက်အမှတ်တရ တခုခုရေးဖို့ စဉ်းစားရင်း မှတ်တမ်းဟောင်းတွေ ပြန်ရှာတော့ ၂၀၁၆ ခုနှစ်က ရေးခဲ့တဲ့ စာမူလေးတခု ပြန်တွေ့ပါတယ်။ အဲဒီတုန်းက တာရာမင်းဝေရဲ့ ဘဝအထုပတ္တိကို ဝတ္ထုပုံစံနဲ့ စာတစ်အုပ်ရေးမယ်ဆိုပြီး ရေးကြည့်တာပါ။
တာရာမင်းဝေရဲ့ ဈာပနနေ့၊ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှာ လိုက်ပါပို့ဆောင်ကြမယ့် မိတ်ဆွေများအတွက် ကားတွေကို မြောက်ဒဂုန်၊ ၄၈ ရပ်ကွက်၊ ပီမိုးနင်း ၁ လမ်းက မိသားစုအိမ်မှာရယ်၊ စာပေလောကသားတွေ စုဝေးတတ်ကြတဲ့ ရန်ကုန်မြို့လယ်၊ ၃၃ လမ်း၊ လေထန်ကုန်း လက်ဖက်ရည်ဆိုင်နားမှာရယ် စီစဉ်ပေးခဲ့ပါတယ်။
ဒါပေမယ့် လေထန်ကုန်းက လာတဲ့မိတ်ဆွေတွေက ဈာပနကို အတော်နောက်ကျပြီးမှ ရောက်လာကြပါတယ်။ သူတို့အတွက် စီစဉ်ထားတဲ့ ကားတွေကို ထောက်လှမ်းရေးတွေက ခြိမ်းခြောက်ပြီး မြို့တော်ခန်းမဝင်းထဲမှာ ထိန်းသိမ်းထားလို့ မိတ်ဆွေများ ကားအခက်အခဲဖြစ်ကြရပါတယ်။
နောက်ဆုံး ကားမရရင် ၃၃ လမ်းကနေ ရေဝေးသုသာန်ကို လမ်းလျှောက်ချီတက်ကြမယ်ဆိုပြီး ထွက်ခွါလာကြမှ ထောက်လှမ်းရေးတွေက လာရောက်ညှိနှိုင်းပြီး လူစုလူဝေးနဲ့ ချီတက်မှာကို မဖြစ်စေချင်လို့ မြို့တော်ခန်းမဝင်းကြီးထဲ သိမ်းဖွက်ထားတဲ့ ကားတွေကို ပြန်ထုတ်ပေးပါတယ်။
သူတို့တွေ ရေဝေးကို ရောက်ကြတော့ အတော်နောက်ကျနေပါပြီ။ ဒီအဖြစ်အပျက်ကလေးမှာ ကိုယ်တိုင်ပါဝင်တွေ့ကြုံခဲ့ကြတဲ့ ကိုတင်အေး၊ မခက်မာ၊ ဆရာမောင်လွင်မွန် (ကသာ) ၊ ကိုကျော်ဆန်း၊ ကိုစိန်လှိုင် တို့ရဲ့ ပြန်လည်ပြောပြချက်တွေပေါ်အခြေခံပြီး ရေးခဲ့တာပါ။
အစီအစဉ်က ဒီအပိုင်းလေးက စာအုပ်တအုပ်လုံးရဲ့ အစ (သို့မဟုတ်) အဆုံးပေါ့လေ။ ဒီအပိုင်းနောက်မှာမှ တာရာမင်းဝေရဲ့ ကဗျာဆရာဘဝ၊ ၁၉၈၈ ကျောင်းသားခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားဘဝ၊ စာရေးဆရာဘဝ စတဲ့ ဖြတ်သန်းမှုတွေကို အပိုင်းလိုက် ရေးဖို့ပါ။ ဒါပေမယ့်လည်း ဒီအစပိုင်းလေးပဲ ရေးဖြစ်ခဲ့ပြီး ဆက်မရေးနိုင်ခဲ့တာကိုတော့ တောင်းပန်ပါရဲ့။
————————————
အဆုံး (၁)
၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်
လေထန်ကုန်း လ္ဘက်ရည်ဆိုင်၊ ၃၃ လမ်း၊ ရန်ကုန်
ရန်ကုန်မြို့လယ်ကောင် ၃၃ လမ်းက မနက်ပိုင်းက ရွာခဲ့တဲ့ မိုးကြောင့် စိုစွတ်လို့နေပါတယ်။ ကျနော်တို့ ထိုင်နေကျ လေထန်ကုန်း လ္ဘက်ရည်ဆိုင်ကလေးကတော့ ခါတိုင်းလိုပဲ စာပေလောကသားတွေနဲ့ စည်ကားနေပါတယ်။ ဒါပေမယ့် ဒီနေ့ စည်ကားပုံက အရင်နေ့များနဲ့ မတူ၊ တခုခု ထူးခြားနေသလိုပါ။
ကျနော်လည်း လေထန်ကုန်းကို မရောက်တာ လပေါင်းများစွာ ရှိနေပါပြီ။ ကျန်းမာရေး သိပ်မကောင်းလို့ မြို့ထဲ မထွက်ဖြစ်တာရယ်၊ လူတွေအများကြီးနဲ့ စုဝေးပြီး စကားတွေ မပြောချင်တာရယ်ကြောင့်ပါ။ ဒီနေ့တော့လည်း ဘာကြောင့်မှန်းမသိ၊ လေထန်ကုန်းရှေ့ကို ကျနော် ရောက်နေပါပြီ။
စာပေလောကထဲက ရင်းနှီးကျွမ်းဝင်တဲဲ့့ မျက်နှာပေါင်းများစွာ ဆိုင်ထဲက ခုံပုလေးတွေမှာ ပြည့်ကြပ်နေပါတယ်။ ဒါပေမယ့် ကျနော့်ကို ဘယ်သူကမှ သတိမပြုမိကြ၊ နှုတ်မဆက်ကြ၊ စကားမပြောကြပါ။ မတွေ့တာကြာလို့ မမှတ်မိတော့တာလား။ ကျနော့်ကို အရင်လို မခင်ကြတော့လို့လား။ စားပွဲထိုးကလေးတွေကတောင် ကျနော့်ကို ခရီးဦးကြို မပြုကြတော့ စိတ်ထဲမှာ အလိုလို ဝမ်းနည်းလာမိတယ်။
အဲဒီလူတွေအားလုံးက ကျနော့်ကို အရေးမလုပ်ကြပဲ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်ကို လှမ်းကြည့်နေကြတော့ ဘာတွေဖြစ်နေပြန်ပြီလဲလို့ သိချင်စိတ်နဲ့ သူတို့ ကြည့်နေတဲ့ ဘက်ကို ကြည့်မိပါတယ်။
ကျနော် တွေ့လိုက်ရတာက ဗိုလ်ချုပ်လမ်းနဲ့ ၃၃ လမ်းထောင့်မှာ ရပ်ထားတဲ့ ဟီးနိုးကားကြီးတွေပေါ်က ကျနော့်မိတ်ဆွေ စာရေးဆရာတွေ၊ ကဗျာဆရာတွေ ဆင်းလာပြီး လေထန်ကုန်းဆီကို ဦးတည်လာနေကြတာပါ။ သူတို့မျက်နာတွေမှာလည်း မကျေနပ်မှုတွေနဲ့ သုန်မှုန်လို့။ ဟီးနိုးကားကြီးတွေကတော့ သူတို့တွေ ဆင်းပြီးတာနဲ့ ကသုတ်ကရက် မောင်းနှင်ထွက်သွားကြပါတယ်။
လေထန်ကုန်းဘက်လာနေသူများထဲမှာတော့ မခက်မာ၊ ကိုတင်အေး၊ ဆရာ ရီနေနိုင် (မောင်လွင်မွန်-ကသာ) တို့ကို တွေ့ရပါတယ်။ ကိုတင်အေးက ၁၉၈၈-၈၉ ခုနှစ် ဗကသများအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်တစ်ယောက်အဖြစ် အိုးဝေဂျာနယ်ကို တာဝန်ခံထုတ်ဝေခဲ့သူပါ။ မခက်မာနဲ့ ဆရာရီနေနိုင်တို့က ထင်ရှားတဲ့ စာရေးဆရာများဖြစ်ကြပြီး ကိုတင်အေးအပါအဝင် အဲဒီ သုံးယောက်စလုံးက ကျနော့လိုပဲ စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ကာလအတန်ကြာ ချုပ်နှောင်ခံခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ။
ကားတွေပေါ်က ဆင်းလာပြီး လေထန်ကုန်းဘက်ကို မလာပဲ ကားလမ်းဘေးမှာပဲ ရပ်ပြီး စကားပြောနေကြသူတွေလည်း အများကြီးပါ။ သူတို့တွေ တနေရာရာက၊ အလူအတန်းတခုခု၊ အခန်းအနားတခုခုက ပြန်လာကြတာလား။ ဒီနေ့က ဩဂုတ်လ ၇ ရက်နေ့လေ။ နက်ဖြန်ဆို ဩဂုတ်လ ၈ ရက်၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး ၁၉ နှစ်ပြည့်မယ့်နေ့။ ဒီလိုအချိန်မျိုးမှာ ထောက်လှမ်းရေးတွေက လူအုပ်စုမှန်သမျှကို သတိကြီးကြီးစောင့်ကြည့်နေတတ်တာ၊ အလွယ်တကူ သံသယဝင်တတ်တာမို့ လူစုလူဝေးဖြစ်နေတာ သိပ်မကောင်းဘူးလေ။
“မခက်မာ ရေ၊ ဘယ်က ပြန်လာသလဲဗျာ” လို့ မေးလိုက်ပေမယ့် ကျနော် မေးတာကို သူက မကြားပါ။ ဒါပေမယ့် ဒေါသထွက်လို့ တင်းမာနေတဲ့ မျက်နှာနဲ့ မခက်မာက ကျနော့်ဘေးက လူတစ်ယောက်ကို ရှင်းပြပါတယ်။
“ကျမတို့ ကားပေါ်ထိုင်ပြီး စောင့်နေတာကို ကားဒရိုင်ဘာကလာပြီး တခြားကား ပြောင်းစီးကြပါလို့ ပြောတယ်။ ဘာကြောင့်လဲ မေးတော့လည်း မပြောဘူး။ ဒီကား ထွက်လို့ မရတော့ဘူးလို့ပဲ ပြောတယ်။ တခြားကားတွေကြည့်တော့လည်း ကားပေါ်က လူတွေအားလုံးကို နှင်ချနေတယ်လေ။”
“ဟာ၊ ဒီလိုလုပ်လို့ ဘယ်ရမလဲ၊ ကားတွေက ပိုက်ဆံအပြည့် ရှင်းထားပြီးသားလေ၊ ဈာပနကလည်း စတော့မှာ၊ ဒီအချိန်မှ တခြားကားတွေ ငှါးဖို့လည်း မဖြစ်နိုင်တော့ဘူး” လို့ ဝင်ပြောသူက ဆရာမ နှင်းဝေငြိမ်းပါ။
တစ်ယောက်က ဝင်ပြောပါတယ်။ “ကားတွေအားလုံး ထွက်ခွင့်မရဘူးတဲ့၊ မထသက လာတားသွားတာတဲ့”။
“ဒါ၊ ထောက်လှမ်းရေးက တမင်လုပ်တာ၊ ကားသမားတွေကို ခြိမ်းခြောက်ပြီး ဈာပနကို အနှောက်အယှက်ပေးတာပဲ၊ ရှင်တုံးကလည်း ဒုက္ခပေး၊ သေတော့လည်း နှောက်ယှက်နဲ့ အတော်ယုတ်မာတဲ့ လူတွေပါဗျာ” ဆိုပြီး ဆရာ ရီနေနိုင်က မချိတင်ကဲ ဝင်ပြောပါတယ်။
သူတို့ စကားတွေအရ ကျနော် နားလည်လိုက်တာက ကျနော်တို့ စာပေလောကသားတစ်ယောက်ရဲ့ ဈာပနကို သွားဖို့ သက်ဆိုင်သူမိသားစုက ၃၃ လမ်းထိပ်မှာ ကားတွေ စီစဉ်ပေးထားတာကို ထောက်လှမ်းရေးက ဝင်ဖျက်တဲ့ သဘောပါပဲ။ ဘယ်သူများ သေဆုံးသွားပါလိမ့်။ သတင်းစာမဖတ်တာကြာတော့ နာရေးကြော်ညာတွေလည်း မသိတော့ပါ။ ကျနော်သိချင်လို့ မေးတာကိုလည်း ဘယ်သူကမှ မဖြေကြဘူး။ လူတိုင်းနီးပါးက သူတို့ရဲ့ လက်ကိုင်ဖုန်းကလေးတွေ ထုတ်ပြီး ဖုန်းတွေ ဆက်နေကြပါပြီ။
အဲဒီအချိန်မှာ မခက်မာနဲ့ ဆရာမ နှင်းဝေငြိမ်းတို့နှစ်ယောက်က ကားလမ်းတစ်ဘက်ကို ကူးပြီး တက္ကစီကားငှါးနေတာ တွေ့လိုက်ပါတယ်။ ” ရေဝေးသုသာန်ကို၊ ဘယ်လောက်လဲ”။ “လေးထောင်ပေးပါ”။ “သွားမယ်”။ သူတို့နှစ်ယောက် ကားပေါ်တက်သွားတာတွေ့လိုက်လို့ “ဟေး။ မခက်မာ။ မနှင်းဝေငြိမ်း။ ကျနော်လည်း လိုက်မယ်လေ။ ကျနော့်ကို စောင့်ပါဦး” လို့ အကျယ်ကြီးအော်လိုက်ပေမယ့် နှစ်ယောက်စလုံးက ကျနော့်ကို လှည့်မကြည့်ပဲ ထွက်ခွါသွားကြပါတယ်။ ဘယ်လိုလဲ၊ စိမ်းကားလှချည်လား ဆရာမတို့ရယ်။
၃၃ လမ်းထဲမှာ လူအုပ်ကြီးက ပိုပြီး များပြားလာပါတယ်။ မိုးရေကြောင့် စိုစွတ်နေတဲ့ ၃၃ လမ်းဟာ လူအများရဲ့ မကျေနပ်မှုတွေနဲ့ မွန်းကြပ်နေပြန်ပါတယ်။ အသုဘကားတွေပေါ်က ဆင်းလာရတဲ့ စာပေလောကသားတွေရော၊ ဘာတွေဖြစ်နေသလဲလို့ စူးစမ်းကြတဲ့ လူတွေရော၊ အများကြီးပါ။ ဆရာရီနေနိုင်ကတော့ ဖုန်းပြောနေတုံးပါပဲ။
“ဒီလို ဖြစ်နေတယ် ကိုစိုးထွန်းရဲ့၊ ကျနော်တို့ ဘယ်လို လုပ်ရမလဲ၊ လူတွေအများကြီးအတွက် တက္ကစီအလုံအလောက်ရဖို့လည်း မဖြစ်နိုင်ဘူး၊ သိပ်နောက်ကျရင်လည်း ရေဝေးကို မီးသဂြိုလ်တဲ့ အချိန်တောင်မီမှာ မဟုတ်ဘူး”။ တစ်ဘက်က တစ်ခုခု ပြန်ပြောလို့ ဆရာက ဖုန်းကိုချပြီး ကျန်တဲ့ လူတွေကို ရှင်းပြပါတယ်။ “ကျနော် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုစိုးထွန်းကို ဖုန်းဆက်ပြီး အကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။ သူတို့က ရေဝေးမှာ ရောက်နေပြီး ဈာပနအခန်းအနား စီစဉ်နေကြပါတယ်။ ထောက်လှမ်းရေးက စောင့်ကြည့်တဲ့လူတွေလည်း အဲဒီမှာ ရှိနေပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေက အဲဒီထောက်လှမ်းရေးတွေကို ဒီပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုပါလိမ့်မယ်။ ပြီးတော့ ကိုစိုးထွန်းကိုယ်တိုင် ရေဝေးက ရနိုင်သမျှကားတွေကို ငှါးပြီး ဒီကို လာခေါ်မယ်လို့ ပြောပါတယ်။”
ဆရာက အဲဒီလို ရှင်းပြလို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဆူညံသံတွေ တိတ်သွားပေမယ့် ခဏပါပဲ။ “မတရားဘူးဗျာ” တစ်ယောက်က ကြေကြေကွဲကွဲကွဲပြောပါတယ်။ တစ်ယောက်က ထောက်ခံပါတယ် “ဒီလောက် မတရားတာကို ကျနော်တို့ ဒီအတိုင်း ငြိမ်ခံရမှာလားဗျာ”။ နောက်တစ်ယောက်က ထပ်ပြောပါတယ်၊ “ကျနော်တို့ ကားနဲ့ သွားလို့မရရင် လမ်းလျှောက်သွားမယ်ဗျာ။ ရေဝေးကို ဘယ်အချိန်ရောက်ရောက်။ ကျနော့် သူငယ်ချင်းရဲ့ နောက်ဆုံးခရီးကို ဘယ်လောက်ဝေးဝေး လမ်းလျှောက်ပြီး ကျနော် ပို့မယ်” တဲ့။
အဲဒီလို ပြောသူက ကျနော့် သူငယ်ချင်း ကဗျာဆရာပါ။ ငိုကြွေးရင်း ပြောနေတာပါ။ သေချာပါပြီ။ သူရော ကျနော်ရော နှစ်ယောက်စလုံးနဲ့ ရင်းနှီးချစ်ခင်သူတစ်ယောက် ကွယ်လွန်သွားတာပါ။ “ဟုတ်တယ်၊ ရေဝေးသုသာန်ကို လမ်းလျှောက်ကြမယ်”။ ထောက်ခံသူတွေ များလာပါတယ်။ ထိုင်ခုံပေါ်က လူတွေ မတ်တပ်ရပ်ကြပါတယ်။ ၃၃ လမ်းပေါ်ကနေ ဗိုလ်ချုပ်လမ်းဆီ တချို့က စတင် ရွေ့လျားကြပါတယ်။ ရှေ့ကသွားသူကသွား၊ နောက်ကလိုက်သူက လိုက်ရင်း၊ ဘေးနှစ်ဖက်ကနေ ဝိုင်းအုံကြည့်ကြရင်း လမ်းပေါ်မှာ လူတန်းရှည်ကြီး ဖြစ်လာပါပြီ။ ကျနော်လည်း အဲဒီ လူအုပ်ထဲ ရောက်ရှိသွားပါတယ်။ သူငယ်ချင်းကဗျာဆရာအနားကပ်ပြီး “ငါလည်း မင်းနဲ့အတူ လျှောက်မယ်ကွ” လို့ ပြောလိုက်ပါတယ်။
ကျနော့်စကားကို သူမကြားပါ။ ရှေ့က အချေအတင်ပြောဆိုမှုတစ်ခုကို သူ့အာရုံက ရောက်နေပါတယ်။ ရှေ့မှာက မြို့နယ်အာဏာပိုင်အချို့နဲ့ ထောက်လှမ်းရေးအချို့ ရောက်နေပြီး ဆရာရီနေနိုင်၊ ကျနော်တို့က SE လို့ ချစ်စနိုးခေါ်ကြတဲ့ သုံးရောင်ခြယ်က ကိုစိန်လှိုင်၊ ဗကသ ကိုတင်အေးတို့နဲ့ စကားပြောနေကြပါတယ်။
“ကျနော်တို့က လမ်းလျှောက်ချင်လို့ လျှောက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကားသမားတွေက ပိုက်ဆံယူထားပြီး လိုက်ပို့ပေးဖို့ ပျက်ကွက်လို့ လမ်းလျှောက်ရမှာ” လို့ ကိုတင်အေးပြောတာကို ကြားလိုက်မိပါတယ်။ ခဏအကြာမှာတော့ အာဏာပိုင်များဘက်က အလျှော့ပေးပါတယ်။ သူတို့ ကားတွေကို ပြန်ခေါ်ပေးပါ့မယ်။ လမ်းမလျှောက်ကြပါနဲ့တဲ့။ “ခင်ဗျားတို့ကားတွေခေါ်တာ သိပ်ကြာရင် ကျုပ်တို့ အသုဘ မမီပဲ နေလိမ့်မယ်” လို့ ဆရာရီနေနိုင်က ပြောတော့ ထောက်လှမ်းရေးတွေက “မကြာပါဘူး၊ ကားတွေက မြို့တော်ခန်းမထဲမှာ ရပ်ထားတာပါ” တဲ့။ လက်စသပ်တော့ အသုဘပို့ဖို့ ကွယ်လွန်သူရဲ့ မိသားစုက ပိုက်ဆံပေးငှါးထားတဲ့ ကားတွေကို ဒီအာဏာပိုင်တွေက ခြိမ်းခြောက်ပြီး ၃၃ လမ်းနောက်က မြို့တော်ခန်းမဝင်းကြီးထဲမှာ သိမ်းဝှက်ထားတာကိုး။
ဒီလိုနဲ့ ကျနော်တို့ အားလုံး ၃၃ လမ်းထိပ်၊ ဗိုလ်ချုပ်လမ်းနဘေးကနေ ကားစောင့်ကြပါတယ်။ ကားတွေ ပြန်လာပါပြီ။ စာပေလောကသားတွေလည်း ဟီးနိုးကားကြီး ၃ စီးပေါ်ကို အစီအရီ တက်ရောက်နေရာယူနေကြပါတယ်။ ဒရိုင်ဘာတွေက သူတို့ကို အပြစ်မတင်ဖို့ တောင်းပန်ကြပြီး အသုဘကို အချိန်မီရောက်အောင် မောင်းပို့ပေးမယ့်အကြောင်း ပြောကြပါတယ်။
ကျနော့် သူငယ်ချင်းကဗျာဆရာက မျက်ရည်တွေနဲ့ပဲ ကားပေါ်ကို တက်သွားပါပြီ။ ကျနော်လည်း ကားပေါ်ကို တက်မယ်ပြင်ပြီးမှ သတိရလို့ ကားဘေးနံရံမှာ ကပ်ထားတဲ့ နာရေးကြော်ငြာစာရွက်ကို ဖတ်ကြည့်လိုက်ပါတယ်။
“ချစ်ညီညီ (ခေါ်) ရွှေဘုန်းလူ (ခေါ်) စာရေးဆရာ တာရာမင်းဝေ
အသက် (၄၁) နှစ်” တဲ့။
ဘုရားရေ။ ကျနော် မိုက်ကနဲ ဖြစ်သွားပါတယ်။ ကျနော်ဟာ ချစ်ညီညီပါ။ ကျနော်ဟာ ရွှေဘုန်းလူပါ။ ကျနော်ဟာ တာရာမင်းဝေပါ။ ဒါ ကျနော့် ဈာပနပါလား။ ကျနော် သေသွားပြီလား။
ကားတံခါးအဝမှာ ရပ်တန့်ပြီး ခြောက်ခြားတွေဝေနေတဲ့ ကျနော့်ကို ကျန်သူတွေက ဖြတ်သန်းပြီး ကားပေါ်ရောက်သွားကြပါပြီ။ သူတို့ ခန္ဓာကိုယ်တွေက ကျနော့် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကြပေမယ့် သူတို့ ကျနော့်ကို ထိတွေ့မိကြပုံမရပါ။ ဘုရားသခင်။ ကျနော်ဟာ ကျနော့် ခန္ဓာကိုယ်နဲ့ အတူတကွမရှိတော့ပါ။ ကျနော့် သူငယ်ချင်းတွေက ကျနော့်ကို မမြင်ကြ၊ မထိကြ၊ မကြားကြတော့ပါ။ သူတို့အားလုံးဟာ ကျနော့်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့နေကြတာပါ။
ကျနော် သေနေပြီပေါ့။ မိုးစက်တွေ ကျလာပါတယ်။ တဖြေးဖြေးသည်းထန်လာတဲ့ မိုးစက်တွေက ကျနော့် ခန္ဓာကိုယ်ကြီးကို အလွယ်တကူထိုးဖောက်ဖြတ်သန်းပြီး လမ်းမပေါ်ကို စီးကျနေလေရဲ့။ ဘဝတစ်ခုလည်း အဆုံးသတ်ခဲ့ပါပြီ။
(အောင်ဒင်သည် တာရာမင်းဝေ၏ အကိုရင်းဖြစ်ပြီး ဒတ္ထ ကလောင်အမည်ဖြင့် စာရေးသည်။ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင်လည်း ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည်။)
You may also like these stories:
မြန်မာ ဘာသာစကားကို မြတ်နိုးသူ ဆရာကြီး ဂျွန် အိုကဲလ်