ဆောင်းပါး

ငွေတထောင်၊ ဟင်းတခွက်အတွက် ဖြုန်းတီးလိုက်တဲ့ ကမ္ဘာ့သယံဇာတများ

Want create site? Find Free WordPress Themes and plugins.

တပင်လုံးလိုလို အဝါရောင် အသီးမှည့်မှည့်တွေနဲ့ ပြည့်နှက်နေတဲ့ ညောင်ပင်ကြီးပေါ်မှာ အဝါ၊ အဖြူ အနက်တို့ ရောယှက် နေတဲ့ ငှက်တကောင်ဟာ အထက်အောက်စုန်ဆန် လူးလားခေါက်တုံ့နဲ့ အစာစားနေလေရဲ့။

အပင် တပင်လုံးကို သူတကောင်တည်း စားတော့မလိုပင်.. နေရာအနှံ့ ခုန်ပေါက် စားနေတာပါ။

ဒီငှက်ဟာ ကမ္ဘာမှာ မျိုးသုဉ်း ပျောက်ကွယ်လုလု ဖြစ်အောင် ရှားပါးနေပြီဖြစ်လို့ နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ (IUCN) ရဲ့ အနီရောင်အဆင့် စာရင်းဝင် သတ်မှတ် ထိန်းသိမ်း ကာကွယ်နေရတဲ့ အောင်လောင်ငှက်ပဲ ဖြစ်ပါတယ်။ အောက်ချင်းငှက်မျိုးထဲမှာ ပါဝင်တဲ့ ဒီအောင်လောင် ငှက်ဟာ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနက ထုတ်ပြန်ထားတဲ့ လုံးဝ ကာကွယ် ထိန်းသိမ်းရမယ့် တိရစ္ဆာန်မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။

ဒီ အောင်လောင်ငှက်တွေကို ဒီနေရာမှာ အုပ်လိုက်တွေ့ခဲ့ပြီး ပစ်ခတ်သတ်ဖြတ်ခံနေရတယ် ဆိုတာကြောင့် သတင်း ထောက်တွေ၊ ငှက်ဝါသနာရှင်တွေ စုရုံး ရောက်ရှိလာတာပါ။

စတွေ့တွေ့ချင်းမှာတုန်းက အကောင် ၄၀ လောက် ရှိတယ်ဆိုပေမယ့် ငှက်ပစ်သမားတွေရဲ့ ပစ်ခတ်သံတွေ ကြားပြီးနောက် တနေ့မှာ အကောင်၂၀ ကျော်လောက်ပဲ တွေ့ရတော့တာကြောင့် ငှက်ကြည့်ဝါသနာရှင် ၁ ဦးက သူ့ရဲ့ လူမှုကွန်ရက် စာ မျက်နှာမှာ စိုးရိမ်တကြီးနဲ့ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ယင်း အောင်လောင်ငှက်များကို ကာကွယ်စောင့်ရှောက်ရန် ပညာပေးဆိုင်းဘုတ်များ ချိတ်ဆွဲ လုပ်အောင်နေစဉ်(ထက်ဝေ၊ ဧရာဝတီ)

ဒါကြောင့် ချက်ချင်းပဲ အပြေးအလွှား လာရောက်ကြပြီး နံနက်အစောပိုင်းကတည်းက စောင့်ဆိုင်းနေပေမယ့်လည်း မွန်းလွဲ ၃ နာရီထိုးမှသာ သစ်ပင်ပေါ်မှာ တကိုင်းပြီး တကိုင်း လူးလားခေါက်တုံ့နဲ့ အစာစားနေတဲ့ ဒီတကောင်ပဲ ပေါ်လာတာပါ။

ဒီငှက်တွေ စားသောက်နေတဲ့ နေရာက ရန်ကုန်- မန္တလေး အမြန်လမ်းဘေး ရန်ကုန်မြို့နဲ့ ၈၃ မိုင်အကွာ ကျောက်တံခါး မြို့နယ် က ရဲနွယ်ကြိုးဝိုင်းမှာ ရှိနေတဲ့ ညောင်ပင်ပဲ ဖြစ်ပါတယ်။

လူများစုက ညောင်ပင်နဲ့ အတော်လှမ်းလှမ်းမှာ နေရာယူထား ကြတာဖြစ်ပေမယ့် ဒီလူတွေကြောင့်ပဲ ငှက်တွေမလာတာ ဖြစ်နိုင်တယ်လို့ ယူဆကြသလို အချို့ကလည်း ငှက်ထောင်၊ ငှက်ပစ်သမားတွေကြောင့် သေကုန်ကြပြီလားလို့ စိုးရိမ်နေကြ ပြန်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ နောက်တနေ့ လူတွေ ကျဲပါးသွားတဲ့ အချိန်မှာတော့ အကောင် ၂၀ လောက် တအုပ် ထပ်ပြီး လာရောက်ခဲ့ပြီး ယနေ့အထိလည်း အကောင်ရေ ၂၀ ဝန်းကျင်လောက် အစာလာစားကြပါသေးတယ်။

အောင်လောင်ငှက်တွေကို ဒီလို အုပ်လိုက်တွေ့ရဖို့ဖြစ်စဉ်ဟာ ကမ္ဘာမှာတောင် လုံးဝကို ရှားပါးတဲ့ ဖြစ်စဉ် ဖြစ်ပေမယ့် ဒီဒေသအတွက်တော့ မထူးဆန်းတဲ့ မြင်ကွင်းလို ဖြစ်နေပါတယ်။

“ဒီညောင်ပင်မှည့်ရင် အောင်လောင်တို့ အောက်ချင်းတို့ လာတယ်။ ငှက်ငနွားတို့ ငူတို့ ငှက်တောတို့ ၄၊ ၅၊ ၆ မျိုးလောက် လာတယ်။ ဒီနှစ်တော့ အောက်ချင်းက လုံးဝလာတာ မတွေ့ဘူး။ အောင်လောင်းနဲ့ ငူတွေပဲ လာတာတွေ့တယ်။ အရင်နှစ် တွေကတော့ အကြီးအကျယ်ပဲ ဒီနှစ်က ငှက်ငနွားကို လာတာ မတွေ့တော့ဘူး။ ဘယ်လိုတွေ ဖြစ်ကုန်လဲ မသိဘူး” ဟု အသက် ၆၇ နှစ်ရှိ ဒေသခံ ဦးသာထွေးက ပြောပါတယ်။

ဒေသခံ ပရဟိတသမားဖြစ်သလို စာရေးဆရာတဦးလည်း ဖြစ်တဲ့ ကိုစိုးထိုက်ကလည်း “ရှိနေတာတော့ ကြာပြီ။ ကျနော်တို့ ပြောရမယ်ဆိုရင် တန်ဖိုး မထားတတ်တာပေါ့။ ဒီငှက်ရဲ့ တန်ဖိုးကြီးမားပုံကို မသိတာပေါ့” လို့ ဆိုပါတယ်။

ပဲခူးရိုးမဖြစ်တဲ့ အဆိုပါဒေသမှာ အောင်လောင်ငှက်တွေကို အမြဲလိုလို မြင်တွေ့နေရသလို ဒေသခံတွေ၊ ငှက်ပစ်သမား၊ ငှက်ထောင်သူတွေကလည်း အမြဲလို ပစ်ခတ် ဖမ်းဆီးနေတယ်လို့ ကိုစိုးထိုက် အပါအဝင် ဒေသခံတွေက ပြောပြပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ ငှက်အများစုကို ရောင်းချရန် ဖမ်းဆီးလေ့ရှိပြီး ရောင်းရငွေမှာ ကျပ် ၅၀၀၊ ၁,၀၀၀ ဝန်းကျင်မျှသာလို့ ဆိုကြပါတယ်။ အောင်လောင်ငှက်ကိုတော့ စားသုံးဖို့အတွက် ဖမ်းဆီးလေ့ရှိပြီး နှုတ်သီးကို လေးဂွ ပြု လုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ငှက်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဦးဇေမောင်သိန်းကလည်း “ပဲခူး ရိုးမ တောက ကုန်သလောက်ဖြစ်နေပြီ။ ဒီလောက် ဧရိယာလေးမှာ ဒီလို ကောင်ရေတွေ့တာဆိုတာ တို့အတွက် ဝမ်းသာစရာ သတင်းပဲ။ ဝမ်းနည်းစရာသတင်းကတော့ ပစ်ခတ်စားသောက်တယ်ဆိုတဲ့ အန္တရာယ်ကျရောက်နေတဲ့ သတင်း ကြားရတာ ပဲ” လို့ ဆိုပါတယ်။

“ငှက်ငနွားကြီးကျတော့ တကောင်ကို ၁ ထောင်ရောင်းတယ်။ ကြက်တူရွေးတို့ ငူတို့ကျတော့ တကောင်ကို ၅၀၀ ရောင်း တာ။ အောင်လောင်ကိုကျတော့ မရောင်းဘူး ဒီတိုင်းချက်စားတာ။ ငှက်ငနွားရယ်၊ ငူရယ်၊ ကြက်တူရွေးရယ် ၃ မျိုးကို ရောင်းတယ်” လို့ ဦးသာထွေးက ပြောပြပါတယ်။

ဟင်းတခွက်စာ ရည်ရွယ်ချက်နဲ့ ဒီလို ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ အောင်လောင်ငှက်ကို အင်္ဂလိပ်လို The Great Hornbill လို့ ခေါ်ဆိုပြီး အိန္ဒိယကုန်းတွင်းပိုင်း ဒေသနဲ့ မြန်မာအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေမှာ တွေ့ရှိရပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြည်ခရိုင် နတ္တလင်းမြို့နယ်အတွင်း ကျရောက်လာသည့် လင်းယုန်ငှက်တကောင်ကို တွေ့ရစဉ်The Mirror Daily)

အောင်လောင်ငှက်ဟာ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ရဲ့ အမှတ်အသားငှက်ဖြစ်သလို အိန္ဒိယနိုင်ငံမှာလည်း Kerala နဲ့ Arunachal ပြည်နယ်တို့ရဲ့ အမှတ်အသားဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ အောင်လောင်ငှက်ဟာ အထီးနဲ့ အမ စုံတွဲ နေလေ့ရှိပြီး ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားရဲ့ ဥပမာတခု အဖြစ်လည်း ကျော်ကြားပါတယ်။

ဒီလို နာမည်ကျော် ဒေသခံမျိုးရင်း ရှားပါးငှက်တွေကို သာမက ယခုကဲ့သို့ ဆောင်းရာသီမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဆောင်းခိုငှက်တွေကိုလည်း ရောင်းချဖို့၊ စားသောက်ဖို့ ရည်ရွက်ချက်တွေနဲ့ ဖမ်းဆီးလေ့ရှိပါတယ်။

အခြားသော သားရိုင်းတိရစ္ဆာန်တွေလို ဆေးဖက်ဝင်လို့၊ တန်ဖိုးကြီးလို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ မရှိတာကြောင့် ငှက်ဖမ်း သမားတွေအတွက် ရရှိတဲ့ ငှက်တကောင်ရဲ့ ဈေးနှုန်းဟာ အများဆုံး ကျပ် ၅,၀၀၀ မကျော်သလို၊ အသားဟင်းအဖြစ် ချက် စားရင်လည်း တနပ်စာထက် မပိုပါဘူး။

သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS (မြန်မာ) မှ ငှက်သုတေသနနဲ့ ထိန်းသိမ်းရေး တာဝန်ခံ ဦးသက်ဇော်နိုင်က “ရှားပါး ကောင်တွေကို ထိန်းသိမ်းပြီးတော့ ပြစားသင့်တာပေါ့။ သတ်စားမယ်ဟေ့ ဆိုရင်တော့ တနပ်ပဲ စားလို့ရမှာလေ။ ဒါတောင် အကောင်ကြီးမို့လို့ အကောင်သေးဆိုရင် တနပ်စာတောင်မရဘူး တလုပ်စာပဲ ရှိတဲ့ အကောင်တွေလည်း ရှိတာကိုး။ ဒီကောင်တွေကို တနပ်စာ တလုပ်စာပဲ မစားဘဲနဲ့ ပြပြီး ရေရှည်စားဖို့အတွက် ရည်ရွယ်တာပေါ့။ အဲဒီလို ရည်ရွယ်ပြီးတော့ တဖက်တလမ်းကနေ ဝင်ငွေရအောင် လုပ်သင့်တယ်။ ဒါကလည်း ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု လိုတာပေါ့” လို့ ဆိုပါ တယ်။

မြန်မာနိုင်ငံမှာ ငှက်တွေ ဖမ်းဆီး သတ်ဖြတ်နေရတဲ့ အကြောင်းရင်းက စားသောက်ရန်၊ ရောင်းချရန်သာမက သေနတ်ပစ် ဝါသနာကြောင့်လည်း ပါဝင်ပါသေးတယ်။ အပျော်တမ်း သတ်ဖြတ်နေတဲ့ လေသေနတ် သမားတွေဟာ ငှက်တွေကို စား သောက်ရုံ၊ အမွှေးအတောင်တွေကို အလှဆင်ရုံလောက်သာ အသုံးချတာ ဖြစ်ပါတယ်။

“အောက်ချင်းငှက် တမျိုးတည်းတင် ပြဿနာ တက်နေတာ မဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ ဆောင်းခိုငှက်တွေ၊ အခြား ငှက်တွေလည်း အများကြီးပဲ ပြဿနာတက်နေတာ။ အားရပါးရ ပစ်နေကြတာ။ သူတို့ ပစ်တာ ဟင်းစားဖို့ တကောင်တင် မဟုတ်ဘူး။ တွေ့ရင် ရသလောက်ပစ်တာ” လို့ ဦးဇေမောင်သိန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်ပေါင်း ၁,၁၁၄ မျိုး ရှိနေပြီး ဒီထဲက မျိုးစိတ် ၆ မျိုးကတော့ ဒီနိုင်ငံမှာ တွေ့ရတဲ့ ဒေသရင်း ရှားပါး ငှက်မျိုးစိတ်တွေ ဖြစ်တယ်လို့ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ)ထံမှ သိရပါတယ်။

IUCN စာရင်းအရ ကမ္ဘာလုံးမျိုးသုဉ်းရန် အန္တရာယ် ကျရောက်နေသော မျိုးစိတ် ၄၆ မျိုး မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ အဲဒီ ထဲကမှ ၈ မျိုးဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်ဖြစ်ပြီး ၁၂ မျိုးဟာ မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ မျိုးစိတ်ဖြစ်ကာ ၂၆ မျိုးမှာ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်တဲ့ မျိုးစိတ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနကလည်း မြန်မာနိုင်ငံ မှာရှိတဲ့ ငှက်မျိုးစိတ်ပေါင်း ၆၃ မျိုးကို လုံးဝ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ အဲဒီစာရင်းကို၂၀၂၀ မတ်လက ထပ်မံဖြည့်စွက် ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

အရင်က လွယ်လွယ်ကူကူ မြင်တွေ့ရတဲ့ ဇင်ယော်မျိုးတွေက စလို့ ဒေါင်းတွေ၊ တောဘဲလို့ ခေါ်တဲ့ မန်ဒါလီတွေ တင်မကပါ ဘူး။ ဘုရားပွဲတွေမှာ မကြာခဏ ကြားဖူးမယ့် စနိုက်ကြော်ပါ။ ဘုရားပွဲတွေမှာ ၂,၀၀၀ ဖိုး ၃ ကောင်နဲ့ ရောင်းနေတဲ့ စနိုက် တွေဟာ အစစ် ဟုတ်မဟုတ် မသိပေမယ့် လုံးဝ ကာကွယ် ထိန်းသိမ်းရမယ့် ငှက်မျိုးစိတ် ဖြစ်နေပါပြီ။

အင်္ဂလိပ်အမည် Wood Snipe သိပ္ပံအမည် Gallinago nemoricola လို့ ခေါ်တဲ့ စနိုက်တွေဟာ ဌာနေမျိုးရင်း မဟုတ်ဘဲ ဆောင်းရာသီမှ အလည်လာတဲ့ ဧည့်သည်ငှက်စာရင်း၊ ဆောင်းခိုငှက်စာရင်းမှာ ပါပါတယ်။ တကမ္ဘာလုံးမှာ ကောင်ရေ တသောင်းအောက် လျော့နေပြီ ဖြစ်တဲ့ ဒီငှက်တွေ မျိုးပြုန်းရတဲ့ အဓိက အကြောင်းရင်းက အခြားငှက်တွေလိုပါပဲ အမဲလိုက် သတ်ဖြတ်ခံရလို့ပါ။

ကမ္ဘာ့အအေးပိုင်းဒေသက ငှက်တွေဟာ ဆောင်းရာသီမှာ သူတို့ နေထိုင်ရာ အရပ်တွေမှာ အလွန်အေးတာကြောင့် အအေးသက်သာတဲ့ အရပ် ဒေသတွေကို ခေတ္တ ပြောင်းရွှေ့ နေထိုင်တတ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဆောင်းခိုငှက် ပုံမှန်လာ ရောက်ချိန်ဟာ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ နောက်ဆုံးအပတ်မှ ဇန်နဝါရီလ ကုန်နှင့် ဖေဖော်ဝါရီလ ပထမအပတ်ထိ လာရောက်လေ့ ရှိပါတယ်။

အထူးသဖြင့် ရေတိမ်ဒေသတွေ ဖြစ်တဲ့ အင်းတော်ကြီးကန်နဲ့ အင်းလေးကန် ဘေးမဲ့တော တို့ဖြစ်ပါတယ်။ မိုးယွန်းကြီးအင်း လို ဒေသမျိုးကိုလည်း လာတတ်ပါသေးတယ်။

အခုလို ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာဆိုရင် ဆောင်းခိုငှက်တွေ အတော်များများ စုံစုံလင်လင် ရောက်လာကြပြီး မတ်လ လောက်ဆိုရင် ဌာနေကို ပြန်ကြမှာပါ။

ဒီဆောင်းခိုငှက်တွေဟာ ရုရှား၊ တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်စတဲ့ မြောက်ပိုင်းဒေသတွေကနေ ဒီတောင်ဘက် ပိုင်းကို ယာယီပြောင်းရွှေ့ကျက်စားတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းကပဲ ပြည်ခရိုင် နတ္တလင်းမြို့နယ်အတွင်း ကျလာတဲ့ ဆောင်းခိုငှက် လင်းယုန်ငှက် တကောင်နဲ့ စစ်တွေနယ်အတွင်း ကျရောက်လာတဲ့ ဟိမဝန္တာ လင်းဠ နှစ်ကောင်ကို သစ်တော အရာရှိဟောင်း ဦးမောင်မောင်သန်း ဦးဆောင်တဲ့ အဖွဲ့က ဦးဆောင်ကာ သစ်တောဦးစီး ဌာနသို့ အပ်နှံ စောင့်ရှောက်စေခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းက စစ်တွေမြို့နယ်အတွင်း ကျလာသည့် ဟိမဝန္တာ လင်းဠ နှစ်ကောင်အနက် တကောင်အား မြို့နယ်သစ်တောရုံးတွင် တွေ့ရစဉ် (ဦးမောင်မောင်သန်း facebook မှ ကူးယူဖော်ပြသည်)

ဒီငှက်မျိုးစိတ်တွေဟာလည်း အခြား တိရစ္ဆာန်တွေလို ကမ္ဘာ့သယံဇာတတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့သယံဇာတ ဆောင်းခိုငှက်တွေရဲ့ ဝမ်းနည်းစရာသင်္ချိုင်းလည်း ဖြစ် နေပါတယ်။

ဒါ့ပြင် ငှက်မျိုးစိတ်တွေကို နောက်ထပ် ပြုန်းတီးစေတဲ့ အချက်က အလှမွေးဖို့နဲ့ ပြန်လွှတ်ဖို့ ဖမ်းဆီးတာတွေပါ။ မြန်မာနိုင် ငံမှာ တိရစ္ဆာန်တွေကို ဘေးမဲ့လွှတ်တာက အလေ့အထလို ဖြစ်နေပေမယ့် ငှက်တွေကိုတော့ ဖမ်းဆီးသူတွေက ဖမ်းဆီးပြီး ပြန်လွှတ်မယ့် သူတွေကို ရောင်းချနေတာမျိုး ဖြစ်ပါတယ်။ ဖမ်းဆီးသူနဲ့ဝယ်ယူပြီး လွှတ်ပေးသူတွေရဲ့ အရောင်းအဝယ် ကွင်းဆက်ထဲမှာတော့ ငှက်ကောင်ရေ အများအပြား ဖိတ်စင်သေဆုံးမှုတွေတော့ ရှိနေပါတယ်။

အဲဒီ ဖြစ်ရပ်တွေကို အဆုံးသတ်ဖို့အတွက် ဥပဒေအရ အရေးယူမှုတွေရော ပညာပေးမှုတွေပါ လိုအပ်နေသေးကြောင်း ပညာရှင်တွေက ထောက်ပြ သုံးသပ်ကြပါတယ်။

“ဒါကို ပညာပေးဖို့ အများကြီး လိုတယ်။ လေသေနတ်ဆိုတာ တကယ်က တရားမဝင်ဘူး။ တရားမဝင်တာကို ကိုင်တဲ့သူ တွေက သူတို့ကိုယ် သူတို့ တရားဝင်တယ်လို့ ထင်နေတယ်။ လူထုကို ပညာပေးဖို့ အများကြီး လိုသေးတယ်။ သစ်တော ဥပဒေကို တိတိကျကျ ပြတ်ပြတ်သားသား လုပ်ဖို့လည်း လိုတယ်” လို့ ဦးဇေမောင်သိန်းက ဆိုပါတယ်။

ဦးသက်ဇော်နိုင်ကလည်း “ကျနော်တို့ဆီကို ပုံမှန် ရောက်လာတဲ့ ငှက်တွေက ကျနော်တို့ နိုင်ငံက သဘာဝသယံဇာတ တခု ပဲ။ ဒီကောင်တွေ မလာတော့ဘူး။ ဒီကောင်တွေ ဖမ်းခံရလို့ ပျက်စီးသွားပြီဟေ့ဆိုရင် ကျနော်တို့ သယံဇာတ တခု ဆုံးရှုံး သွားတာပဲ။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက ကိုယ့်နိုင်ငံမှာရှိတဲ့ သယံဇာတတွေ ကိုယ့်နိုင်ရဲ့ အဖိုးတန်တဲ့ အလှအပ တွေ မပျက်စီးအောင်လို့ ထိန်းသိမ်းဖို့ လိုတာပေါ့” လို့ ပြောပါတယ်။

ရေရှည်မှာ ဒီလိုရှားပါးငှက်မျိုးစိတ်တွေ ဒီနိုင်ငံမှာ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆို ပြသနိုင်ရုံနဲ့ ဒေသခံတွေရဲ့ ဝင်ငွေ၊ နိုင်ငံ တော်ရဲ့ ဝင်ငွေတွေ ဖြစ်လာနိုင်ပါလျက် မိနစ်ပိုင်းလောက် အရသာခံဖို့၊ တဝမ်းတခါးအတွက် ရောင်းချဖို့တွေ၊ ဝါသနာ အလျှောက် ပစ်ခတ်တာတွေကြောင့် မျိုးသုဉ်း ပျောက်ကွယ်နေရပါတယ်။

ဒါကြောင့်လည်း ငွေတထောင်၊ ဟင်းတခွက်အတွက် ငှက်မျိုးစိတ်သယံဇာတတွေ ဆုံးရှုံးနေရတာကို ဝိုင်းဝန်းကာကွယ်ပေး ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

You may also like these stories:

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေး ကတိကဝတ်များ ဒေါ်အောင်ဆန်းစုကြည် ကြေညာ

နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်

တောင်ဇလပ်ပန်းနှင့် ချင်းသစ်ခွတို့အား ခူးယူဖျက်ဆီးပါက အရေးယူတော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading