အယ်ဒီပိုလို၊ ပါး(လ်)ဝှိုက်၊ ဖရန်စ္စဖို့ဒ်၊ အဲ(လ်)မိုး စသော အနောက်နိုင်ငံ ဇာတ်လိုက်များ ပါဝင်သည့် ဇာတ်ကားရှည်ကြီး များနှင့်သာ ကျေနပ် နေကြရစဉ် အခါတွင် ဤနေ့ ဤရက်၌ မြန်မာတွေ ကိုယ်တိုင် ဇာတ်လိုက်မင်းသား၊ မင်းသမီး အဖြစ်ဖြင့် အသုံးတော် ခံကာ မြန်မာပြည်တွင် ရိုက်ကူးသော ဘားမားဖလင် ကုမ္ပဏီ၏ မြန်မာဇာတ်ကားကို ပြပါတော့မည် ဟူသော ကြော်ငြာ သတင်းသည် မြန်မာရုပ်ရှင်ကြည့် ပရိသတ်တို့အား အထူးတလည် လှုပ်လှုပ်ရှားရှား ဖြစ်စေလေတော့၏။
အမျိုးမျိုး အဖုံဖုံ ထင်ကြေးပေးကာ လာလတ္တံ့သော ဗမာကား၏ အကြောင်းကို ပြောကြတော့၏။ မင်းသားက ဘယ်သူ၊ မင်းသမီးက ဘယ်အဝှာ ဘာဇာတ်ကား ဟူ၍ပင် မသိရသေး သော်လည်း မျှော်တော်ဇောနှင့် အမောကြီး မောကာ ရုပ်ရှင်ရုံမှ ပေါက်ကြားသမျှ သတင်းများကို မြိန်ရေယှက်ရေ ပြောကြရ၏။
ကျနော်ကိုယ်တိုင် အသက် ၁၂ နှစ်သား အရွယ်လောက်က အနောက်နိုင်ငံကား တခုတွင် မြန်မာ အမျိုးသမီးများ ဆေးလိပ် လိပ်၍ နေကြပုံ သတင်းကား တခုကို ကြည့်ဖူးပါသည်။
ဇာတ်လမ်း မဟုတ်၊ ဆေးလိပ် လိပ်နေရုံမျှသာ ဖြစ်သော်လည်း ပိတ်ကားပေါ်တွင် ကိုယ့် အမျိုးသမီးများ၏ပုံ ပေါ်၍ လာသည်နှင့်ပင် ရုပ်ရှင်ကြည့် ပရိသတ်မှာ ဝမ်းသာအားရ ဆူညံညံ ဖြစ်၍ သွားသည်ကို ကြုံခဲ့ရပါသည်။
ယခုကဲ့သို့ မြန်မာ ဇာတ်လမ်းကို ရုပ်ရှင်ပေါ်တွင် မြင်ရတော့မည် ဟူသော သတင်း ပေါ်ထွက်လာသည့် အချိန်တွင် မည်မျှ ဆန်းကြယ်မည်ကို အတွေးနှင့် ခန့်မှန်းကာ ရုပ်ရှင် ပရိသတ်တို့မှာ ပြော၍မဆုံး၊ မျှော်၍မဆုံး ဖြစ်နေကြတော့သည်။
“မေတ္တာနှင့်သူရာ” ဇာတ်ကားကြီး ပြပါပြီဟု ကြော်ငြာတွေ ဝေနေသော နေ့တွင် ရန်ကုန် ပရိသတ်မှာ ထိုနေ့အဖို့ အထူး တလည် ပြင်ဆင် ကြတော့၏။
ယခု စကော့ဈေးတွင် ရှိသော နေရာတွင် အနောက်ဘက်၌ အယ်လီဖင်စတုံးရုံ၊ အလယ်တွင် ဖာရစီပွဲများ ကပြသော အင်ပါယာ သီရေးတားရုံ၊ အရှေ့ဘက်တွင် ရွိုင်ရယ် စီနီမာ ဒီ ပဲရစ်ရုံ ဟူ၍ ရုံသုံးရုံ စီတန်းလျက် ရှိ၏။
ထိုသုံးရုံအနက် အရှေ့ဘက်ဆုံးတွင် ရွိုင်ရယ် စီနီမာ ဒီ ပဲရစ် ရုံမှာ အတွင်းကျ၍ ရှေ့တွင် ပန်းခြံနှင့် ဘေးတဖက် တချက် တွင် စမူဆာ၊ ပလာတာ၊ အဖျော်ရည်၊ လက်ဖက်ရည် ဆိုင်တန်းများ တခမ်းတနား သပ်ရပ်စွာ ရှိ၏။
ပထမ မြန်မာ ဇာတ်ကားကို စတင်၍ ပြသောရုံမှာ ဤရုံပင် ဖြစ်လေသည်။
ပရိသတ်ကြီးမှာ ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိ၏။ လက်မှတ်ရုံကလေးမှာလည်း လူတိုးအား ကြီးသဖြင့် ယိမ်းယိုင် လဲပြိုမတတ် ဖြစ်၍ နေလေရာ၊ ရုံစောင့်များမှာ များစွာ တောင်းပန်ကာ လက်မှတ်များကို ဖြည်းဖြည်းသက်သာ ဝယ်ကြရန် ဖျောင်းဖျပြောဆို နေကြရတော့၏။
ခြေလျင် တမျိုး၊ လံချား တဖုံ၊ မြင်းရထားနှင့် တပြုံတခေါင်း လက်မှတ်ရောင်း သလောက် နေရာ မရှိ၊ မတ်တတ်ရပ်၍ ကြည့်ရသော သူများမှာ ဇွဲကောင်းကောင်းနှင့်ပင် ရပ်၍ ကြည့်ကြရ၏။
ရုပ်ရှင်ပြချိန် နီးလေပြီ။ ပဏာမ တီးဝိုင်းမှ သီချင်းစ၍ တီး၏။ ယခု တီးဝိုင်းမျိုး မဟုတ်။ ဘင်ဂျို မပေါ်သေး။ စန္ဒရား တလုံး၊ မယ်ဒလင် တလက်၊ တယော တလက်နှင့် အဆိုတော်များသာ ပါဝင်၏။
ယခုခေတ် တီးဝိုင်းများလို ဆူဆူညံညံ မဟုတ်။ များစွာ သာယာ၍ ကြည့်သူများ အဖို့ နားဝင် ချိုအေးလှပေသည်။
ပရိသတ်များမှာလည်း တမတ်တန်း အာကောင်နီများမှ လွဲ၍ အခမ်းအနား အလှူအတန်း မင်္ဂလာပွဲများတွင် ပွဲထိုင် သကဲ့သို့ ဂုဏ်တုဂုဏ်ပြိုင် ဝတ်ဆင်ကာ ဂိုက်အမျိုးမျိုး ထုတ်လျက် ရှိကြ၏။
ဇာတ်ကားကို စ၍ ပြလေပြီ။ ထွက်လျှင် ထွက်ချင်းပင် ကားပေါ်တွင် ခပ်တုန်တုန် ခပ်မှုန်မှုန် ထွက်လာသော စာတန်းကား “ပထမ မြန်မာ ဇာတ်ကား ဖြစ်သဖြင့် တုန်ခြင်း မှုန်ခြင်းကို သည်းခံပါ” ဟူသော တောင်းပန်စာပင် ဖြစ်လေ၏။
စာကိုဖတ်၍ ဆုံးသောအခါ၌ မည်မျှအထိ သည်းခံရမည်ကို တွေးတောကာ စိတ်ပျက်မည်ကို ဝေးစွ၊ ဤစာတန်းကို သဲသဲကွဲကွဲ ဆုံးအောင် ဖတ်လိုက် ရသည်ကိုပင် ဝမ်းသာသလိုလို ရှိမိပေ၏။
မျက်နှာကို ခြယ်လှယ်မှု ဓာတ်ပုံ အလင်းအမှောင် ယူမှု ဟူ၍ မရှိလှသေး။ ကားထဲတွင် ပါဝင်သူ အားလုံးလိုလိုပင် မည်းမည်း သဲသဲ ရှိလှ၏။
သို့သော် မြန်မာ ရုပ်ပုံများကို မြင်ရသည်မှာ ဤအကြိမ်သည် ပထမအကြိမ် ဖြစ်လေရာ အတော်ပင် ဂရုစိုက်၍ ကြည့်ကြရ ၏။ တောင်းပန်စာနှင့် လိုက်လျော ညီစွာ အရုပ်များမှာ တုန်လှ မှုန်လှပါသည်။ သို့သော် မြန်မာဇာတ်ကား ဖြစ်သဖြင့် ကြည့်ရသည်မှာ အလွန် အရသာ ရှိလှပါပေ၏။
ထို ရုပ်ရှင် ခေတ်ဦးက ဇာတ်လိုက် တယောက် ဖြစ်သော “တုပ်ကြီး” အမည်ခံ “ကိုပု” သည် ကား တကားတွင် ထန်းတော ထဲရှိ ထန်းပင် အောက်၌ အုန်းမှုတ်ခွက်နှင့် မြူအိုးထဲ၌ ထန်းရည်ကို ခပ်ယူ၍ တချက်မျှ မော့လိုက်ရုံနှင့် ဘရန်ဒီ သုံးပုလင်း လောက် သောက်သလောက် တရကြမ်း မူးပစ်လိုက်ရာ တုပ်ကြီးအား “သဘာဝ ကျလှပေသည်” ဟု ချီးကျူးကြ၏။
မင်းသမီးအား လူဆိုးက ဆွဲရာတွင် ယခုခေတ် ကဲ့သို့ မဟုတ်၊ ထိုခေတ်မှာ ကြမ်းတမ်းသော အမူအရာကို တော်တော် ဂရုစိုက် ရသောခေတ် ဖြစ်ပါ၏။
ထိုသို့ ဖြစ်လေရာ မင်းသမီးအား ပွေ့ဖက်၍ ခေါ်လိုက်ပါက မောင်နှင့်နှမ သားနှင့်အမိ မကြည့်ဝံ့ မမြင်ဝံ့သော ကြမ်းတမ်းမှု ကို ပြသရာ ရောက်တော့မည် ဖြစ်သဖြင့် ဆွဲ၍ခေါ်သူ လူဆိုးနှင့် မင်းသမီးတို့မှာ တဦးနှင့် တဦး နှစ်ပေသာသာမျှ ခွာ၍ မင်းသမီး၏ လက်ဖျားကို လူဆိုးက အဖျားဆွတ်၍ ဆုပ်ကိုင်ကာ ဆွဲခေါ်ရလေ၏။
ဤဇာတ်ကားမှာ ရက်ပေါင်းများစွာ ပြသော်လည်း လူနည်းသည် မရှိ “သိပ်ကောင်းတာပဲ” ဟု ချီးကျူးကာ နေ့စဉ်နှင့် အမျှ ကြိတ်ကြိတ်တိုး၊ စည်ကားလှပေ၏။
ထို “မေတ္တာနှင့်သူရာ” ဇာတ်ကားကို ပြပြီးနောက် မကြာမီ “ကျေးတောသူ မနု” ဇာတ်ကားကို လန်ဒန်အတ် ကုမ္ပဏီက ရုံတင် ပြသလေ၏။ ဇာတ်လိုက်များ အဖြစ်ဖြင့် ကိုညီပုနှင့် ခင်ခင်နုတို့ ပါဝင် အသုံးတော် ခံကြ၏။
ဤ ဒုတိယကားမှာ ယခင် ဇာတ်ကားထက် ပိုမို၍ ပြတ်ပြတ်သားသား ရှိလာ၏။ ဇာတ်လိုက် မင်းသားနှင့် မင်းသမီး တောထဲတွင် ကျောက်တုံး တတုံးပေါ်၌ ထိုင်ကာ အချစ်စခန်း ဖွင့်ပုံမှာ သူ့ခေတ် သူ့အခါနှင့် မူကား ခပ်ရမ်းရမ်း ဇာတ်ကား ဟု ဆိုရပေမည်။
အဘယ်ကြောင့် ဆိုသော် ဇာတ်လိုက် နှစ်ယောက်တို့ တဦးနှင့် တဦး သုံးပေမျှ ဝေးဝေး ထိုင်နေရာမှ မင်းသား၏ လက်သည် မင်းသမီး၏လက် အနီးသို့ ရောက်သည်နှင့် တပြိုင်နက် ကားကို ရုတ်တရက် ဖြတ်လိုက်လေသည်။
ပရိသတ်မှာ မင်းသမီး၏ လက်ကို မင်းသားက ဆွဲတော့မည် ထင်မှတ်နေစဉ် ကောင်းခန်းတွင် ကားကို ဖြတ်လိုက်သဖြင့် “ဟာ” ခနဲ ဖြစ်သွားလေ၏။ တမတ်တန်း အာကောင်နီများမှ လက်ခုပ် တီးခြင်း၊ လက်ခေါက် မှုတ်ခြင်းဖြင့် ဝမ်းစမိုး လိုက်ကြရာ တရုံလုံး ဆူညံ၍ သွားလေတော့၏။
ထိုနောက်တွင် မူကား ဆူးလေဘုရား ပွဲတော်တွင် မြန်မာအဆွေ ကုမ္ပဏီမှ နိပါတ်ခင်းကြီး လုပ်၍ ကပြလေရာ တောမြိုင်စွန်း ဇာတ်ကားမှ ကြော်ငြာ ပိုစတာများကို မြန်မာအဆွေတိုက် ဘေးတွင် တွေ့မြင်ကြရ ပြန်သည်။
ဤကား၌ ဥစ္စာစောင့်မလေးကို ကိုဘဌေးက ပွေ့၍ ထားပုံမှာ သဘာဝကျကျ ပွေ့၍ ထားသဖြင့် တချို့က ဥစ္စာစောင့်မ လုပ်သူမှာ မိန်းမ မဟုတ်၊ ယောက်ျား ဖြစ်ရမည်ဟုပင် ငြင်းခုံခဲ့ကြ လေသည်။
ထိုအခါမှ စ၍ မြန်မာ ရုပ်ရှင်ကားများ တကားပြီး တကား တပြုံ တခေါင်းကြီး ထွက်လာလေရာ အစီအစဉ်နှင့် ကောင်းစွာ မမှတ်မိတော့ပေ။
ကားတကားတွင် ဇာတ်လိုက်မှာ ကရင်မလေး ဖြစ်၍ ချောင်းထဲတွင် ရေနစ်ရာမှ မင်းသားက ကယ်ဆယ်ရသော အခန်း ပါရှိလေရာ ရန်ကုန် အနောက်ပိုင်းဈေးမှ ဈေးသည် မိန်းမလျားလေး တယောက်အား ကရင်မလေးလို ဝတ်ဆင်ကာ ဇာတ်လိုက် မင်းသားမှာ အားမနာ ပါးမနာ ကယ်ဆယ်ရ ရှာ၏။ မိန်းမလျာ မင်းသမီးမှာလည်း တကယ် မိန်းမထက်ပင် အမူအရာ ပိုလှသဖြင့် အချို့က တကယ်မိန်းမ ပါဝင် ရိုက်ကူးသည် ဟုပင် အပြင်းအထန် ငြင်းခုံကြလေတော့သည်။
ဇာတ်ကားများတွင် တွေ့မြင်ရသော အပြစ်များမှာ မည်မျှပင် ကြီးမားစေကာမူ ပထမ မြန်မာ ရုပ်ရှင်ကားများ ဖြစ်သဖြင့် စေ့စေ့စပ်စပ် ဝေဖန်သူများ မရှိလှပေ။
ဥပမာ ဆိုသော် ကားတကားတွင် မြတ်စွာဘုရား လက်ထက်က ဇာတ်တော်တခု ဖြစ်သော်လည်း မင်းသမီးမှာ ခေတ်ဆံထုံး နှင့် ဆံမြိတ် ချထားသည်ကို မြင်ရ၏။
ထို့ပြင် မင်းသားကို လေးငါးခြောက်ယောက် မျှသာ ရှိသော စစ်တပ်ကြီးက လိုက်ရာ ကတ္တရာစေး လမ်းတလျှောက်တွင် မြင်းကို ဒုန်းစိုင်း၍ ပြေးရုံမျှသာ မကသေး၊ လမ်းပေါ်တွင် လမ်းပြင်ရန် ကတ္တရာစေး ကျို၍နေသော ကုလားများနှင့် လမ်းလှိမ့်စက် အနီးတွင် ရပ်နေသော ကုလားများမှာ အံ့အားသင့်ကာ ဝိုင်း၍ ကြည့်နေကြပုံ ကို ပိတ်ကားပေါ်တွင် တွေ့မြင် ကြရပေသည်။
သို့သော် ဘုရားရှိစဉ် အခါက မြူနီစီပယ် လုပ်ငန်းများဟူ၍ သဘောပိုက်ကာ မည်သူမျှ အပြစ် မပြောကြပေ။
ထိုအခါက ကားများတွင် မင်းသား၊ မင်းသမီး အချစ်ခန်း ဖွင့်ရာတွင် လည်းကောင်း၊ လွမ်းခန်း ဖွင့်ရာတွင် လည်းကောင်း၊ မင်းသား၊ မင်းသမီးတို့၏ အနား၌ အဝတ်ထုပ်ကို သယ်ပိုးလာသော ဒိုဘီ ကုလားများ၊ ငွေရေးကြေးရေး အိမ်ထောင်ရေးကို ဆွေးနွေးလာသော ကုလား သုံးလေးဦး စသည်တို့ကို မကြာခဏ ရုပ်ရှင်ကား ထဲတွင် မြင်ရတတ်၏။
ဒါရိုက်တာ လုပ်သူက ဟစ်အော်သဖြင့် တောင်ပြေးရ မလို၊ မြောက်ပြေးရ မလို ဖြစ်၍သွားသော ရှင်တော်ဘုရား လက်ထက်က ထိုကုလားများကို ကြည့်ကာ ရုပ်ရှင်ကြည့် ပရိသတ်များစွာ ရယ်မောကြရလေ၏။
မန္တလေးမှ ရိုက်သော ကား တကားတွင်မူ အလွန် နေပူသောအရပ် ဖြစ်ပါလျက်နှင့် နေပူထဲတွင် ထိုင်ကာ သားမွေး အင်္ကျီ ကို ဝတ်လျက် သားရေး သမီးရေးကို ဆွေးနွေးရသော သူဌေး လင်မယားတို့မှာ ကားထဲတွင်ပင် မကြာခဏ ချွေးသုတ် နေကြရရှာသည်ကို ကြည့်ကြရလေရာ လူချမ်းသာများ၏ ဒုက္ခကို သတိပေး နေသလိုပင် ထင်စရာ ကောင်းနေတော့၏။
ထိုကားတွင် အဘယ် အကြောင်းကြောင့် မသိရ (မူလလက်ခံ နက်ဂတစ် ကော်ပြားနှင့် အချောကူးသည့် ပေါ့စတစ် ကော်ပြား မညီမညာ ကူးယူသောကြောင့်လား မသိရ) ပါးစပ် နေရာက မည်းမည်း အကွင်းမှာ နှာခေါင်း နေရာဆီသို့ တက်၍ ကပ်နေတတ်လေရာ သူဌေးရော သူဌေးကတော်ပါ နှုတ်ခမ်းမွေးတွေ တပ်ထားသလို ဖြစ်၍ သွားတော့လေ၏။
သို့သော် ထိုဇာတ်ကား ကိုလည်း လူကြိတ်ကြိတ် တိုးကာ စည်ကားခဲ့ပေ၏။
ထိုခေတ်က ဇာတ်လိုက် မင်းသား၊ မင်းသမီးများမှာလည်း ယခုခေတ် မင်းသား၊ မင်းသမီး ကဲ့သို့ လည်လည်ပတ်ပတ် မရှိလှ၊ လူရည် မလည်လှ၊ မကြာခဏ ချောက်ကျကြ သဖြင့် အမြဲလိုလိုပင် နတ်က ဝင်ကယ်ရပေသည်။
ကျနော်တို့ မြန်မာနတ်များမှာ မည်မျှ စိတ်ကောင်း၊ စေတနာကောင်းနှင့် အဖော်ရသနည်း ဟူမူ မြန်မာပြည်တွင် လာရောက် ၍ ပွဲကနေရာမှ မြန်မာရုပ်ရှင် ဇာတ်ထုပ် တထုပ်ကို ရိုက်ကူး ပြသရာ “ဒေါရစ်ဒူယို” ခေါ် ပြင်သစ် ကချေသည် လင်မယား ကပင် အသုံးပြုလိုက်သေး၏။
သူတို့ မြန်မာပြည်၌ပင် ရိုက်ကူးကြသော ထိုကားမှာ “ဇာတိသွေး” ဟု အမည်ပေးထားပြီး သူတို့ လင်မယားက မြန်မာလို ဝတ်ဆင်ကာ ရိုက်ကူးသည်။ ထိုကား၌ ဗမာ အဝတ်အစား ဆင်ထားသော ပြင်သစ်သူမကလေးအား ရန်ကုန် အရှေ့ပိုင်း ရပ်ကွက် တခုတွင် သမ္မာဒေဝ နတ်မင်းက မိမိအား ရှိခိုးတသသည်ကို မနေနိုင်သဖြင့် ဆင်း၍ ကယ်ခဲ့လေသည်။
နတ်နှင့် ဝိဇ္ဇာများမှာ ထိုစဉ်အခါက ဇာတ်လိုက်များကို တော်တာ်ပင် အားကြိုး မာန်တက် ကူညီကြရ၏။ ကား တကားတွင် မင်းသားနှင့် လူဆိုးဂိုဏ်းတို့ သတ်ပုတ်ကြသော အခန်း တခန်းတွင် ဝိဇ္ဇာကပါ ကိုယ်တိုင်ဝင်၍ ချလေတော့သည်။ ဝိဇ္ဇာ တွင်လည်း ဆံပင် ဖိုးရိုးဖားရား ဖြစ်သွားအောင် နားရင်း အအုပ်ခံရသော အခန်းများမှာ အသည်း ယားစရာပင် ဖြစ်၏။
အသံမထွက်သော ကားများမှ တဆင့်တက်ကာ အသံထွက်ကား ဘဝသို့ ကူးပြောင်း၍ လာခဲ့ရာ “ရွှေပေးလို့ မရ” ခေါ် ဇာတ်ကားတွင် မောင်အေးကိုအား ငွေဖြင့် ဆွယ်၍ မရသော ဓနရှင် အဒေါ်ကြီးသည် ခုတင်ပေါ်၌ လူးလှိမ့်ရင်း “မောင်အေးကို… မောင်အေးကို၊ အသားလေး ကလည်း ညိုညို…၊ ဪ ရွှေပေးလို့လည်း မရပါကလား” ဟု အစချီကာ ဝမ်းနည်းဟန်ဖြင့် ပေသုံးရာကျော်မှ ကောင်းကောင်းကြီး ကြားရသော အသံဖြင့် တိုးတိုးတိတ်တိတ် တကိုယ်တည်း ကြိတ်၍ ညည်းညူပုံကို ယခုထက်တိုင် မမေ့နိုင်ပေ။
အနောက်နိုင်ငံ ရုပ်ရှင်ကို “နိဗ္ဗာန် စီနီမာ” ခေတ်မှစ၍ ဝေဖန်သည် ရှိသော် သူတို့ ကားများမှာ အကြီးအကျယ် တိုးတက်ခဲ့ သည်ကို တွေ့ရပေသည်။ နိဗ္ဗာန် စီနီမာရုံသည် ဟိုစဉ်အခါက ဂေါ်ဒဝင် လမ်းနှင့် ကျုံးကြီးလမ်း ထောင့်တွင်ရှိ၏။
နိဗ္ဗာန် စီနီမာ ဟူသော အမည်နှင့် လျော်ညီစွာ ရုံမှာ သက်ငယ်မိုး၊ ကျူထရံကာ ဖြစ်၍ ရုံထဲတွင် ကားပြသော ပိတ်ကားကြီး မှာ ရုံ၏ အလယ်တွင် ရှိ၏။ တဖက်စွန်းတွင် ယခုခေတ်လို ကပ်၍ မနေပေ။
ထိုပိတ်ကားကြီး အနီးတွင် တီးဝိုင်းအစား ဓာတ်အားဖြင့် တီးမှုတ်သော သံစုံဗီရိုကြီး ရှိလေသည်။ ပွဲရုပ်ရှင်ကြည့်သူများ ထိုင်ရန် ခုံများမှာ ပိတ်ကား၏ တဖက် တချက်တွင် ရှိရာ တမူးတန်းဘက်မှ ပရိသတ်တို့က ကောင်းစွာ ဖတ်နိုင်သော်လည်း ကျနော်တို့လို တပဲတန်း ချာတိတ်များ အတွက်မူ စာများမှာ ပြောင်းပြန် ဖြစ်နေ၍ ဖတ်မရပေ။
သေနတ်များကို ပစ်သော အခါတွင်လည်း ဘယ်လက်ဖြင့် ပစ်ခတ် သည်ကိုသာ မြင်ရ၏။ မင်းသမီးကို ပွေ့သော အခါတွင်လည်း ဘယ်လက်ဖြင့်သာ ဖက်တော့သည်။ တကားလုံး ပါဝင်သူတို့မှာ ဘယ်သန်ချည်း ဖြစ်နေပေ၏။
သို့သော် ဇာတ်လမ်းများမှာ နွားကျောင်းသားများနှင့် လူရိုင်းများ တိုက်ခိုက်သော အခန်းများသာ ဖြစ်သဖြင့် စာမဖတ်နိုင် သော်လည်း နားလည်ကြပေသည်။ ဟိုစဉ်အခါက ပြသသော ထိုကားများနှင့် ယခုခေတ် ပြသနေသော နောက်ဆုံးပေါ် အသံထွက် ရောင်စုံ ကားများမှာကား ကွာခြားချင်တိုင်း ကွာခြား နေလေပြီ။
မြန်မာရုပ်ရှင် လုပ်ငန်းကား မွေးဖွားခဲ့သည်မှာ အနှစ် အစိတ် ကျော်ပေပြီ။ ယခု အခြေအနေ အထိ တိုးတက်လာပုံမှာ အနောက်နိုင်ငံ ရုပ်ရှင်သက်တမ်းနှင့် နှိုင်းစာကြည့်လျှင် အားရစရာ ကောင်းပင် ကောင်းသော်လည်း ယခုထက် ပို၍ ကောင်းသင့်သည်ဟု တခါ တခါ စဉ်းစားကာ အားမရသလိုလို ရှိမိပေသည်။ ။
(ကာတွန်းဆရာကြီး အလင်္ကာကျော်စွာ ဦးဘဂျမ်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “ဘဂျမ်း ကာတွန်းပေါင်းချုပ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် အသက် ၅၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)