ကျနော် နှစ်ဝက်ကျော်ကြာ ခရီးသွားနေပြီးနောက် ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်သို့ ပြန်ရောက်သည့်အခါ ထူးထူးဆန်းဆန်း ပတ်ဝန်းကျင်ကို မြင်ရပါသည်။ ကျနော် နားမလည်သည့် တိုင်းရင်းဘာသာစကားများ သူ့အစုလိုက် ပြောဆိုနေကြသူများ ဖြစ်ပါသည်။
ကျနော် ခရီးမထွက်ခင်က အစောဆုံး ရောက်လာသူများမှာ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။ သူတို့ထက် စောသည်မှာ ရခိုင်ပြည်နယ်မှ ဖြစ်ကြသည်။
အများအားဖြင့် မိန်းကလေးငယ်များနှင့် ယောကျ်ားလေးငယ်များ ဖြစ်ကြပြီး မိသားစုလိုက် ရွှေ့ပြောင်းလာကြသည်လည်း ရှိကြသည်။ ကိုယ့်ဒေသကိုယ် မစွန့်ခွာနိုင်သဖြင့် ကျန်နေသူ လူကြီးများမှအပ အရွယ်ကောင်း လူငယ်များကို မိခင်၊ အဒေါ် စသဖြင့် အုပ်ထိန်းရန် လိုက်လာကြသည်။ ရောက်နှင့်ပြီးသည့် ဆွေမျိုးများကို အမှီပြု လာရောက်နေကြသူများလည်း တွေ့ရသည်။
ပထမဆုံး ကျနော် သတိပြုမိသည်မှာ ကျနော် ခရီးထွက်နေသည့် ကာလအတွင်း ကျနော်တို့ တိုက်တန်းနှင့် ပတ်ဝန်းကျင်တွင် မျက်နှာသစ်များ ရောက်နေခြင်း ဖြစ်သည်။ ကျနော် နားလည်သလောက် ပြောရလျှင် စစ်မက်ဖြစ်ပွားနေသည့် ချင်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ မွန်နှင့် အညာဒေသများမှ ဖြစ်ပါသည်။
ရန်ကုန်ရှိ မြို့နယ် အသီးသီးတွင်လည်း ရောက်ရှိနေဖွယ် ရှိပါသည်။
စစ်မက်ကြောင့်မဟုတ်ဘဲ ရောက်လာသူများမှာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ရောက်လာသည့် လူငယ်များဖြစ်ကာ မည်ကာမတ္တ အလုပ်ရှာရန်၊ အများစုက ဘာသာစကားတခုခု လေ့လာပြီး ပြည်ပထွက်ရန် ကြိုးစားနေသူများ ဖြစ်ကြကြောင်း သိရသည်။ အများစုမှာ ချို့ချို့တဲ့တဲ့ နေရသည်ကို တွေ့ရပါသည်။
စစ်မက်ကြောင့်မဟုတ်ဘဲ ရောက်လာသူများမှာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ရောက်လာသည့် လူငယ်များဖြစ်ကာ မည်ကာမတ္တ အလုပ်ရှာရန်၊ အများစုက ဘာသာစကားတခုခု လေ့လာပြီး ပြည်ပထွက်ရန် ကြိုးစားနေသူများ ဖြစ်ကြကြောင်း သိရသည်။ အများစုမှာ ချို့ချို့တဲ့တဲ့ နေရသည်ကို တွေ့ရပါသည်။
ရန်ကုန်သို့ နောက်ထပ် ရောက်လာသူ တအုပ်စုမှာ သူတို့ကိုယ်သူတို့ မည်သူမည်ဝါဟု မပြောရဲသော စစ်တပ် သို့မဟုတ် စစ်ကောင်စီတပ်ထဲက မိသားစုဝင်များဖြစ်ကြောင်း ရပ်ကွက်ကြမ်းပိုးများ၊ ကယ်ရီသမားများက တဆင့် သိရပါသည်။
ဘေးကင်းသည့် ရန်ကုန်သို့ ပြေးကြ
နှစ်တဝက်ကျော်အတွင်း ကျနော် ခရီးသွားခဲ့သည့်တလျှောက် တွေ့ဆုံ မေးမြန်းမှုများအရ အရွယ်ရောက် သား၊ သမီးများကို မြို့ပြသို့ တတ်နိုင်သလောက် ပို့ကြရပြီး အလွန်နည်းသည့် လစာဖြင့် ရရာအလုပ်လုပ်ကာ ပုန်းလျှိုးကွယ်လျှိုး နေကြ၊ ငွေကြေး ပိုတတ်နိုင်သူများက ပြည်ပထွက်ရေး ကြိုးစားကြဆိုသည့် အခြေအနေကို တွေ့ရပါသည်။ ယခု သတင်းများအရ လူငယ်ဆိုလျှင် လေဆိပ်ကပင် ထွက်ဖို့ ခက်နေပါသည်။
စစ်မှုထမ်းဥပဒေအရ အခြေအနေ ဘာထူးသလဲဟု ပတ်ဝန်းကျင်တွင် မေးမြန်းပါသည်။ မိတ်ဆွေက (အနီးတွင် ဘယ်သူမှ မရှိသော်လည်း) အသံတိုးတိုးဖြင့် “ရပ်ကွက်မှာ အလုပ်မရှိ၊ လပ်လျားလပ်လျား ကောင်တွေက စာရင်းပေးပြီး ဝင်သွားတယ်။ ကျန်တဲ့သူတွေ သက်သာတာပေါ့” ဟု ပြောသည်။
တရက်တွင် ကိစ္စတခုဖြင့် ဘဏ်သို့သွားသည်။ ရှေ့မှ အမျိုးသမီးတခု ငွေရှင်းနေသည်ကို အကြာကြီး စောင့်ရသည်။ စကားပြောပုံအရ တိုင်းရင်းသူ ဖြစ်ပုံရသည်။ သူက ငွေကို အပုံလိုက်ပေးပြီး တိုက်ခန်းဝယ်ရန် ကြိုးစားနေကြောင်း အကဲခတ်မိသည်။ သူတို့ကတော့ ငွေကြေးတတ်နိုင်သည့် စစ်ဘေးရှောင်များဖြစ်ကြသည်။
တနေ့ကလည်း ကိစ္စတခုဖြင့် ဘဏ်ရောက်ပြန်ပါသည်။ အမျိုးသမီးတဦးက တန်ဖိုးနည်း အရစ်ကျ အခန်းရောင်းတော့မည်ဆိုလျှင် အကြောင်းကြားပေးဖို့ ဘဏ်ဝန်ထမ်းစာရေးမကို ခခယယ ပြောပါသည်။ ထိုအမျိုးသမီးက ဘဏ်က ဆက်ရမှာ အလုပ်များနေလျှင် ဘဏ်ဝန်ထမ်းအမျိုးသမီး၏ ဖုန်းနံပါတ်ကို တောင်းသည်။ မပေးပါ။ တန်ဖိုးနည်း အရစ်ကျအခန်းများ အရောင်းပိတ်ထားကြောင်း ကျနော်သိသော်လည်း သူ့ကို မပြောရက်ပါ။
တိုင်းရင်းသား သားအမိနှစ်ဦးကို ယမန်နှစ်က ကျနော် ကူညီလိုက်သေးသည်။ အမေနှင့် သမီးအပျိုလေး နှစ်ဦးတည်းဖြစ်သည်။ အမေက ဈေးရောင်းချင်သည်ဆို၍ ဈေးလှည်း စသည်ဖြင့် နှုတ်၏ စောင်မခြင်း လုပ်ပေးလိုက်သည်။ သူလာရောင်းသည့် သူတို့ တိုင်းရင်းသားအစားအစာကိုလည်း တတ်နိုင်သလောက် ဝယ်ပါသည်။ သူ့သမီးက နိုင်ငံခြားဘာသာစကားတခုမှာ စာမေးပွဲတွေ တော်တော်အောင်ထားပြီး နိုင်ငံခြားထွက်ဖို့ ရုန်းကန်နေရသည်။ သို့နှင့် သူတတ်သည့် ဘာသာစကားသင်လိုသော ကလေးများကို ရှာပေးပြီး ကူညီလိုက်သည်။
အမျိုးသမီးများချည်း ဖြစ်သည့်အတွက် အခြား ရန်ကုန်သို့ အကြောင်းအမျိုးမျိုးကြောင့် ရှောင်လာသည့် အမျိုးသမီးများနည်းတူ တံခါးလာခေါက်လျှင်ပင် ကြောက်၍ မဖွင့်ရဲကြပါ။
အမျိုးသမီးများချည်း ဖြစ်သည့်အတွက် အခြား ရန်ကုန်သို့ အကြောင်းအမျိုးမျိုးကြောင့် ရှောင်လာသည့် အမျိုးသမီးများနည်းတူ တံခါးလာခေါက်လျှင်ပင် ကြောက်၍ မဖွင့်ရဲကြပါ။
တခုခုဆို အကူအညီလိုလျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပေးထားရပါသည်။ (ရပ်ကွက်ထဲ ရဲများ မလာရဲသည့်အတွက် ရဲစခန်း ဖုန်းနံပါတ်မပါ။)
အိမ်ငှားခ
ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။ ပြင်ဦးလွင်နှင့် မန္တလေးက လူများပင် ရန်ကုန်သို့ တစိမ့်စိမ့်ဝင်နေပြီဖြစ်ရာ အိမ်းငှားခ ဈေးကွက်သည် အတော်ပင် လှုပ်နေသည်။
ကျနော် လက်ရှိ ခေတ္တနေသည့် ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တွင်ပင် ယခင်က ၁ သိန်း ၂ သောင်းသာ ပေးရသောတိုက်ခန်းက ၂ သိန်း ၈ သောင်း ဖြစ်နေသည်။ တိုက်မည်မျှပင် စုတ်စုတ် “ရှယ်ပြင်” ဆိုသော အခန်းက ၃ သိန်းခန့် တောင်းသည်။
နောက်ဒုက္ခတခု တိုးပြန်သည်။ စစ်ဘေးရှောင်ပါသည်ဆိုတော့ ဖြစ်သလို ထုခွဲရောင်းချရသည့် ငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။ အိမ်ခန်းငှားခ ၃ လချုပ်သာ တတ်နိုင်သူ ရှိသလို တချို့က ၆ လချုပ်အထိ တတ်နိုင်သည်။ အိမ်ရှင်ထက် ပွဲစားများက ပိုဆိုးသည် (သူတို့ကို ‘ပွဲစား’ ဟု ခေါ်လျှင်မကြိုက်၊ ‘အကျိုးတော်ဆောင်ပါ’ ဟု ပြောသည်)။
အိမ်ရှင်က ၁ နှစ်ချုပ်ကို ပိုသဘောကျသည်။ လုံးခနဲ ခဲခနဲရသည်။ အိမ်ပွဲစားက ၃ လချုပ်ကို ပိုကြိုက်သည်။ အကြောင်းမှာ ၃ လပြည့်တိုင်း သူက ပွဲစားခ ရသောကြောင့်ဖြစ်သည်။ အဆိုးဆုံးမှာ ၃ လ သို့မဟုတ် ၆ လ ပြည့်သောအခါ နောက်ထပ်အငှားတင်မှ ပွဲစားခ ရမည်ဖြစ်သောကြောင်း တိုက်ခန်းရောင်းတော့မည်ဟုဆိုကာ စစ်ဘေးရှောင်များကို နှင်ချခြင်းဖြစ်သည်။
ပွဲစားများက အိမ်ရှင်၏ သော့ကိုင်ထားပြီး အိမ်ငှားနေသည့် စစ်ဘေးရှောင်များ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများမှာ အိမ်ရှင် မည်သူမည်ဝါဟူ၍ မသိသူက များသည်။ တချို့ အိမ်ရှင်များဆိုလျှင် ပွဲစားနှင့် ပေါင်းပြီး ပွဲစားခ ကော်မရှင် ပြန်ယူသည်ကိုလည်း ကြားနေရသည်။
စစ်ဘေးရှောင်သူများအပေါ် ကိုယ်ချင်းစာစိတ်ရှိသူ အိမ်ရှင်များကလည်း အိမ်ငှားမည်ဟု ကြေညာရာတွင် “ပိုင်ရှင်တိုက်ရိုက်” ဟု မှတ်ချက်ထည့်ရေးသည်မှာ ကျေးဇူးတင်စရာ ကောင်းပါသည်။ “ပိုင်ရှင်တိုက်ရိုက်” ဆိုလျှင် အိမ်ငှားသူများအဖို့ လတိုလျှင် ငှားခ လတဝက်စာ၊ လရှည်လျှင် တလစာ သက်သာသွားပါသည်။
ဧည့်စာရင်း ဒုက္ခ
ရန်ကုန်သို့ စစ်ဘေးရှောင်သူများ အနေဖြင့် အကြောက်ဆုံးမှာ “တံခါးခေါက်သံ” ဟုဆိုလျှင် သဘောထား ကွဲလွဲကြမည် မထင်ပါ။
မှတ်ပုံတင် နံပါတ်ကို အဓိကထား စစ်သည်။ ဒါဆိုလျှင် တိုင်းနှင့် ပြည်နယ် ဘယ်ကလာသည်ကို သူတို့ သိသည်။ အလုပ်လုပ်ကြောင်း၊ ကျောင်းတက်နေကြောင်း အထောက်အထား မပြနိုင်လျှင် စစ်တပ်နှင့်ရဲက ဖမ်းတော့ မဖမ်းပါ။ ငွေညှစ်ပါသည်။ ငယ်ရွယ်သူ ယောကျ်ားလေးများဆိုလျှင် ဖမ်းခေါ်သည်များလည်း ရှိသည်။ ပြန်ရွေးနိုင်လျှင်ရွေး၊ မရွေးနိုင်လျှင် စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အပို့ခံရပါသည်။ အရပ်ထဲက “ပြန်ပေးဆွဲသည်” ဟု ခေါ်ကြသည်။
ယခု နောက်ပိုင်း ပိုဆိုးလာသည်မှာ ရန်ကုန်သို့ စစ်ဘေးရှောင်လာသူများ ရှိလာခြင်းကြောင့် ဧည့်စာရင်းစစ်ရာတွင် တိုင်းရင်းသားများ၊ အညာဒေသမှသူများကို ပစ်မှတ်ထားလာပါသည်။ ဧည့်စာရင်း တိုင်ပြီဆိုသည်နှင့် အချက်အလက် ရေးသွင်းမှုများပေါ် ကြည့်ပြီး ဧည့်စာရင်းကို အခန်းရွေးစစ်ပါသည်။
ယခု နောက်ပိုင်း ပိုဆိုးလာသည်မှာ ရန်ကုန်သို့ စစ်ဘေးရှောင်လာသူများ ရှိလာခြင်းကြောင့် ဧည့်စာရင်းစစ်ရာတွင် တိုင်းရင်းသားများ၊ အညာဒေသမှသူများကို ပစ်မှတ်ထားလာပါသည်။ ဧည့်စာရင်း တိုင်ပြီဆိုသည်နှင့် အချက်အလက် ရေးသွင်းမှုများပေါ် ကြည့်ပြီး ဧည့်စာရင်းကို အခန်းရွေးစစ်ပါသည်။
ဧည့်စာရင်းကို ညသန်းခေါင်တွင် စစ်သည်ဟု သိထားသော်လည်း ယခုအခါ သတင်းအရဟုဆိုကာ တိုက်အများကြီးရှိသည့်အနက်မှ တတိုက်တည်းကို နေ့ခင်းကြောင်တောင် ရွေးစစ်သည်။
မိုဘိုင်းဖုန်း
နောက်ထပ် ခေါင်းစဉ်တမျိုးမှာ ဖုန်းထဲတွင် “VPN” ထည့်ထားခြင်း ရှိ၊ မရှိ စစ်ခြင်းဖြစ်သည်။ တိုက်ပေါ် တက်စစ်သလို လူအသွားအလာများသည့် လမ်းဆုံများတွင်ပါ စစ်နေ၍ ရန်ကုန်မှ အများစုမှာ မိုဘိုင်းဖုန်း နှစ်လုံး ဆောင်ရသည့်ဘဝ ရောက်နေသည်။ အိမ်သုံးတလုံးနှင့် အပြင်ထွက် ဟန်ပြ တလုံးဖြစ်သည်။
ကျနော်ဆီ လာလည်သော မိတ်ဆွေတဦးက သူ့ထံတွင် မိုဘိုင်းဘုန်း နှစ်လုံးရှိသည်ဟုပြောရာ ကျနော်ကလည်း “မင်း သူဌေးပဲ” ဟု ပြန်ပြောလိုက်သည်။ တကယ်တမ်းတွင် သူ့အလုပ်သဘောအရ အလုပ်အတွက် VPN လိုသည်၊ ထို့ကြောင့် အပြင်ထွက်သောအခါ လုပ်ငန်းသုံး ဖုန်းကို ပိတ်၊ သို့မဟုတ် Flight mode (ရန်ကုန် အခေါ် ‘လေယာဉ်ပျံတင်’ ပြီး) သွားကြသည်။ ဖုန်းခေါ်စစ်လျှင် ဟန်ပြဖုန်းကို ပြကြသည်။
ဟိုနားဒီနားအတွက်တော့ မိုဘိုင်းဖုန်း မယူတော့ပါ။ စစ်မေးလျှင်လည်း “ခုမှမီးလာလို့ အိမ်မှာ အားသွင်းထားတယ်” ဟု ဖြေကြမည်ဖြစ်သည်။ ကျနော်လည်း ထိုသို့ ဖြေမည်ဖြစ်သည်။
တိုင်းရင်းသားအစားအစာ
နောက်ထပ် သတိထားမိသည်မှာ ရပ်ကွက်အတွင်း တိုင်းရင်းသား ရိုးရာ အစားအစာများ ရောင်းချလာခြင်း ဖြစ်သည်။ အများအားဖြင့် ရန်ကုန်နေရင်း ဖောက်သည်များကလည်း ကိုယ်ချင်းစာစွာ အားပေးကြပါသည်။
နီးစပ်ရာ လက်တို့ရောင်းသည်လည်း ရှိသည်။ ဝယ်လက်ရှိသလောက် ချက်ပြုတ်ရောင်းသည့် သဘောဖြစ်သည်။ Facebook ပေါ်တွင်လည်း နီးစပ်ရာတင်ရောင်းကြပြီး ကြိုမှာထားရခြင်းကို “အော်ဒါတင်သည်” ဟု ခေါ်သည်။
စိတ်ညစ်စရာများထဲမှ ဒေသိယစကားအရ ကွဲလွဲမှုများကြောင့် ရယ်စရာလည်း ဖြစ်ရသေးတည်။ ရန်ကုန်က ‘ပဲပြုတ်’ ဟု ခေါ်သည်၊ သို့သော် ကျနော့်မိတ်ဆွေ၏ ဇနီးက ‘ပဲပေါင်း’ ဟု ခေါ်သည်။ တယောက်က ‘မုန့်အုပ်ကလေး’ ဟု ခေါ်သောအခါ ကျနော် နားမလည်။ သူဝယ်လာမှ ‘မုန့်လင်မယား’ မှန်းသိသည်။
ရန်ကုန်စစ်ဘေးရှောင်စခန်း
ရန်ကုန်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသူများကြောင့် အိမ်ငှားဈေးကွက်လည်း လုပ်စားကြသည်၊ စစ်ကောက်စီအောက်က အဖွဲ့အမျိုးမျိုးကလည်း ခွင်တွေ့ကြသည်၊ စစ်ဘေးရှောင်လာပါသည်ဆိုမှ သူတို့ခမျာ ဒုက္ခနှစ်မျိုးမက တိုးကြသည်။
“ရန်ကုန်ကိုရော ဗုံးကြဲနိုင်လား” ဟူသော မေးခွန်းကိုလည်း မေးကြသည်။ ကိုယ်လည်း စစ်ရေးကျွမ်းကျင်သူ သုတေသီ မဟုတ်သဖြင့် မဖြေတတ်။
သို့သော် သူတို့မှာ ကာယိကဒုက္ခ၊ စိတ်ဒုက္ခ ဖြစ်နေကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်၍ ရန်ကုန်ကို ဗုံးကြဲမည် မထင်ကြောင်း၊ အဓိကနေရာတွေ၊ သံရုံးတွေ၊ ကုလသမဂ္ဂရုံးတွေနှင့် သူတို့ (စစ်ကောင်စီ) လူကြီးသားသမီးတွေ၊ ခရိုနီတွေ ရှိနေ၍ ဖြစ်ကြောင်း ကြံဖန် ပြောရပါသည်။
သို့သော် သူတို့မှာ ကာယိကဒုက္ခ၊ စိတ်ဒုက္ခ ဖြစ်နေကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်၍ ရန်ကုန်ကို ဗုံးကြဲမည် မထင်ကြောင်း၊ အဓိကနေရာတွေ၊ သံရုံးတွေ၊ ကုလသမဂ္ဂရုံးတွေနှင့် သူတို့ (စစ်ကောင်စီ) လူကြီးသားသမီးတွေ၊ ခရိုနီတွေ ရှိနေ၍ ဖြစ်ကြောင်း ကြံဖန် ပြောရပါသည်။
လတ်တလော အခြေအနေအထိ မြင်ကြားသိရသမျှ ပြောရလျှင် စစ်မက်ဖြစ်ပွားရာ ဒေသများမှသာမက စစ်ကောင်စီနှင့် ပတ်သက်နေသူများပါ ရန်ကုန်ကို ရွှေ့လာနေကြသည်။ အခြေခံလူတန်းစားများ၊ ရန်ကုန်သို့ စစ်ဘေးရှောင်လာသူများက စားအုန်းဆီ ၁ ထောင်ဖိုးရရန် တန်းစီနေရချိန်၊ ကိုယ်တတ်သည့် တိုင်းရင်းသားရိုးရာ အစားအစာရောင်းပြီး ရုန်းကန်ချိန်တွင် မည်သည့် စစ်တပ်နှင့်ရဲမှ ဝင်မဖမ်းသည့် နိုက်ကလပ်၌ ပျော်ရွှင်နေကြသူများ မည်သူတို့ ဖြစ်မည်ကို စဉ်းစားကြည့်နိုင်ပါသည်။
ရန်ကုန်သည် စစ်ဘေးရှောင်စခန်း ဖြစ်မှန်းမသိ ဖြစ်နေပါသည်။ ‘ပြည်သူ့မှာ ပြည်သူပဲရှိတယ်’ ဆိုသည့်စကားကို လက်တွေ့ ကျင့်သုံးနေကြရပါပြီ။
ဤပေးစာကို ရေးနေသည့် ရက်အတွင်းမှာပင် မျက်နှာသစ် အများအပြား ထပ်ရောက်လာသည်ကို တွေ့မြင်နေရပါသည်။
You may also like these stories:
ကုလားတန်မြစ်ဘေးက အိုးအိမ်ပျက်လာသူများ (သို့) ရန်ကုန်ရောက် ချင်း စစ်ဘေးရှောင် (ရုပ်/သံ)
ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ
ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ
ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)
သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား