အချိန်မရွေး ပြေးရ၊ ပုန်းရနိုင်တဲ့ နယ်မြေထဲကနေ ဒေါ်ပြီတင်းတို့ သားအမိ ထွက်ပြေးလာခဲ့တာ ၃ လ ရှိပါပြီ။ သားအမိ နှစ်ယောက်က ပလက်ဝကနေ လှေစီးပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို တဆင့်၊ ကျောက်တော်ကနေ ရန်ကုန်ကို ထပ်ပြီး ခရီးဆက်လာကြတာ ဖြစ်ပါတယ်။
ရန်ကုန်လို လုံခြုံတဲ့ နေရာကို ရောက်ဖို့ ဒေါ်ပြီတင်းတို့ ကား ၁ တန်၊ လှေ ၁ တန်၊ သင်္ဘော ၁ တန်နဲ့ အဆင့်ဆင့် မိုင်ပေါင်း ၆၀၀ ကျော်ကို ခရီးနှင်ခဲ့ကြရတာပါ။ အခုတော့ ပြေးစရာ ပုန်းစရာ မလိုတဲ့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ထဲက စစ်ဘေးရှောင် စခန်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေပါတယ်။
“ကျမတို့ ပလက်ဝမှာ အသိလည်းမရှိတော့ နေဖို့ ထိုင်ဖို့လည်း မရှိဘူး။ ပြီးတော့ လုံခြုံမယ်လို့လည်း မထင်ဘူး။ နေရာ တိုင်းက တိုက်ပွဲတွေ ဖြစ်နေတာလေ။ ရန်ကုန်ကို ရောက်ရင်တော့ ပစ်ထားကြမှာ မဟုတ်ဘူးလို့ တွေးပြီး ပြေးလာတာ” လို့ သူက ပြောပါတယ်။

နေရပ်ရင်းဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးလက်ဝ ကျေးရွာမှာ သူ့ဘဝ တလျှောက်လုံး အေးအေး ချမ်းချမ်း နေရမယ်လို့ ထင်ခဲ့ပေမယ့် တပ်မတော်နဲ့ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲတွေဟာ မီးလက်ဝကျေးရွာနားထိ ရောက်လာတာကြောင့် မတ်လအတွင်းမှာတော့ သူတို့ တရွာလုံး ဘေးလွတ်ရာကို ပြေးခဲ့ကြရပါတယ်။
ရွာသူရွာသားအများစုက မီးလက်ဝ တဖက်ကမ်းက ပလက်ဝမြို့ပေါ်ကို ခိုလှုံဖို့ ပြေးကြပေမယ့် ဆွေမျိုးလည်း မရှိ၊ ခိုလှုံစရာ နေရာလည်း မရှိတာကြောင့် ဒေါ်ပြီတင်းကတော့ ရန်ကုန်ကို ထွက်ပြေးဖို့ ဆုံးဖြတ်ပြီး ရောက်လာတာ ဖြစ်ပါ တယ်။
ဒေါ်ပြီတင်းလိုမျိုး ပလက်ဝမှာ ဆက်နေဖို့ လုံခြုံတယ်လို့ မခံစားရတာကြောင့် ရန်ကုန်အထိ ပြေးလာကြတဲ့ ချင်းခူမီး ဒုက္ခသည်တွေ ရန်ကုန်မှာ ဦးရေ ၁၃၀ ကျော် ရှိပါတယ်။
ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI)က ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ထဲက လယ်ကွင်းကျယ် တခုမှာ နေရာ ချထားပေးပြီး စစ်ဘေးရှောင်စခန်းတခု တည်ဆောက် ပေးထားပါတယ်။
ဒုက္ခသည်စခန်းထဲမှာ တချို့ကလည်း မိသားစုလိုက် ၇ ယောက် တစု၊ ၉ ယောက် တစုနဲ့ တပြုံတမကြီး ပြေးလာ နိုင်ကြ သူတွေ ရှိသလို မိသားစုတွေ တကွဲတပြား ကျန်ရစ်ပြီး ပြေးလာကြသူတွေလည်း ရှိနေပါတယ်။
တကယ်တော့ သူတို့အားလုံးက စစ်ဘေးရှောင်ဒုက္ခသည်တွေ မဖြစ်ခင်က ဘိုးဘွားစဉ်ဆက် ကုလားတန်မြစ် ကြောင်း တလျှောက် ပိုင်ဆိုင်ကြတဲ့ မြေတွေ တောင်ယာတွေမှာ လုပ်ကိုင်စားသောက်ရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်း နေကြတဲ့ သူတွေပါ။

ကုလားတန်မြစ်ကြောင်းတလျှောက်ကို မှီခိုပြီး ရွာစဉ်တွေ အလိုက် နေထိုင်ကြတဲ့ ချင်းခူမီးမျိုးနွယ်စုတွေဟာ ကုလား တန်မြစ်ကို မှီခိုရင်း သားငါးရှာ၊ မြစ်ကမ်းနံဘေးမြေမှာ ပဲနဲ့ သီးပင်စားပင်တွေ စိုက်၊ တောင်ကုန်းတွေပေါ်မှာ ရွာတည်၊ ရွာနောက် တကြောက တောင်ကြောတလျှောက်မှာ တောင်ယာလုပ်နဲ့ နေထိုင်ကြသူတွေပါ။
ချင်းခူမီးမျိုးနွယ်စု၊ အမျိုးသမီးကြီးတွေဆိုရင် နားမှာ ငွေသားနားတောင်းကြီးကို ဝတ်ဆင်ပြီး ငွေသားလို ပြောင်လက် နေတဲ့ ကြေးအိုးကြီးတွေနဲ့ သွားလာနေတာမျိုး၊ အမျိုးသားတွေ ကလေးငယ်တွေ ဆိုရင်လည်း မြစ်ကြောင်းတလျှောက် လှေကို ကျွမ်းကျွမ်းကျင်ကျင်စီးပြီး ငါးရှာကြတဲ့ လှုပ်ရှားမှုတွေဟာ ကုလားတန်မြစ်ရိုးတလျှောက်က သူတို့ ဘဝ ဓလေ့တွေ ဖြစ်ပါတယ်။
အခုတော့ တိုက်ပွဲကြောင့် မြေစာပင်ဘဝကို ရောက်ရကြပြီးနောက်မှာတော့ သူတို့ပိုင်ဆိုင်တာ ဘာမှ မရှိတော့ပါဘူး။
စစ်ဘေးရှောင်ဒုက္ခသည်ဆိုတဲ့ အမည်နဲ့ သစ်ရိပ်ဝါးရိပ်မရှိ၊ လယ်ကွင်းပြောင်ပြောင်မှာ သက်ကယ်မိုး၊ ဝါးထရံတွေ ခပ်ကျဲကျဲ ဆောက်ထားတဲ့ ခြေတံရှည်အိမ်ကလေးတွေမှာ မှီခိုနေကြရပါတယ်။
ဒေါ်ပြီတင်းက “ဒါအခု တော်တော်ကို ကောင်းသွားတာ။ ကျမတို့ စရောက်တုန်းကဆိုရင် ဘာမှကို မရှိလို့ ဒီတိုင်း နေပူထဲ လမ်းဘေးမှာ ၃ ရက်၊ ၄ရက် နေခဲ့ရတာ”လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်စခန်း အခြေခံ အိမ်သုံး ပစ္စည်းတွေနဲ့ ထမင်း၊ ဟင်း ချက်ပြုတ်စားသောက်ဖို့ အိုးခွက်တွေကို တော့ RRCCI ကပဲ ထောက်ပံ့ပေးထားပါတယ်။
ပလက်ဝမှာလို လေယာဉ်တွေ မြေကြီးမှာ ဝပ်နေရတဲ့ အကြောက်တရားမျိုး၊ ရွာနားပတ်ဝန်းကျင်ကိုတောင် မ သွားရဲအောင် စိုးရိမ်ရတဲ့ အခြေအနေမျိုးနဲ့ တိုက်ပွဲကြား ပစ်ခတ်ခံရ၊ ပြေးရတာမျိုး တွေကို မကြုံရတော့ပေမယ့် ကျန်နေခဲ့တဲ့ မိသားစုနဲ့ ဆွေမျိုးတွေအတွက်တော့ ပူပန်နေကြရဆဲပါပဲ။

ဒေါ်ပြီတင်းဆိုရင် ပလက်ဝမှာ သူ့ခင်ပွန်းသည်နဲ့ သားသမီး ၂ ဦး ကျန်ခဲ့ပါတယ်။ သူ့ခင်ပွန်းနဲ့ သူ့သားသမီးတွေက အခုတော့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတာပါ ။
ပလက်ဝက အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ဖြစ်တာကြောင့် မိသားစုတွေ အချင်းချင်း အွန်လိုင်းက တဆင့် ဗီဒီယိုဖုန်းခေါ်တာမျိုးတွေ လုပ်လို့ မရပေမယ့် ဖုန်းနဲ့တော့ နေ့တိုင်းနီးပါး ဆက်သွယ်ပြီး တဖက်နဲ့ တဖက် အခြေအနေတွေကို မေးမြန်းကြပါတယ်။
ပလက်ဝမှာ ကျန်ခဲ့တဲ့ ဒေါ်ပြီတင်းရဲ့ ၁၀နှစ် အရွယ်သားက ဖုန်းဆက်တိုင်း ရန်ကုန်က လုံခြုံလား၊ ပလက်ဝမှာလို တိုက်လေယာဉ်တွေ ရှိလားဆိုတာကို မကြာခဏ မေးမြန်းတတ်ပါတယ်။
“နောက်ပြီး အမေရယ် အမေ့ကို ဖုန်းခေါ်လို့လည်း မရဘူးတဲ့။ တခါတလေ ဖုန်းလိုင်းက မကောင်းဘူးတဲ့ ။ သားနဲ့ သမီးနဲ့ အဖေနဲ့ ထမင်းလည်း တခါတလေ မစားရဘူးတဲ့ ။ အမေက အဲဒီဘက်မှာ နေတော့ ထမင်းရောစားရလား။ မုန့်တွေရော စားရလားတဲ့။ ကျမ အရမ်းဝမ်းနည်းတယ်”လို့လည်း ဒေါ်ပြီတင်းက ပြောပြပါတယ်။
ပလက်ဝက ကုလားတန်မြစ်ကြောင်းကို အမှီပြုပြီး ရေကြောင်းက တဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ အခြေခံ စားသောက်ကုန်၊ ဆန်၊ ဆီ၊ဆား တွေကို ဝယ်ယူ စားသုံးနေကြရတာပါ။
ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ တိုက်ပွဲတွေကြောင့် ရေလမ်းရော ကုန်းလမ်းပါ ပိတ်ဆို့သွားတော့ ပလက်ဝ ဒေသခံတွေလည်း ဆန်ပြတ်တောက်သွားသလို စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း ဆန် မရှိတော့တဲ့ ဘဝကို ရောက်ခဲ့ကြပါသေးတယ်။
အဲဒီထဲမှာ ဒေါ်ပြီတင်းရဲ့ မိသားစုတွေလည်း ပါ ပါတယ်။
ရန်ကုန်က စစ်ဘေးရှောင်စခန်းမှာ နေ့စဉ် စားသောက်ရေး အဆင်ပြေပေမယ့် ပလက်ဝမှာ ကတော့ မတ်လတုန်းက တော်တော်ကို ခက်ခဲခဲ့ကြပါတယ်။
တခါက ပလက်ဝဘက်က ကျန်ရစ်ခဲ့တဲ့မိသားစုဆီကို ဖုန်းဆက်စကားပြောရင်း ပလက်ဝမှာ စားစရာ ဆန်ပြတ်လုနီးပါး ဖြစ်နေလို့ ခက်ခဲနေတဲ့ အကြောင်းနဲ့ ဟင်းမရှိတာကြောင့် ရှိတဲ့ ဆန်နဲ့ ဆားနဲ့ ရောချက်ပြီး စားလို့ ဝမ်းပျက် ဝမ်းလျော တွေ ဖြစ်ကြတဲ့ အကြောင်း ကြားလိုက်ရပြီးကတည်းက “ထမင်းစားပြီးပြီလား”ဆိုတဲ့ မေးခွန်းကို သူဘယ်တော့မှ မမေးတော့ဘူးလို့လည်း ဒေါ်ပြီတင်းက ဆိုပါတယ်။
သူ့မိသားစု အတူပြန်ဆုံဖို့ မိသားစုကို ပြန်ခေါ်နိုင်ဖို့လည်း ဒေါ်ပြီတင်းက မျှော်လင့်နေပါတယ်။

ရန်ကုန်မှာပဲ စက်ရုံအလုပ်ရှာလုပ်ပြီး ဝင်ငွေရှာဖို့နဲ့ တမိသားစုလုံး ရန်ကုန်ကို ရွှေ့ပြီး ကလေးတွေကိုလည်း ရန်ကုန်မှာပဲ ကျောင်းထားချင်လို့ သူကြိုးစားမယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင် ဒုက္ခသည်စခန်းထဲမှာ ခိုလှုံနေကြတဲ့ ပလက်ဝဒေသခံတွေဟာ ပြေးလာကြတဲ့ အကြောင်းရင်းတွေ ကိုယ်စီနဲ့ပါပဲ။
ကျီးလေကျေးရွာက ပြောင်းပြေးလာကြတဲ့ ဦးကံထွန်းတို့ မိသားစုကတော့ မီးလက်ဝရွာလိုမျိုး တိုက်ပွဲတွေကြောင့် ပြေးရင်း ရန်ကုန်ကို ရောက်လာတာ မဟုတ်ပါဘူး။
ကျီးလေကျေးရွာထဲကို AA စစ်သားတွေ ဝင်လာပြီး အဓမ္မ ပစ္စည်းတွေ သယ်ခိုင်းတာ၊ တပ်ကို သတင်းပို့တယ်ဆိုပြီး မသင်္ကာ ဖြစ်လို့ တရွာလုံးကို လူစုပြီး ရိုက်နှက်တာ ကြိမ်းမောင်းတာတွေကြောင့် ကြောက်လန့်ပြီး သူတို့ရွာကို စွန့်ခဲ့တာ ဖြစ်ပါတယ်။
ကျီးလေကျေးရွာမှာ ရွာသားတွေကို ရိုက်နှက်ပြီးနောက်မှာတော့ AA ဘက်က သူတို့ မတရား လုပ်တာ မရှိကြောင်း သက်သေပြဖို့ ရုပ်သံမှတ်တမ်းတွေ လာရိုက်ယူ၊ ရိုက်နှက်ခံခဲ့ရတဲ့ ရွာသားတွေကို တောင်းပန်ကြောင်း လာပြောပေမယ့် ကျီလေရွာသားတွေ စိတ်ထဲမှာတော့ အကြောက်တရားက စွဲကျန်နေခဲ့ပါတယ်။
ဦးကံထွန်းက “ထပ်ပြီး လာရိုက်မှာကို ကြောက်တယ်။ သူတို့က နောက်ထပ် သတင်းပို့ရင် ရွာကို မီးရှို့မယ်။ တရွာလုံး ကို ပစ်သတ်မယ် ဘာညာဆိုတော့ ကျနော်တို့ ကြောက်လန့်တာပေါ့။ သူတို့က စကားလည်လည်ဝယ်ဝယ်တတ်တဲ့ လူဆိုလည်း လိုက်ခေါ်တယ်။ အဲဒီမှာ ဆက်နေရင် ကိုယ့် အသက်မစွန့်ချင်လို့ ထွက်ပြေးတာပါ” လို့ ပြောပြပါတယ်။
ဦးကံထွန်းက အသက် ၆၀ ကျော်ပြီဖြစ်လို့ အသက်ကြီးလို့ AA တပ်ဖွဲ့ဝင်တွေ ရိုက်နှက်မေးမြန်းတုန်းက အရိုက် မခံခဲ့ရပေမယ့် ရွာထဲမှာ ထပ်ပြီး မသင်္ကာမှုတွေ ဖြစ်လာခဲ့ရင် သူ့သား၊ သူ့သမီး တွေနဲ့ မြေးတွေ တခုခုဖြစ်မှာကို စိုးရိမ်တာကြောင့်လည်း ထွက်ပြေးဖို့ စဉ်းစားခဲ့တာလို့ သိရပါတယ်။
တကယ်တော့ ကျီးလေ ရွာသားတွေက ရွာထဲမှာ AA တပ်ဖွဲ့တွေ ရောက်နေတဲ့ အကြောင်းနဲ့ ရိက္ခာတွေ သယ်ယူ နေတဲ့ အကြောင်းကို သတင်းပို့ခဲ့တာ မရှိပါဘူး။
အရက်မူးနေတဲ့ ရွာသားတယောက်က အဓမ္မပစ္စည်းသယ်ခိုင်းတာ တပ်ကို တိုင်မယ်လို့ မူးမူးနဲ့ ပြောခဲ့တာကြောင့် တရွာလုံး သံသယဖြစ်ခံခဲ့ကြရပြီး ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကျီးလေရွာထဲက တယ်လီဖုန်းဆိုင်ပိုင်ရှင်ဆိုလည်း ရိုက်ခံရတဲ့ ဒဏ်ရာတွေ ရရှိတာကြောင့် ပလက်ဝမြို့မှာ ဆေးကုခဲ့ရပါသေးတယ်။
တယ်လီဖုန်းဆိုင်ပိုင်ရှင်လည်း ရွာကို မပြန်ရဲတော့တာကြောင့် ဆွေမျိုးတွေရှိတဲ့ အခြားဒေသ တခုကို တိမ်းရှောင် သွားတယ်လို့ သိရပါတယ်။
ဦးကံထွန်းကတော့ ရန်ကုန်ကို သူ့သား၊ သမီး၊ ချွေးမ၊ မြေးတွေ အားလုံးကို ခေါ်ပြီး စုစုပေါင်း မိသားစုဝင် ၉ ဦးလုံး ပြောင်းလာကြတာပါ။
ရွာကနေ ထွက်ပြေးတာကို AA တပ်ဖွဲ့ဝင်တွေ သိရင် ဟန့်တားတာ ထွက်ခွင့်မပေးတာမျိုး ကြုံရမှာ စိုးရိမ်တာ ကြောင့်လည်း ထွက်ပြေးတုန်းက အထုပ်အပိုးတွေ သိပ်မသယ်ပဲ ပလက်ဝမြို့ကို အလည်အပတ် သွားသလိုနဲ့ ထွက်လာခဲ့ကြတာလို့ သူ့ရဲ့စိုးရိမ်မှုကို ဦးကံထွန်းက ပြောပါတယ်။
ဦးကံထွန်းက “ရွာက လူတွေတောင် မသိဘူး။ ကိုယ့်ညီအစ်ကိုလောက်ပဲ ပြောခဲ့တာ။ ကျနော် ထွက်ပြေးတော့မယ်။ မနေနိုင် တော့ဘူးလို့ ပြောပြီး ပြေးခဲ့တာ။ ပစ္စည်းတွေလည်း ကျန်ခဲ့တယ်။ အဝတ်အစားနဲ့ပဲ ပြေးလာတာ” လို့လည်း ဆက်ပြောပါတယ်။
သူ့ရဲ့ အိမ်၊ သူတို့ မိသားစုရဲ့စီးပွားရေး အားလုံးဟာ ကျီးလေရွာမှာပဲ ကျန်ခဲ့ပါတယ်။ ဦးကံထွန်းတို့ မိသားစုအနေနဲ့ ပလက်ဝမြို့ပေါ်ကို ပြောင်းပြေးရင်လည်း တိုက်ပွဲတွေရဲ့ စက်ကွင်း မလွတ်နိုင်တာကတကြောင်း၊ သားသမီးနဲ့ မြေးမြစ်တွေ အတွက် အလုံခြုံဆုံး၊ အဝေးဆုံး ဘယ်တပ်ဖွဲ့မှ လိုက်လာပြီး ဒုက္ခပေးလို့ မရတဲ့ နေရာ၊ အကြောက်တရား တွေနဲ့ နေထိုင်ဖို့ မလိုတဲ့ အရပ်၊ ရန်ကုန်ကို ပြောင်းလာခဲ့တာလို့လည်း ဆိုပါတယ်။
ဆက်ပြီး ဦးကံထွန်းက “အေးချမ်းရင်တော့ ကိုယ့်ရွာကိုယ် ပြန်ချင်တာပေ့ါ။ ပစ္စည်းတွေလည်း ကျန်ခဲ့တာလေ။ သတိ လည်း ရတယ်”လို့ ဆိုပါတယ်။
ဒုက္ခသည်တဦးဖြစ်တဲ့ ဘာသာရေးဆရာ ဦးကံလွတ်ကတော့ ပလက်ဝကို ပြန်မယ်ဆိုရင်တောင် သူတို့မှာ ပိုင်ဆိုင်မှု ဘာမှ မရှိတော့ဘူးလို့ပြောပါတယ်။
တပ်မတော်စစ်ကြောင်းတွေက ရွာတွေထဲကို ဝင်ရင် သူတို့ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ယူသွားပြီ ဆိုတဲ့ သတင်းတွေ ကြောင့် ရွာမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
မေ ၂၆ ရက်မှာတော့ အောက်မီးလက်ဝကျေးရွာသားတွေ ထပ်ပြီး ကံဆိုးပြန်ပါတယ်။ သူတို့ ထွက်ပြေးလာခဲ့တဲ့ ရွာ၊ လူမရှိပဲ အိမ်နဲ့အိမ်တွင်း ပစ္စည်းတွေသာ ကျန်ခဲ့တဲ့ ရွာက မီးရှို့ခံရပါတယ်။ ဦးကံလွတ် အနေနဲ့ ဝမ်းနည်းပြီး မျက်ရည်ကျရုံက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။
“ကျနော်တို့ အဝတ်အစားကအစ ဘာမှ မယူပဲ သေတ္တာတွေနဲ့ ထားခဲ့တာ။ အခု မီးလောင်ပြီဆိုတော့ အကုန် ပါသွားပြီ”လို့ ပြောပါတယ်။
အခြေအနေ အေးချမ်းရင် အိမ်ကို ပြန်ကြမယ်ဆိုတဲ့ မျှော်လင့်ချက်တောင် ပျောက်သလို ဖြစ်သွား ကြပါတယ်။

ပလက်ဝတဖက်ကမ်းက စစ်ဘေးရှောင်ဒုက္ခသည်တွေက အောက်မီးလက်ဝကျေးရွာ မီးလောင်နေတုန်း မီးငြှိမ်းဖို့ တဖက်ကမ်းကို လှေနဲ့ ကူးကြပေမယ့် ခြောက်လှန့် ပစ်ခတ် ခံခဲ့ရတာကြောင့် မီးရှို့ခံရတာကို ဒီအတိုင်း ကြည့်နေ ခဲ့ကြရတာပါ။
ရွာသားတွေကတော့ မီးလောင်ချိန်မှာ တပ်မတော်၊ စစ်ကြောင်းတွေကို အောက်မီးလက်ဝရွာ နားမှာ တွေ့တာကြောင့် တပ်မတော်က မီးရှို့တာလို့ စွပ်စွဲပြောဆိုကြပါတယ်။
တပ်မတော်ကတော့ AA ရှို့တာလို့ ပြန်စွပ်စွဲပြီး AA ကလည်း တပ်မတော် ရှို့တာဆိုပြီး အပြန်အလှန် စွပ်စွဲ ထားပါတယ်။
လက်သည်မပေါ်ပေမယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ သူတို့နေရပ်ရင်းရွာကိုတောင် ဆုံးရှုံးလိုက်ရပါပြီ။
အိမ်တွေ ဆုံးရှုံးလို့မှ မကြာသေးပေမယ့် မေ ၂၉ ရက်မှာ အောက်မီးလက်ဝရွာနား ထင်းကောက်ဖို့သွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးတဦး ပစ်သတ်ခံခဲ့ရပြန်ပါတယ်။
ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ကျေးရွာထဲကိုတောင် ပြန်သွားလာဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။
ရန်ကုန်က စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ ပလက်ဝကို လက်ရှိအခြေအနေမှာ ပြန်လို့ မရတာ သေချာနေတာ ကြောင့် လတ်တလောမှာတော့ ဒုက္ခသည်စခန်းမှာပဲ မှီခိုပြီး ရန်ကုန်မှာပဲ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ရှာကြမယ်လို့ ဆိုပါတယ်။
သူတို့ဘဝက ရန်ကုန်က စစ်ဘေးရှောင်ဒုက္ခသည်စခန်းထဲမှာ လုံခြုံနေပေမယ့် ရေရှည်မှာ တဘဝလုံး အတွက်ကတော့ ဒုက္ခသည်အဖြစ် မှီခိုနေလို့ မဖြစ်တာကြောင့် စားဝတ်နေရေး အတွက် ဝင်ငွေရှာကြရဦးမှာ ဖြစ်ပါတယ်။

ပလက်ဝမှာ နေတုန်းကတော့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်တောင်ယာနဲ့ စားဝတ်နေရေး၊ ငွေရေးကြေရေးကို အပူအပင်မရှိဘဲ ဖြတ်သန်းခဲ့ကြသူတွေပါ။
အခုတော့ စစ်ဘေးဒဏ်ကြား ထွက်ပြေးရင်း အကြောက်တရားတွေ ကျည်ဆန်တွေ နဲ့ ဗုံးလာကျဲမယ့် လေယာဉ်တွေ မရှိတဲ့ အရပ်၊ ရန်ကုန်မြေမှာ ဘဝကို သုညကနေ ပြန်စကြရတော့မှာ ဖြစ်ပါတယ်။
ဆက်စပ်လင့်
ကိုဗစ်-၁၉ ကြောင့် ချင်းပြည်နယ် ပထမဆုံးလေယာဉ်ကွင်း ဖွင့်ရန် နှောင့်နှေးနေ