ကမ္ဘာ့ ရောဂါကပ်ပိုး ကိုဗစ်-၁၉ ရောဂါသည် အခြားနိုင်ငံများနည်းတူ မလေးရှားနိုင်ငံသို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ လက်ရှိအချိန်တွင် မလေးရှားနိုင်ငံတွင် ၇၈၇၇ ဦး ရောဂါကူးစက်ခံထားရပြီး ၆၄၇၀ ဆေးကုသပျောက်ကင်းခဲ့ပြီး ၁၁၅ ဦး သေဆုံးခဲ့ပြီးဖြစ်ပါသည်။ ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် မလေးရှားအစိုးရအနေဖြင့် မတ်လ ၁၈ ရက်မှစပြီး ရက်သတ္တပတ် ၂ ပတ် လှုပ်ရှားမှုကို စတင်ခဲ့ပါသည်။
မလေးရှားနိုင်ငံသည် လူဦးရေ ၃၂ သန်း ကျော်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများ၏ တတိယမြောက် စီးပွာရေး အကောင်းဆုံးနိုင်ငံတခုဖြစ်သည်။ တရားဝင် ရွှေ့ပြောင်းအလုပ်သမား ၂.၂ သန်းခန့်နှင့် အထောက်အထားမဲ့ (တရားမဝင်) ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများ ၃.၃ သန်းရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများအဆိုအရ သိရပါသည်။
မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သိန်းမှ ၅ သိန်းခန်ံ့အထိ အလုပ်လုပ်ကိုင်နေကြသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများက ဆိုကြသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုသည် စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများတွင် အများဆုံး ဝင်ရောက်လုပ်ကိုင်နေကြ၏။
ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် မလေးရှားနိုင်ငံတွင် မတ်လ ၁၈ ရက်နေ့နောက်ပိုင်း အလုပ်ရုံများ၊ စားသောက်ဆိုင်များ ပိတ်ထားခဲ့မူ့ကြောင့် ထောင်၊သောင်းချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ပြုတ်ခဲ့ကြရသည်။ အဓိကအားဖြင့် မြို့ ပြစားသောက်ဆိုင်လုပ်ငန်း၊ စက်ရုံနှင့် သန့်ရှင်းရေး လုပ်ငန်းများတွင် လုပ်နေသည့်မြန်မာအလုပ်သမားအများစု အလုပ်ပြုတ်ခဲ့သည်။
“ကျနော်တို့က တလရတဲ့လစာကို လစဉ်မြန်မာနိုင်ငံကို ပြန်ပို့နေခဲ့တာ၊ ကျနော်တို့မှာ စုဆောင်ထားတာ မရှိပါဘူး၊ လကုန်ရင် အိမ်လခမပေးနိုင်တော့လို့ အိမ်ရှင်က နှင်ချနေပြီ၊ တချို့အလုပ်သမားတွေကတော့ သူတို့ သူငယ်ချင်းတွေနဲ့ စုနေကြတယ်။ ကျနော်တို့ တော့ ဘယ်မှာ နေရမှန်း မသိသေးပါဘူး”ဟု မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှ ကိုမင်းမင်းကပြောပြသည်။
မလေးရှားနိုင်ငံအခြေစိုက် Tenaganita အမျိုးသမီးများနှင့် အလုပ်သမားအခွင့်အရေးအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms Glorene Das က ရွှေ့ပြောင်းအလုပ်သမားများအကြား Covid-19 ကူးစက်မှုအသစ်ဖြစ်ပေါ်နိုင်မှုသည် အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်း The Straits Times သတင်းစာကို ပြောကြားခဲ့သည်။ ၎င်းမှာ ဆက်လက်ပြီး “ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ပိုပြီး ရောဂါကူးစက်ခံရဖို့ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ လူစုလူဝေးနှင့် နေထိုင်သူများဖြစ်ကြပြီး၊ အစိုးရလမ်းညွန်ထားတဲ့အတိုင်း တဦးနှင့် တဦး ဝေးဝေးနေဖို့ မဖြစ်နိုင်ပါဘူး။ စာရွက်စာတမ်းအထောက်အထားမရှိတဲ့ အလုပ်သမားတွေကလည်း ဖမ်းဆီးခံရမှာ စိုးရိမ်ကြတာကြောင့် ဆေးစစ်ဖို့ ငြင်းဆန်တာတွေလည်း ရှိနေပါတယ်” ဟု ဆိုသည်။
သဘာဝဘေးအန္တရယ် ကျရောက်၍ဖြစ်စေ၊ လူလုပ်သည့် အန္တရယ်များ ကျရောက်ခြင်းများဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဒေသခံ နိုင်ငံသားများထက် ပိုပြီး ခက်ခဲကြမ်းတမ်းမူ့များနှင့် ယှဉ်ဆိုင်ရလေ့ရှိသည်။ ထိုနည်းတူစွာပင်မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနေနှင့် ကိုဗစ်ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့ခြင်းထက် အစာရေစာ၊ပြတ်တောက်ခြင်း၊ နေစရာအခက်အခဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းတို့က ပိုပါသည်။ တချို့ မှာ ကိုယ်ဝန်ဆောင်မိခင်များ ဖြစ်ကြသည်။ ရက်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအခက်အခဲများ ပိုပြီး ယှဉ်ဆိုင်နေကြရ၏။
“သမီးတို့ကို မြန်မာပြည်အမြန်ဆုံး ပြန်လို့ ရအောင် ကူညီပေးပါ၊ ဒါမှမဟုတ်လည်း၊ လူပွဲစားတွေ (လူပို့တဲ့လူတွေ) နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပါလား။ ကျမတို့ ဒီအတိုင်းနေရင် ပိုပြီးဒုက္ခရောက်လိမ့်မယ်” ဟု ကိုယ်ဝန် ၄ လရှိပြီဖြစ်သည့် မြောက်ဦးသူ ရခိုင်အမျိုးသမီးငယ်က သူမ၏အခက်အခဲကို ပြောပြသည်။
မလေးရှားနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် နှိုင်းယှဉ်လျှင် ပိုပြီး ဆိုးဝါးနိုင်ပါသည်။ မလေးရှားနိုင်ငံတွင် ထိုင်းနိုင်ငံနှင့်မတူ မြန်မာရွေ့ပြောင်းအလုပ်သမားများကာကွယ်ပေးနေသည့် အဖွဲ့အစည်းများက အကန့်အသတ်ရှိသည်။ မြန်မာပြည်သို့ ပြန်မည်ဆိုပါကလည်း ထိုင်းနိုင်ငံလောက် မလွယ်ကူပါ၊ ထိုင်းနိုင်ငံတွင် ဒုက္ခရောက်နေသည့်မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ မဖြစ်မနေပြန်လိုပါက လမ်းလျှောက်ပြန်၍ပင် ရနိုင်သည်။
မလေးရှားရှိ ရွှေ့ပြောင်းအလုပ်သမား အများစုအဖို့ အိမ်ပြန်လိုလျင် ယခင်က အဖမ်းခံပြီး မလေးရှား-ထိုင်းနယ်စပ်သို့ ပြန်အပို့ခံကြသည်။ ယင်းမှတဆင့် ထိုင်းလဝကက ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပို့ပေးသည်။ ယခု ယင်းလမ်းကြောင်း ပိတ်သွားပြီ ဖြစ်သည်။ အကြောင်းမှာ မကြာသေးမီက မလေးရှားဘက်မှ လွှဲပြောင်းပေးသော မြန်မာရွှေ့ပြောင်းအလုပ်သမားများတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရအပြီး ထိုင်းလဝကက ထပ်မံလက်ခံရန် ငြင်းဆိုနေသောကြောင့် ဖြစ်သည်။
ယင်းသို့ လမ်းပျောက်နေချိန် မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာမှ ကိုအောင်မြင့်မြတ်က “ ကျနော်တို့ အနေနဲ့ ဘယ်လိုမှရပ်တည်လို့ မရနိုင်ပါဘူး။ ဒီထဲမှာမှ ကိုယ်ဝန်ဆောင်သည်တွေ၊ အိမ်လခမပေးနိုင်တဲ့ သူတွေ၊ လွန်ခဲ့တဲ့ နှစ်လပိုင်းတုန်းကမှ ရောက်လာသူတွေ များပြားလွန်းတဲ့အတွက် တချို့ဆို ဘုန်းကြီးကျောင်းတွေမှာ အကူအညီတောင်းပြီး မှီခိုနေကြရပါတယ်၊ ဘုန်းကြီးကျောင်းမရှိတဲ့ နေရာတွေမှာရောက်နေသူတွေအတွက်တော့ မတွေးဝံ့စရာအခြေနေပါ။ ဒါကြောင့်မို့ နိုင်ငံတော်သမ္မတကြီးနှင့် အမေဒေါအောင်ဆန်းစုကြည်အား မေတ္တာရပ်ခံအပ်ပါတယ်” ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
မလေးရှားတွင် ဒုက္ခရောက်နေသည့် မြန်မာအလုပ်သမား ၄၀၀ ကျော်သည် ၎င်းတို့ ကို နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးပါရန်၊ ဖုန်းများ၊ ဗိုက်ဘာနှင့် လူမူ့ကွန်ယက်များမှ တဆင့် ဆက်သွယ်အကူအညီတောင်းခံနေပါသည်။ မိမိတို့အနေနှင့်လည်း နိုင်ငံတော် အတိုင်ပင်ခံအပါအဝင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အလုပ်သမားဝန်ကြီး၊ လွတ်တော်ဒုတိယဥက္ကဌနှင့် အမျိူးသားလွတ်တော် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားရေးဆိုင်ရာကော်မီတီများသို့ မလေးရှားနိုင်ငံတွင် ဒုက္ခရောက်သောင်တင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီပေးရန် မေတ္တာရပ်ခံ စာပေးပို့ထားပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်း တွေ့ဆုံဆွေးနွေးပွဲတခုတွင် “တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သူဖြစ်စေ၊ ကိုယ့်မြန်မာနိုင်ငံသားတွေ ဒုက္ခ ဖြစ်ရင်တော့ ကူညီရမှာဘဲ” ဟုပြောကြားခဲ့ဖူး၏။ နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်ချက်ချက်အတိုင်း မလေးရှားနိုင်ငံတွင် ဒုက္ခခံစားနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အမြန်ဆုံး ကူညီပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)
You may also like these stories:
နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်
ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ
ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်