ချင်းပြည်နယ်ရှိ ဖလမ်းလေဆိပ်တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေပြီး မကြာမီ လေယာဉ်ဆင်းတက်မှု စတင်နိုင်ကြောင်း ပြည်နယ်အစိုးရ၏ အဆိုအရ သိရသည်။
ဖလမ်းမြို့မှ ဆူရ်ဘုံလေဆိပ် သည် တောင်ထူထပ်သော ချင်းပြည်တွင် အဓိကကျသည့် ပထမဆုံးလေယာဉ်ကွင်းဖြစ်လာမည်ဖြစ်သည်။
“လေယာဉ်လမ်း၊ ထိန်းချုပ်မျှော်စင်နဲ့ လေဆိပ်အဆောက်အအုံတွေအားလုံး ပြီးနေပြီ။ ဒီလအတွင်း လေယာဉ်စမ်းသပ်ဆင်းမယ်။ ဒါပေမယ့် ကိုဗစ်-၁၉ နဲ့ ရာသီဥတု အကန့်အသတ်တွေကြောင့် လေဆိပ်လည်ပတ်ရေးလုပ်ငန်းတွေ အပြည့်အ၀ ဘယ်တော့စမယ်ဆိုတာကို မပြောနိုင်ဘူးဖြစ်နေတယ်” ဟု ချင်းပြည်နယ် သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဦးရွှေထီးယူပြောသည်။
လေဆိပ်ကို ယခုလအတွင်း အပြည့်အဝလည်ပတ်ရန်မူလက စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် နှောင့်နှေးကြန့်ကြာနေကြောင်း လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကပြောသည်။
“ခရီးသွားလာမှု ကန့်သတ်ချက်တွေရှိနေတော့ လေယာဉ်ကွင်းဖွင်ဖို့နှောင့်နှေးနေတယ်။ လုပ်ငန်းတွေဘယ်တော့စမယ်ဆိုတာ မပြောနိုင်ဘူး” ဟု လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ဧရာဝတီသို့ပြောသည်။ “အရာရာက ကိုဗစ်-၁၉ အခြေအနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်နေတယ်” ဟု သူပြောသည်။
ကျပ်ငွေ ၃၇ ဘီလျှံ (ဒေါ်လာ ၂၆ သန်း) ကုန်ကျသော ထိုစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ကြေညာပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။ ၅၂၂ ဟက်တာကျယ်သော ထိုလေယာဉ်ကွင်းနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၃၀ မီတာ အမြင့်နှင့် ဖလမ်းမြို့အနောက်ဖက် ၁၃ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၁၈၃၀ မီတာရှည်လျှားသော လေယာဉ်ပြေးလမ်းသည် မီတာ ၃၀ ကျယ်ပြီး ခရီးသည် ၆၀ အထိသယ်ဆောင်နိုင်သော လေယာဉ်များ ဆင်းသက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များအနက်တခုဖြစ်သော ချင်းပြည်နယ်သို့ ကားလမ်းဖြင့်သာ သွားရောက်နိုင်ပြီး အခြေခံအဆောက်အအုံ ညံ့ဖျင်းသောကြောင့် အခက်အခဲဖြစ်နေသည်။ မုတ်သုန်မိုးကြောင့် မြေပြိုပြီး ပြည်နယ်အတွင်း လမ်းများကို ပျက်စီးစေကာ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး မကြာခဏ ပြတ်တောက်လေ့ရှိသည်။
ပြည်နယ်၏ ဗဟိုတွင်ရှိသော ဆူရ်ဘုံလေဆိပ် ကြောင့် အသည်းပုံ ရိဒ်ရေကန်၊ နတ်မတောင်အမျိုးသားဥယာဉ်နှင့် အခြား ရှုခင်းလှပသောနေရာများတွင် ခရီးသွားလုပ်ငန်း တိုးတက်စေမည်ဟု မျှော်လင့်ရသည်။
“လေဆိပ်လုပ်ငန်းတွေလည်ပတ်တဲ့အခါ ကျနော်တို့ပြည်နယ်ကို ရာသီမရွေးသွားလာလို့ရပြီး ကျန်တနိုင်ငံလုံးနဲ့ ဆက်သွယ်ရေး တိုးတက်လာမယ်။ ချင်းပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းတိုးတက်မယ်။ လေဆိပ်က ပြည်နယ်တိုးတက်ရေးအတွက် အရေးပါတယ်” ဟု ဦးရွှေထီးယူပြောသည်။
ဆူရ်ဘုံလေဆိပ် သည် မြန်မာနိုင်ငံ၏ ၆၉ ခုမြောက်လေဆိပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နိုင်ငံတကာလေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုရှိသည်။
You may also like these stories:
ကိုဗစ်အလွန်ကာလ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်
လမ်းတံတားကြေး ကောက်ခံမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချ
စီးပွားရေး လုပ်ငန်း ၁ ထောင်ကျော်ကို အစိုးရ ကျပ် ၃၆ ဘီလီယံကျော် ထုတ်ချေး