တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည်နယ် သံတွဲဒေသမှ ပြည်သူများ စစ်ရှောင်ရာတွင် အဓိက အသုံးပြုနေရသည့် ကုန်လမ်း၊ ရေလမ်းများကို စစ်ကောင်စီက မေ ၂၀ရက်မှစ၍ ပိတ်လိုက်သည်။
သံတွဲမြို့ပေါ်နှင့် ပြည်မကို ဆက်သွယ်ထားသည့် သံတွဲ- ဂွ- ရန်ကုန် ကားလမ်းကို ခရီးသွားလာခွင့် ကန့်သတ်လိုက်သလို
တိုက်ပွဲဖြစ်ပွားနေသော ရွာများမှ စစ်ရှောင်ရန် အဓိက အသုံးပြုနေရသည့် ရေလမ်းကိုလည်း စစ်ကောင်စီက မေ ၂၀ ရက်မှစ၍ ပစ်မိန့်ထုတ်ပြီး ပိတ်ပင်လိုက်ကြောင်း သိရသည်။
မေ ၂၀ ရက် က ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA)မှ တိုက်ပွဲများကြား ပိတ်မိမသွားစေရန် စစ်ပွဲအန္တရာယ်ဇုန်မှ ဘေးလွတ် ရာ အမြန်ရွှေ့ပြောင်းကြရန် တိုက်တွန်းသည့် မြို့နယ်များစာရင်းအနက် သံတွဲမြို့နယ် ပါဝင်လာပြီးနောက် စစ်ကောင်စီက ယခုလို ကန့်သတ်ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
သံတွဲမြို့၏ မြောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာ ရွှေလှေတိုက်နယ်အတွင်းရှိ တိုက်ပွဲပြင်းထန်နေသည့် ကျေးရွာဒေသခံ များသည် သံတွဲမြို့ပေါ်သို့ စစ်ရှောင်ရန်အတွက် ဆင်ခေါင်း-ကင်းမော် ရေလမ်းကို အသုံးပြုကြရသည်။
သံတွဲဒေသခံတဦးက “တိုက်ပွဲတွေနီးလာတော့ သံတွဲကို တက်ဖို့ဟာ အခုရေလမ်းပိတ်ထားတယ်။ အနီးအနားရွာတွေ ကလည်း ရွာလူကြီးထောက်ခံစာ မပါလို့ဆိုပြီး ကမ်းအတက်မခံတော့ ကိုယ့်ရွာလည်း မပြန်ရဲ၊ ရှေ့လည်း ဆက်မတိုးရဲဘဲ တချို့ဆိုရင် ကျော့ပိုက်လှေတွေထဲမှာ အိပ်နေရတာ ၃/၄ ည ရှိပြီ” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ သွားလာခွင့် ပိတ်လိုက်ရုံသာမက အဆိုပါရေလမ်းကြောင်းကို အသုံးပြုပါက ပစ်မိန့်ပါထုတ်ထားကြောင်း ဒေသခံများက ဆိုသည်။
သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာမှ ဒေသခံတဦးက “ဆင်ခေါင်းက တက်လာတဲ့ အသိတယောက်တောင် သီသီလေး လွတ်တယ်။ သွားတဲ့သူကို အကုန်ပစ်ခိုင်းထားတယ် ပြောတယ်” ဟု ပြောသည်။
မေ ၁၄ ရက် ညဦးပိုင်းတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် လင်းသီကျေးရွာသား ၉ ဦး သေဆုံးခဲ့ပြီးနောက် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာကာ စစ်အန္တရာယ်ဇုန်အတွင်းမှ ကျေးရွာများရှိ ဒေသခံများ ဆက်တိုက်ဆိုသလို အဆိုပါရေလမ်းကို အသုံးပြုကာ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားသည့် ကျေးရွာများနေ ပြည်သူများသည် သံတွဲ-တောင်ကုတ် ကားလမ်းကို အသုံးမပြုနိုင်သည်မှာ တလဝန်းကျင် ကြာမြင့်ခဲ့ပြီ ဖြစ်သလို ယခုရေလမ်းအား ခိုးကြောင်ခိုးဝှက် အသုံးပြုနေရပြီး စက်လှေတချို့ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
ရွှေလှေတိုက်နယ်မှ ဒေသခံတဦးက “စက်လှေကျတော့ အသံကြားရတဲ့အခါ ရပ်ခိုင်းပြီး ခေါ်စစ်တာ။ လူတွေကို ၂ နာရီလောက် ထိုင်ခိုင်းထားပြီး ရှေ့ဆက်မသွားရဘဲ ပြန်လွှတ်လိုက်တာမျိုးလုပ်တယ်” ဟု ပြောသည်။
တိုက်ပွဲများ ပြင်းထန်ခဲ့သည့် မေလဆန်းအတွင်း စစ်ကောင်စီသည် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းများကို ကားလမ်းမှ ထွက်ခွာခွင့်ပြုခဲ့သော်လည်း ဒေသခံကျေးရွာသားများကိုမူ ခွင့်မပြုခဲ့ခြင်းကြောင့် အများစုမှာ ရွှေလှေတိုက်နယ် အတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။
ယခင် စစ်ကောင်စီက ပစ်ခဲ့သည့် လက်နက်ကြီးကျည်နှင့် လေကြောင်းဗုံးကြဲခြင်းများသည် ကျေးရွာများနှင့် ခပ်လှမ်းလှမ်းရှိ တောတောင်နှင့် လယ်ကွင်းများသို့ ကျရောက်ပေါက်ကွဲမှု ပိုများခဲ့သော်လည်း ယခု မေလဆန်းမှစတင်ကာ ကျေးရွာများ ပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု ဆက်တိုက်ဖြစ်ပွားနေရာ စစ်ရှောင်လိုသူ ပိုမိုများပြားလာနေသည်။
ပုရစ်-ရေကောက်၊ ကျောင်းကုန်း၊ လင်းသီ၊ သပြုချိုင်၊ အောက်နတ်မော်၊ ပြင်ယောင်း၊ မန်ကျည်းချောင်၊ ရှင်စောပြင်၊ ဒေါ်မြ၊ ရွှေလှေ စသည့် ကျေးရွာများနှင့် ရေအားလျှပ်စစ်တည်ရှိရာ သူဌေးချောင်းဝန်းကျင်မှ ဒေသခံ သောင်းနှင့်ချီကာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များအနေဖြင့် တိုက်ပွဲမဖြစ်သေးသည့် ကျေးရွာများနှင့် သံတွဲမြို့ပေါ် ရှိ ဆွေမျိုးသားချင်းနေအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
အလားတူ သံတွဲမြို့မှပြည်မသို့ စစ်ရှောင်လိုသူများအား မေ ၂၀ ရက်တွင် စစ်ကောင်စီက ကားလမ်းအသုံးပြု ခရီးသွား လာခွင့်အား ပိတ်ပင်လိုက်ပြီး ကျန်းမာရေးအရ ဆေးကုသွားမည့်လူနာနှင့် လူနာစောင့်များကိုသာ ကားလမ်းနှင့် လေကြောင်းအသုံးပြုကာ ထောက်ခံချက်အဆင့်ဆင့်ဖြင့် သွားခွင့်ပြုထားကြောင်း သိရသည်။
သံတွဲမှပြည်မသို့ ကားဖြင့်ထွက်ခွာမည်ဆိုပါက ဆေးရုံထောက်ခံချက်၊ ဆေးစာအုပ်လက်မှတ်၊ လူနာနှင့်လူနာစောင့်များ အတွက် ရပ်ကွက်ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ရဲစခန်းမိတ္တူ၊ မှတ်ပုံတင်၊ လူမျိုး၊ ဘာသာ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ စီးမည့်ကားနံပါတ်အမျိုးအစား စသည့် အချက်အလက်များ လိုအပ်ပြီး သက်ဆိုင်ရာအကြောင်းအရာအလိုက် ခရီးထွက်ခွာ ခွင့်ပြုရန် စာရေးသားကာ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးရုံးများသို့ အနည်းဆုံး ၂ ရက် ကြိုတင်စာတင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သံတွဲမြို့ပေါ် ရပ်ကွက်မှ ဒေသခံတဦးက “အိမ်စီးကားနံပါတ်အနက်တွေနဲ့ပဲ သွားခွင့်ပြုတော့တယ်။ ဆေးရုံထောက်ခံချက် ယူတာ ၄ သောင်း ပေးရတယ်။ ပေးပြီးမှ ကားက နံပါတ်အနက်တွေပဲ ထွက်ရမယ်ဆိုလို့ ခုထိ မြို့ကနေမထွက်ရသေး။ တချို့ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ထောက်ခံစာ ထုတ်မပေးတော့ဘူး” ဟု ပြောသည်။
ငပလီကမ်းခြေမြို့၊ ဂျိတ္တောရပ်ကွက်တွင်လည်း ခရီးသွားလာရန် ထောက်ခံစာတောင်းသူ များပြားလွန်းသဖြင့် ယမန်နေ့က ရဲစခန်းတံခါးကို ပိတ်ထားလိုက်ရကြောင်း ယင်းရပ်ကွက်၌ နေထိုင်သူတဦးက ဆိုသည်။
ငပလီကမ်းခြေမြို့၊ ငပလီရပ်ကွက်မှ ဒေသခံတဦးက “အုပ်ကြီးက ထောက်ခံစာမပေးလို့ ကျမ အသိတချို့ သံတွဲက ထွက်မရတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့သော အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ဥပဒေအရာရှိချုပ် ဦးလှသိန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
လက်ရှိအချိန်တွင် သံတွဲမှ ရန်ကုန်သို့ ခရီးသည် ၇ ဦးခန့် လိုက်ပါစီးနင်းနိုင်သည့် အိမ်စီးကားငှားရမ်းခမှာ ကျပ် သိန်း ၂၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
သံတွဲမှ ထွက်ခွာနိုင်မည့် အခြားလမ်းကြောင်းတခုမှာ လေကြောင်းဖြစ်ပြီး စစ်ပွဲအန္တရာယ်ဇုန်မှ အမြန်ရွှေ့ပြောင်းရမည့် မြို့နယ်များစာရင်းတွင် သံတွဲပါဝင်လာပြီးနောက် သံတွဲလေဆိပ်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် တခုတည်းသော Air Mingalar (ယခင် Air KBZ) ၏ လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန် ဈေးတက်သွားခဲ့သည်။
ယခင်က ၁ သိန်း ၇ သောင်းကျပ်ဖြင့် ရောင်းချနေသည့် လေယာဉ်လက်မှတ်တစောင်လျှင် မေ ၂၂ ရက်မှ စတင်ကာ ကျပ် ၄ သိန်းခွဲထိ မြင့်တက်သွားပြီး စစ်ဘေးဇုန်မှ အမြန်ဆုံးထွက်ခွာလိုသော ဒေသခံများ အလွန်များပြားနေမှုကြောင့် လက်မှတ် ရရှိနိုင်မှု အခြေအနေမှာ လာမည့် ဇွန် ၂၅ ရက်နောက်ပိုင်းမှသာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်း ကောင်တာများထံမှ သိရသည်။
မြန်မာလေကြောင်း(MNA)က လာမည့်ဇွန်လတွင် လေယာဉ်လက် မှတ် ဈေးနှုန်း ၁၈၅၀၀၀ ကျပ်ဖြင့် စတင်ပြေးဆွဲတော့ မည်ဟု သတင်းများထွက်ပေါ်နေပြီး ကြိုတင်ဝယ်ယူမှု များသဖြင့် ဇွန်လကုန်ခန့်အထိ လက်မှတ်များ ရောင်းချထား ပြီးဖြစ်နေကြောင်း သိရသည်။
သံတွဲမြို့နယ်မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တလခွဲနီးပါးကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် မြို့ပေါ်နှင့် နီးကပ်လာ နေပြီး မေ ၁၈ ရက်၌ လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၉ ဦး သေဆုံးခဲ့သော နတ်တောင်မော်ကျေးရွာသည် သံတွဲနှင့် ၉ မိုင်ခန့်သာ ကွာတော့သည်။
You may also like these stories:
သံတွဲ သူဌေးချောင်း ရေအားလျှပ်စစ်အနီး တိုက်ပွဲ ပြင်းထန်နေ
သံတွဲမြို့ခံတို့ စစ်ရှောင်ရန် ပြင်
သံတွဲမြို့ရှိ ဌာနဆိုင်ရာများ ပြောင်းရွှေ့နေဟုဆို