စစ်ပွဲဇုန်မှ ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းရန် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မေ ၂၀ ရက်က ထုတ်ပြန်သတိ ပေးလိုက်ပြီးနောက် သံတွဲမြို့ခံအများစု နည်းမျိုးစုံဖြင့် မြို့မှထွက်ခွာရန် ပြင်ဆင်လျက်ရှိကြောင်း သံတွဲဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
သံတွဲမြို့ပေါ်ရပ်ကွက်မှ အိမ်ရှင်မတဦးက “အစက ဘယ်မှ ရှောင်မယ်ဆိုတာ သေချာမတွေးထားတဲ့သူတွေတောင် စစ်ရှောင်ဖို့ ပြင်ဆင်နေကြပြီ။ ကျမတို့လမ်းထဲက အိမ်တိုင်းလိုလို အထုပ်အပိုးတွေပြင်ဆင်ပြီး တချို့ဆို ကလေးတွေနဲ့ အသက်ကြီးတဲ့လူတွေကို အမျိုးတွေရှိတဲ့ရွာဘက် နေရာရွှေ့ကြပြီ” ဟု ဧရာဝတီကို ပြောသည်။
ဘူးသီးတောင်၊ မောင်တောနှင့် သံတွဲဒေသများတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် ပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကြားညပ်ပိတ်မိမသွားစေရန်နှင့် စစ်ပွဲ အန္တရာယ်ဇုန်အတွင်းမှ ဘေးလွတ်ရာသို့ တတ်နိုင်သမျှ အမြန်ရွှေ့ပြောင်းကြရန် ULA က ဆိုထားသည်။
သံတွဲဒေသခံတဦးက “မြို့ပေါ်က ငွေကြေးတတ်နိုင်တဲ့လူတွေကတော့ ပြည်မဘက်ကို ရှောင်ကြတယ်။ တချို့ကတော့ သံတွဲတောင်ဘက်က ရွာတွေဘက် ရှောင်ကြတယ်။ ပြောင်းဖို့ရွှေ့ဖို့မလွယ်တဲ့သူတွေနဲ့ တချို့ကတော့ အိမ်ကိုစိတ်မချလို့ ဘယ်မှမသွားဘူးဆိုပြီး ကျန်နေတုန်းပဲ” ဟု ပြောသည်။
လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် သံတွဲမြို့မြောက်ဘက်မှ လက်နက်ကြီးအန္တရာယ်သည် သံတွဲမြို့နှင့် နီးကပ်လာပြီး ယခင် မြို့နှင့် မိုင် ၂၀ အကွာခန့်မှ ယခုအခါ ၁၀ မိုင်ဝန်းကျင်ထိ နီးကပ်လာနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
သံတွဲမြို့ အမှတ် (၄) ရပ်ကွက်မှ ဒေသခံတဦးက “တောင်ဘက်ကရွာတချို့မှာ အရင် အိမ်ငှားခက ၃ သောင်းလောက်ပဲ ရှိတာ။ အခု ငှားတဲ့သူများလာတော့ ၈ သောင်း၊ ၁ သိန်းတွေ ဖြစ်ကုန်ကြတယ်။ တချို့ကျတော့လည်း ငွေကြေးမတတ်နိုင်လို့ မရှောင်ကြဘူး။ တချို့ကျ အိမ်ကိုထားခဲ့ရင် ဖောက်ခံရတာ၊ ခိုးခံရတာတွေဖြစ်မှာစိုးလို့ မရှောင်တာလည်းရှိတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့မှ စစ်ဘေးရှောင်သူများသည် မြို့၏တောင်ဘက်မှ ဆွေမျိုးသားချင်းများရှိရာ ကျေးရွာများနှင့် အချို့က မိုင် ၈၀ ဝန်းကျင်အကွာရှိ ဂွမြို့အထိ တိမ်းရှောင်နေကြကြောင်း ဂွမြို့ဒေသခံတဦးထံမှ သိရသည်။
ဂွမြို့ပေါ်ရပ်ကွက်မှ ဒေသခံတဦးက “ဂွမှာ သံတွဲဘက်ကလူတွေ၊ အိမ်ငှားနေတဲ့သူတွေ တဖြည်းဖြည်းများလာပြီ။ သံတွဲက စစ်ရှောင်လာကြတာဖြစ်မယ်” ဟု ပြောသည်။
မေ ၂၀ ရက် ULA ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနှံ့တိုက်ပွဲများ၌ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ကာ အရပ်သားပြည်သူများကို ပစ်မှတ်ထားခြင်း၊ ဈေး၊ ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများ၊ မြို့များ၊ ရွာများကို ရေကြောင်း၊ လေကြောင်းနှင့် လက်နက်ကြီးများသုံးပြီး ပစ်ခတ်တိုက် ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများနှင့် တံတားများဖျက်ဆီးခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက် ထွက်လာပြီးနောက်ပိုင်း သံတွဲမြို့မဈေးအတွင်း ရောင်းချနေသူများက ဆိုင်ရှိပစ္စည်းများကို သိမ်းဆည်းရွှေ့ပြောင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ယခင်ရက်များကတည်းက ရွှေ့ပြောင်းသူများ ရှိသော်လည်း ULA ၏ သတိပေးချက်ထွက်လာအပြီး ပိုမိုသိမ်းဆည်းလျက်ရှိကြောင်း သံတွဲဈေးမှ ဆိုင်ရောင်းသူတဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ရက်မှ စတင်ကာ သံတွဲမြို့နယ်အတွင်း AA နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ပြီး ထိတွေ့တိုက်ပွဲပေါင်း ၁၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်ကာ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲခြင်းတို့ကြောင့် အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်သည်။
You may also like these stories:
သံတွဲမြို့ရှိ ဌာနဆိုင်ရာများ ပြောင်းရွှေ့နေဟုဆို
မွတ်စလင်လက်နက်ကိုင်များ သံတွဲဗလီမှာ မရှိ
သံတွဲတိုက်ပွဲ စစ်တပ်အရာရှိအချို့ အပါအဝင် ၆၀ကျော်သေဆုံးဟုဆို
သံတွဲမြို့အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ