စစ်ကောင်စီ သင်တန်းပေးထားသော မွတ်စလင်လက်နက်ကိုင်များကို ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ပေါ်ရှိ ဗလီထဲ၌ နေရာချထားသည်ဆိုသည့်သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိရာ ယင်းသတင်းမှာ မမှန်ကန်ကြောင်း သံတွဲမြို့ခံ မွတ်စလင်အသိုင်းအဝိုင်းက ငြင်းဆိုသည်။
အဆိုပါ မွတ်စလင်လက်နက်ကိုင်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေမြို့၌ စစ်သင်တန်းပေးထားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသောကြောင့် မြို့ခံမွတ်စလင်အသိုင်းအဝိုင်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သည်။
သံတွဲဂျာမေ့ဗလီသို့ ပုံမှန်အဝင်အထွက်ရှိသည့် မြို့ခံ မွတ်စလင်အမျိုးသားတဦးက “သူတို့ပြောသလို ဗလီထဲမှာ ဘာမှ မရှိဘူး။ အဲဒီဘက်က ပြည်သူ့စစ်တွေ ဝင်လာတယ်လို့လည်း မကြားဘူး။ ဗလီထဲမှာ ရောက်နေတယ်ဆိုရင် ဒီကိစ္စက လိမ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး၊ သံတွဲမှာ နှစ်ဖက်လူမှု အသိုင်းအဝိုင်းအဆင်ပြေနေတာကို မကြည့်နိုင်ကြလို့ သက်သက်ရန်တိုက်တာ” ဟု ပြောသည်။
သံတွဲဗလီသည် သံတွဲမြို့မဈေးနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိပြီး လမ်းမပေါ်မှ ရပ်ကြည့်လျှင်ပင် ဗလီတွင်းကို မြင်နိုင်ကာ ပင်မအဆောက်အအုံကြီးတခုသာရှိကြောင်း၊ စစ်တပ်အတွက် စစ်ကူလာမည့် လူအင်အား ဗလီအတွင်း ရောက်နေမည်ဆိုပါက အပြင်မှ ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်ကြောင်း သံတွဲမြို့ခံ မွတ်စလင်လူလတ်ပိုင်းတဦးက ပြော သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သံတွဲဈေး၊ ဗလီဘက်အခြမ်းမျက်နှာစာရှိ ဆိုင်ရောင်းသူတဦးကလည်း “ဗလီကို ဈေးကနေ လှမ်းမြင်နေရတယ်။ ကျမတို့တော့ ထူးထူးခြားခြားဘာမှ မမြင်ဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ ထိလွယ်ရှလွယ်ဖြစ်စေနိုင်သည့်သတင်းကို ဖြန့်ဝေနေခြင်းသည် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍ ဆိုးကျိုးဖြစ်စေလိုသူများ ဝါဒဖြန့်ခြင်းဟု ယူဆကြောင်း သံတွဲဒေသခံ ရခိုင်အမျိုးသမီးတဦးက ပြောသည်။
“ဘင်္ဂါလီတိုက်ခိုက်ရေးသမားတွေကို သံတွဲဒေသခံ မွတ်စလင်တွေက ခေါ်ထားမှာ မဟုတ်ဘူးလို့ ကျမ ယုံတယ်၊ ကျမတို့သံတွဲရဲ့ ထူးခြားချက်က ဘာသာမတူတဲ့လူတွေအချင်းချင်း ပုတ်ခတ်စော်ကားတာမျိုး မလုပ်ကြဘူး၊ အချင်းချင်း လေးလေးစားစားနဲ့ နားလည်မှုတွေနဲ့ နေလာခဲ့ကြတာ။ အခုလိုလုပ်တာဟာ လူမျိုးရေး တိုက်ခိုက်မှုတခုလို့ မြင်တယ်” ဟု သူ့အမြင်ကို ပြောသည်။
အလားတူ သံတွဲမြို့တွင် မွေးဖွားကြီးပြင်းခဲ့သည့် အသက် ၄၀ ဝန်းကျင်အရွယ် လူလတ်ပိုင်း မွတ်စလင် အမျိုးသား တဦးက “သံတွဲက ဘာသာပေါင်းစုံ အေးအေးချမ်းချမ်း အတူတကွနေထိုင်ကြတယ်ဆိုတဲ့ ပုံရိပ်ကောင်းရှိတယ်။ အဲဒါကို ဖျက်ချင်တဲ့လူတွေက ဝိုင်းဖျက်ကြတာလို့ မြင်တယ်။ တကယ်သာ ဗလီမှာ လက်ခံထားတယ်ဆိုရင် လက်ခံတဲ့လူနဲ့ ကျနော်တို့နဲ့ အရင်ဆုံး ပြဿနာတက်မှာ” ပြောသည်။
သံတွဲမြို့သည် ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင် ဗုဒ္ဓဘာသာ စသည့် ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သည့်မြို့တမြို့ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ပွားနေသော်လည်း ငပလီကမ်းခြေတည်ရှိရာ သံတွဲမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဧပြီလအတွင်းက သံတွဲ နှင့် ၁၁ မိုင်ခန့်အကွာရှိ တောင်ကုတ်ကားလမ်းဘေး ကွေ့ချောင်းရွာ၊ ရေစင်ရွာကြား တိုက်ပွဲများဖြစ်ပွားခဲ့သလို၊ စစ် ကောင်စီရေတပ်သင်္ဘောများပေါ်ကနေ သံတွဲအနီးဝန်းကျင် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
AA နှင့် စစ်တပ်တို့ သံတွဲဒေသတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်
စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ
သံတွဲမြို့နယ်မှ ရွာတချို့ စစ်ကောင်စီ လေတပ် ဗုံးကြဲ
စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်