ကချင်ပြည်နယ်၊ ဝိုင်းမော်-ဗန်းမော် ကားလမ်းပေါ်က ဝိုင်းမော်မြို့ရဲ့ ခံတပ်ကြီးတခုဖြစ်တဲ့ ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က မေလ ၂၁ ရက်နေ့ ည ၈ နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA က အတည်ပြုပါတယ်။
ဝိုင်းမော်-ဗန်းမော် ကားလမ်းပေါ်က ကဇူးယန်စခန်းနဲ့လုံတပ်ဘွမ်စခန်းကိုလည်း မေလ ၁၉ ရက်နေ့မှာ သိမ်းပိုက်ပြီးတဲ့နောက် မေလ ၂၁ ရက်နေ့မှာ ခမရ ၃၂၁ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အင်အား ရာနဲ့ချီအထိုင်ချထားတဲ့ ခမရ ၃၂၁ ဟာ ဝိုင်းမော်ကိုအဓိက လုံခြုံရေးယူထားတဲ့စခန်းဖြစ်တဲ့ KIA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဝိုင်းမော်မြို့ဟာ စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့နေရာဖြစ်တယ်လို့ စစ်ရေးသုတေသီက ထောက်ပြပါတယ်။
ခမရ ၃၂၁ သိမ်းခံရပြီးတဲ့အချိန် စစ်ကောင်စီက KIA ဌာနချုပ်လိုင်ဇာမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်တာတွေရှိတဲ့အတွက် တရုတ်ဘက်က မီးကျည်ဖောက်သတိပေးခဲ့တဲ့အခြေအနေရှိခဲ့တယ်လို့ KIA က ဧရာဝတီကို ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR