ရုတ်တရက်ထွက်ပေါ်လာတဲ့ သေနတ်သံတွေကြောင့် တောတွင်းတနေရာ အကျဉ်းရုံးလုပ်နေရတဲ့ ရက်လည် ဆွမ်းသွတ်တရားပွဲလေးဟာ ထွက်ပြေးသူပြေးနဲ့ ဝရုန်းသုန်းကား ပွက်လောရိုက်သွားစေခဲ့ပါတယ်။
အားလုံး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတဲ့ကြား အားတင်းလုပ်ရတဲ့ ဒီဆွမ်းသွတ်တရားနာပွဲလေးဟာ အစုလိုက်အပြုံလိုက် စစ်တပ်ရဲ့ အသတ်ခံရတဲ့ မြင်းမူမြို့နယ်ထဲက လက်ထုတ္တောရွာခံ ၃၀ ကျော်အတွက်ဖြစ်ပြီး စီးနင်းခံရစဉ်က ရွာလည်း ပြာ ကျခဲ့ရတာကြောင့် ကျန်ရစ်သူတွေဟာ နီးစပ်ရာမှာ ပုန်းခိုရင်း ဘာသာရေးအရ သေဆုံးသူ မိသားစုဝင်တွေကို ရည်စူးကာ ဘုန်းကြီးပင့် ရက်လည် ဆွမ်းကပ်တရားနာ အမျှပေးဝေးနေကြတာ ဖြစ်ပါတယ်။
ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။
လက်ထုတ္တောရွာ ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဉာဏ်က “အုံး အုံး နဲ့ အသံကြားရင်ကို ပြေးတော့တာပဲ။ တားလို့လည်း မရဘူး၊ ထိန်းလို့လည်းမရဘူး။ ရွာထဲ ဘယ်သူကနေရဲတော့မှာတုန်း။ ဒီလောက်လုပ်သွားတာကြီး ကြောက်နေကြတာ။ မနက်က တရားလေးနားတာတောင်မှ ‘ဖောင်း ဖောင်း’ ဆို သေနတ်သံကြားတော့ ဘုန်းကြီးတွေရော ထပြေးရတာ” လို့ ပြောပြပါတယ်။
ဆွေးမျိုးသားချင်းတွေ၊ ခင်ပွန်းတွေ မျက်စိရှေ့မှာတင် သတ်ဖြတ်ခံလိုက်ရတာကို ကြုံခဲ့ရတဲ့ လက်ထုတ္တောရွာသားတွေ အတွက်တော့ နာကျည်းခံပြင်းမှုတွေ ပြည့်နှက်နေသလို နောက်တကြိမ် ထပ်မံတိုက်ခိုက်ခံရမှာကို စိုးရိမ်ကြောက် ရွံ့စိတ်က ကြီးစိုးနေပါတယ်။
တရားနာနေတုန်း ရုတ်တရက်ထွက်ပေါ်လာတဲ့ သေနတ်သံဟာ ရွာနဲ့တမိုင်ခန့်ဝေးတဲ့ မုံရွာ-မန္တလေး ကားလမ်းမကြီးရဲ့ ဘေး ဂွေးပင်တောရွာက စစ်တပ်စစ်ဆေးရေးဂိတ်ဘက်ကနေ ခြောက်လှန့်ပစ်ခတ်ရင်း ထွက်ပေါ်လာတဲ့ အသံ ဖြစ်ပါတယ်။
လက်ထုတ္တောရွာဟာ မန္တလေး- မုံရွာ ကားလမ်းနဲ့ ရထားလမ်းတို့နဲ့ ကပ်လျက် အိမ်ခြေ ၇၀၀ ကျော် ရှိတဲ့ ရွာကြီး တရွာဖြစ်ပြီး မြင်းမူမြို့ရော၊ ချောင်းဦးမြို့ကိုပါ မိုင်းအနည်းငယ်သွားရရုံ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ အတွက် ဖွံ့ဖြိုးတဲ့ရွာတရွာလည်း ဖြစ်ပါတယ်။
လယ်ယာမြေတွေ ပတ်လည်ဝိုင်းနေတဲ့ ဒီရွာမှာနေထိုင်သူအများစုဟာ မိရိုးဖလာ လယ်ယာစိုက်ပျိုး အသက်မွေးကြပြီး နိုင်ငံရေးမှာ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ထောက်ခံသူတွေ များကြပါတယ်။
လက်ထုတ္တောရွာခံတဦးက “အရှေ့အစဉ်အဆက်ကကို ကြံ့ခိုင်ရေးကပဲ နိုင်တဲ့ရွာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘက်က ဘယ်တော့မှမနိုင်ဘူး။ ကြံ့ခိုင်ရေး နိုင်တယ်သာပြောတာ နိုင်ငံရေးနဲ့ပတ်သက်လို့ မနှောင့်ယှက်ပါဘူး။ အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း ကြံ့ခိုင်ရေး၊ NLD မကွဲကြဘူး။ မေးထူးခေါ်ပြော နေကြတာ၊ တယောက်နဲ့ တယောက် ရန်သူလို မနေကြဘူး။ သတင်းပေးတာ၊ ဒလန်လုပ်တာတွေ မရှိခဲ့ဘူး။ အခုတော့ ရှိလာပြီဗျ” လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအားကောင်းပြီး ဖွံ့ဖြိုးခဲ့တဲ့ရွာကြီးဟာ စစ်တပ်အာဏာသိမ်းအပြီး ၃ နှစ်ကျော် အကြာမှာတော့ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေနဲ့ ပြာပုံအတိ ရွာပျက်ကြီးလို ဖြစ်ခဲ့ရပါပြီ။

အာဏာသိမ်းပြီးကတည်းက ဘယ်အရပ်ဒေသမဆို အရပ်သားနဲ့ စစ်ရေးပစ်မှတ် မခွဲခြားဘဲ အကြမ်းဖက် သတ်ဖြတ်တာ၊ ရွာတွေ မီးရှို့ဖျက်ဆီးတာတွေကို ကြိမ်ဖန်များစွာ ကျူးလွန်လာခဲ့တဲ့ စစ်တပ်ဟာ လက်ထုတ္တောရွာကိုလည်း မေ့ပျောက် မရနိုင်တော့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြီးတခုကို မေလ ၁၁ ရက်မှာ သယ်ဆောင်လာခဲ့ ပါတော့တယ်။
ပူပြင်းတဲ့ အညာနွေရဲ့အောက် နံနက်ဝေလီဝေလင်း စစ်သားတွေနဲ့ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးတွေ ပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ လက်ထုတ္တောရွာကို အနောက်ဘက်ကစပြီး စစ်ကြောင်းသုံးကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ် တရစပ်ပစ်ခတ်လို့ စီးနင်းဝင်ရောက်လာခဲ့ကြပါတယ်။
ရွာကိုစီးနင်းမယ့်အကြောင်း ညကတည်းက ကြိုတင်သတင်းရခဲ့လို့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုဉာဏ်တို့က ခရာသံရှည်မှုတ်ပြီး ရွာကနေတိမ်းရှောင်ကြဖို့ သတိပေးခဲ့ပေမယ့် တချို့မိသားစုတွေဟာ စီးနင်ဝင်ရောက်လာတဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြားမှာ ထွက်ပြေးခွင့်မသာတော့ဘဲ ရွာရဲ့ဘုန်းကြီးကျောင်းနှစ်ခုမှာ စုပြုံပိတ်မိသွားကြပါတယ်။
ကိုဉာဏ်တို့ ရွာကာကွယ်ရေးအဖွဲ့တွေ နေရာယူထားတဲ့ ရွာတောင်ဘက်ကနေ ရွာထဲဝင်လာတဲ့ စစ်သားတွေကို ခုခံဖို့ ကြံစည်ခဲ့ကြပေမယ့် ဒဏ်ရာရပြီး ထွက်ပြေးလာသူတွေကို ကယ်ထုတ်နေရသလို လူအင်အား၊ လက်နက်အင်အား မမျှတာ ကြောင့် ခုခံဖို့ လက်လျှော့ခဲ့ရပါတယ်။
ဒီလိုနဲ့ ပစ်ခတ်ရင်း ရွာကိုစီးနင်း မီးရှို့လာတဲ့ စစ်သားတွေ ဘုန်းကြီးကျောင်းကို ရောက်လာပြီး ဒေသခံတွေကို မြင်လိုက်ရတဲ့ အခါ အားရဝမ်းသာ ကြိမ်းဝါးပြောဆိုမှုတွေနဲ့ လက်ထုတ္တောရွာရဲ့ သာသနာ့နယ်မြေအဝန်းအဝိုင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့ပါတော့တယ်။
ပစ်ခတ်ခံရပြီး မသေဘဲကျန်ခဲ့သူက “ရွာကို မီးရှို့ပြီး ကျောင်းကိုရောက်လာတော့ ဖွင့်ဖွင့်ဆိုပြီး ‘ဟာ ဒီဘက်မယ် အပြုံ လိုက်ကြီး၊ ဟန်ကျပြီကွတဲ့၊ ဒို့တော့ ပွပြီ၊ ဟန်ကျပြီတဲ့’ ယောက်ျားလေးမှန်သမျှ အကုန်ထွက်တဲ့။ ထွက်ကြပြီး အဲဒီမှာ အသက် ၈၀ ကျော်တွေရော၊ ၇၀ ကျော်တွေရော အကုန်လုံးပစ်သတ်တာ။ ဖိနပ်နဲ့ခေါင်းကိုကန်ပြီး သေနတ်ဒင်နဲ့ထု၊ တခါတည်းဘေးတွန်းထည့်ပြီး ဒိုင်း၊ ဒိုင်းနဲ့ ပစ်သတ်တာ။ အပုံကြီး လိုက်ပစ်သတ်ပြီးတော့ ဒီကောင်မသေသေးဘူးဆို ခြေထောက်နဲ့ကန်၊ ဒီကောင်မသေသေးဘူး၊ လှုပ်နေတယ်ဆို တခါပစ်သတ်။ ဟိုကောင် မသေသေးဘူးဆို တခါပစ်သတ်။ မသေမချင်းကို ပစ်သတ်တာ” လို့ ကြုံခဲ့ရတာတွေကို ပြောပြပါတယ်။
သူကိုယ်တိုင်က ဘုန်းကြီးကျောင်းထဲပိတ်မိကာ စစ်တပ်ကပစ်သတ်တဲ့ လူအုပ်စုထဲပါပေမယ့် စပစ်ပစ်ချင်းမှာပဲ ဝမ်းလျားထိုးမှောက်ထားတဲ့အတွက် ပစ်သတ်ခံရတဲ့ ဆွေမျိုးသားချင်းတွေရဲ့ အသက်မဲ့ခန္ဓာကိုယ်တွေအောက်မှာ ပိနေပြီး သေဟန်ဆောင်ကာ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
သူက “ ဒိုင်း ဒိုင်း ဒိုင်းဆို ပစ်တော့ လူလယ်ကောင်ကို ဝမ်းလျားထိုးမှောက်ပစ်လိုက်ရတာလေ။ အဲဒီလို ဝမ်းလျားပစ်မှောက် ပြီး လွတ်လာတာ သုံးယောက်လောက်က။ လူလယ်ကောင်ရောက်ပြီး သေတဲ့ကောင်တွေက ကိုယ့်အပေါ်မှာ ဖိထားတာ ပေါ့။ သူတို့ပြောတာတွေ အောက်ကနေ အကုန်ကြားနေရတယ်။ သူတို့ တဖွဲ့နဲ့တဖွဲ့ ‘ဟာ ဟေ့ကောင်တွေ၊ ဒီမယ်ကွ၊ လက်ထုတ္တော မှာ ကျောင်းထဲနေတဲ့ကောင်တွေ အကုန်ပစ်သတ်ပြီးပြီ၊ ဒီမှာကြည့်ကြည့်ဆိုပြီးတော့ ဓာတ်ပုံရိုက်ပြီး သူတို့ဘက်ကို တင်တာနဲ့တူပါတယ်။ အသံတွေက အကုန်ကြားနေရတာလေ” လို့ ဆိုပါတယ်။
ဒူးခေါင်းနဲ့လက်မှာ သေနတ်ဒဏ်ရာတွေရပြီး သေကံမရောက်ဘဲ လွတ်မြောက်လာခဲ့ပေမယ့် သေဆုံးသူတွေထဲ ယောက်ဖ တော်စပ်သူတွေ ပါသွားခဲ့သလို စစ်သားတွေက လူတွေကို ပစ်သတ်နေတဲ့ တနာရီလောက် အချိန်အတွင်းမှာလည်း သေလူ လို့ကိုမှတ်ယူပြီး အသက်တောင် ရဲရဲမရှူရဲခဲ့ဖူးလို့လည်း သူက ပြောပါတယ်။
“မယားညီအစ်ကိုရယ်၊ ယောက်ဖ နှစ်ယောက်ရယ် ပါသွားတယ်။ ခံစားရတာ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ အခုကို ရင်ထဲကို တုန်နေတာ။ ဒီလုပ်ရပ်ကို အစာမကြေဘူး။ ဗမာလူမျိုးချင်း ရက်ရက်စက်စက် ပစ်သတ်သွားတာကို မကျေနပ် ဘူး” လို့လည်း နာကျည်းစွာ ဆိုပါတယ်။
စစ်သားတွေ အစုလိုက်အပြုံလိုက် ပစ်သတ်တဲ့အထဲ အမျိုးသမီးနှစ်ယောက် ပါဝင်ပြီး စုစုပေါင်း ၃၃ ဦး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်လို့ လက်ထုတ္တောရွာခံတွေက ပြောပါတယ်။ သတ်ဖြတ်မှုဟာ ရွာရဲ့အနောက်ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ တည်ဆောက်ဆဲ ရွာအရှေ့ ဘက်က ဘုန်းကြီးကျောင်းတို့မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ပစ်သတ်ခံရသူတွေထဲ ရွာရဲ့ကြံ့ခိုင်ရေးပါတီဝင်တွေ၊ မြင်းမူမြို့အထွက်ဘက်မှာရှိတဲ့ ဝမ်းပြည့်ရွာကနေ လက်ထုတ္တော ဘုန်းကြီးကျောင်း မုဒ်ဦးလာဆောက်တဲ့ ပန်းရံသမား သုံးယောက်လည်း ပါဝင်သလို နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူလည်း ပါဝင်ခဲ့ပါတယ်။
“PDF ဘယ်သူဘယ်ဝါတုန်း မေးသေးတယ်။ ကျောင်းမှာ ပန်းရံလုပ်တဲ့ ဧည့်သည်တယောက်က ကျနော်က ဝမ်းပြည့်ကပါ၊ မသိပါဘူးပေါ့။ အဲဒါကို မသိရမလားဆိုပြီး သူ့ကိုတခါအရင်ပစ်သတ်တာ။ ပန်းရံလုပ်တဲ့သူတွေက သုံးယောက်လောက် ပါသွားတာ။ သေတဲ့အထဲ” လို့ အသက်ရှင် လွတ်မြောက်လာသူက ပြောပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးကလည်း သူ့ရဲ့ယောက်ျားဖြစ်သူကို မသတ်ဖို့ တောင်းတောင်းပန်ပန် ပြောဆိုခဲ့ပေမယ့် စစ်သားတွေကတော့ သူ့ရဲ့အရှေ့မှာတင်ပဲ ပစ်သတ်ခဲ့ပါတယ်။
ကိုဉာဏ်က “သူ့ယောက်ျားကို မသတ်ပါနဲ့လို့ တောင်းတောင်းပန်ပန် ပြောတာကို မရဘူး။ သူ့အရှေ့မှာတင် တခါတည်း တေ့ပြီး ခေါင်းကိုပစ်သတ်သွားတာဗျ။ ကိုယ်ဝန်ဆောင်ကောင်မလေးကလည်း အကုန်ပြောပြတယ်။ သူ့ကို ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့တယ်” လို့ ဆိုပါတယ်။
မျက်စိရှေ့တင် ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရတာကို မြင်ခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးဟာ အဲဒီနေ့မှာပဲ မီးဖွားခဲ့ပြီး လတ်တလော မိခင်ရောကလေးပါ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။
စစ်သားတွေရဲ့ သတ်ဖြတ်မှုတွေထဲ အဖွားအိုတဦး သေဆုံးရတဲ့ ဖြစ်ရပ်မှာဆိုရင် မီးစွဲလောင်နေတဲ့ နေအိမ်တွေကြား ရောက်နေတဲ့ မိခင်ဖြစ်သူအား သားဖြစ်သူကို သွားရောက်ကယ်ခွင့်မပေးခဲ့လို့ သေဆုံးရတာ ဖြစ်တယ်လို့လည်း ကိုယ်တိုင် မြင်တွေ့ခဲ့သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကိုဉာဏ်က ပြောပြပါတယ်။
“အဖွားအိုတဦး အိမ်ထဲမှာမီးလောင်နေလို့ သူ့ရဲ့သားဖြစ်သူက လက်အုပ်ချီပြီးတော့ ‘ဗိုလ်ကြီးတို့ရာ ကျနော့်အမေကို သွားပြီးတော့ ထုတ်ရုံလေးပါ။ ပြီးကျမှ ကျနော့်ကိုသတ်ပါ၊ ကျနော့်အမေကို သွားပြီးကယ်ချင်လို့ပါဗျ’ လို့ ပြောတာကို မရဘူး။ မကယ်နဲ့ပစ်ထားလိုက်လို့ ပြောတယ်တဲ့။ အဲဒါကြောင့် မီးဟပ်ပြီးတော့ဆုံးတာ၊ နောက်နေ့မနက်မှာဆုံးတာ” လို့ သူက ဆိုပါတယ်။
ဒီလိုအကြမ်းဖက်သတ်ဖြတ်ပြီးတဲ့နောက် စစ်သားတွေဟာ ရွာက အမျိုးသမီးနဲ့ကလေးတွေ အပါအဝင် လူ ၂၀ လောက်ကို သူတို့အပြန်လမ်းမှာ ဓားစာခံအနေနဲ့ ဂွေးပင်တောရွာအထိ ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။
လက်ထုတ္တောရွာကို စစ်တပ်က အခုလိုအကြမ်းဖက်တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ မြင်းမူနဲ့ ချောင်းဦးမြို့ကြား မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်တပ်ယာဉ်တန်းတွေ မိုင်းဆွဲခံရ၊ ချောင်းမြောင်းပစ်ခတ်ခံရတာတွေ ကို အငြိုးထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေကို လက်စားချေသတ်ဖြတ်ခဲ့တာလို့ လက်ထုတ္တောရွာခံတွေက ယူဆကြပါတယ်။
၂၀၂၃ မေလ ၆ ရက်ကလည်း စစ်သားတွေဟာ လက်ထုတ္တောရွာကို ဝင်ရောက်စီးနင်းပြီး အိမ်ခြေ ၄၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို အရပ်သားတဦးကိုလည်း သတ်ဖြတ်ခဲ့ကြပါသေးတယ်။
အဲဒီကတည်းက စစ်သားတွေဟာ နောက်တခါ သူတို့ကို ချောင်းမြောင်တိုက်ခိုက်တာတွေလုပ်ရင် လူတွေပါသတ်ပစ်လို့ ခြိမ်းခြောက်ပြောဆိုတာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိုဉာဏ်က “သူတို့ ဖြတ်သွားဖြတ်လာလုပ်တဲ့အခါ တော်လှန်ရေးရဲဘော်တွေက ခြုံခိုတိုက်တာ၊ မိုင်းဆွဲတာမျိုးတွေရှိတော့ သူတို့အထိနာတော့ ကျနော်တို့ရွာက လုပ်တာချည်းပဲထင်တာ။ အဲဒီကတည်းက အငြိုးထားပြီး မီးရှို့တယ်။ အဲဒီထဲက နောက်တခါထပ်ပြီး အဲဒီလိုလုပ်ရင် လူပါသတ်ပစ်မယ်လို့ပြောခဲ့ပြီး အခုတခါထပ်ဝင်လာတော့ တခါတည်းမီးရှို့ပြီး သူတို့ပြောတဲ့အတိုင်း အကုန်လုံးသတ်သွားတာပဲ” လို့ ပြောပါတယ်။
ဒီလိုလူသတ်ပွဲကြီး မဖြစ်မီ ရက်ပိုင်းအလိုက မြင်းမူမြို့နဲ့ ချောင်းဦးမြို့ကြား လမ်းပိုင်းမှာ မုံရွာ ကြေးနီစီမံကိန်းကနေ ကြေးနီသယ်ဆောင်ဖို့လာတဲ့ စစ်တပ်ကားတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီ ၂၈ ရက်က အလ္လကပ္ပရွာနဲ့ ဘိုးမင်းကြီးကင်းကြားမှာ တကြိမ်၊ မေ ၁ ရက်က နတ်ရေကန်ရွာနဲ့ ရေပိုးစားကြားမှာ တကြိမ်နဲ့ အလ္လကပ္ပရွာနဲ့ ဘိုးမင်းကြီးကင်းကြားမှာ တကြိမ်၊ မေ ၂ ရက်က အလ္လကပ္ပရွာနဲ့ ဘိုးမင်းကြီးကင်းကြားမှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ မြင်းမူမြို့နယ်မှာလှုပ်ရှားနေတဲ့ Black Eagle Defence Force-MMU အဖွဲ့က မေ ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်ခံရတာကြောင့် အရပ်သားတွေကို ပြန်ပြီးအငြိုးထား သတ်ဖြတ်တယ်လို့ လက်ထုတ္တောရွာခံတွေ ယူဆထားတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ ရပ်တန့်သွားနိုင်ခြေမရှိသေးဘဲ လူ ၃၀ ကျော် အစုလိုက်သတ်ဖြတ်တာကို နမူနာယူဖို့နဲ့ နောက်တခါဆို မိန်းမရောကလေးပါမကျန် အကုန်သတ်ပစ်မယ်လို့ အဲဒီနေ့က ထပ်မံခြိမ်းခြောက် သွားခဲ့တဲ့အကြောင်း လက်ထုတ္တောရွာခံတဦးက ပြောပြပါတယ်။
“နောက်တခါဆိုရင်တော့ ကလေးတွေရော၊ မိန်းမတွေရော၊ ခွေးတွေရောပါမကျန် မင်းတို့ လက်ထုတ္တောရွာကြီးပါ ပျောက်အောင်ကို ဖျောက်ပစ်မယ်။ အကုန်သတ်ပစ်မှာ ဆိုပြီးတော့လည်း ကြိမ်းသွားသေးတယ်ဗျ” လို့ သူက ဆိုပါတယ်။
ဒီလိုမျိုး သူတို့ကိုသတ်ဖြတ်ခြိမ်းခြောက်ခဲ့တဲ့သူတွေဟာ ဘယ်သူဘယ်ဝါမှန်း အတိအကျမသိပေမယ့် ရွာအနီး မုံရွာ-မန္တလေးလမ်းပေါ်က ဂွေးပင်တောရွာ၊ နတ်ရေကန်ရွာနဲ့ မြောင်လမ်းခွဲတို့မှာ တပ်စွဲထားတဲ့ စစ်သားတွေပါဝင်တယ်လို့ လက်ထုတ္တောရွာခံတွေက ယူဆထားကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၁၃၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့်ဆက်သွယ်ရေး တပ်ရင်းက တပ်ဖွဲ့ဝင်တွေအပြင် စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီးတွေလည်း ပါဝင်တယ်လို့ မေ ၁၂ ရက်နေ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။
သတ်ဖြတ်ခြိမ်းခြောက်မှုတွေနဲ တရွားလုံးနီးပါး နေအိမ်တွေမီးရှို့ခံလိုက်ရတဲ့ လက်ထုတ္တောရွာကသူတွေဟာ လက်ရှိမှာ လည်း အပူရှိန်ပြင်းထန်တဲ့ အညာနွေပူပူအောက် အခက်အခဲမျိုးစုံရင်ဆိုင်ပြီး တောတွေထဲနဲ့ နီးစပ်ရာရပ်ရွာတွေမှာ ပုန်းရှောင်ခိုလှုံနေကြရပါတယ်။
ဒီလိုပုန်းနေရသူတွေထဲ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေပါပြီး စုစုပေါင်း လူ ၇၀၀ ကျော်ရှိကာ ရေနဲ့စားနပ်ရိက္ခာ အပါအဝင် အစစအရာရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဉာဏ်က “ရွာသူရွာသားတွေကတော့ တောထဲဒုက္ခရောက်နေကြတာ၊ သက်ကြီးရွယ်အိုတွေ အများကြီးပဲ။ တောထဲမှာ နေကပူ နေစရာကမရှိ၊ ရေကမရှိ၊ ဒုက္ခတွေကိုရောက်နေတာ။ ကူညီနိုင်သူတွေ လာပြီးကူပေးကြရင်လည်း ကောင်းတယ်။ ဒါတွေကို နိုင်ငံတကာကိုလည်း သိစေချင်တယ်” လို့ ဆိုပါတယ်။
ဧရာဝတီမြစ်နဲ့အလှမ်းဝေးပြီး ရေတွင်းကိုသာ အားကိုးသုံးစွဲရတဲ့ လက်ထုတ္တောရွာအတွက် စစ်တပ်ရဲ့ အငြိုးတကြီး တိုက်ခိုက်မှုမှာ ပထမအကြိမ် ရွာမှာမျှဝေသုံးစွဲကြတဲ့ ရေတွင်းနှစ်ခုလုံး မီးရှို့ဖျက်ဆီးခံလိုက်ရသလို ဒုတိယအကြိမ် လူသတ်ပွဲနေ့မှာလည်း ဘုန်းကြီးကျောင်းရဲ့ ရေတွင်းကိုပါ ထပ်မံမီးရှို့ခဲ့လို့ သောက်ဖို့ရေတောင်မရှိတဲ့ အခက်အခဲကို ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ရက်စက်မှုတွေနဲ့ ဒုက္ခတွေကို ခါးစည်းခံရင်း တပတ်ကြာတဲ့အထိ ရွာခြေပြန်မကပ်နိုင်သေးတဲ့ လက်ထုတ္တောရွာ ဒေသခံတွေဟာ လုံခြုံစွာအိမ်ပြန်နိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။ ။
You may also like these stories:
မျက်မြင်သက်သေတွေ ပြောတဲ့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု
ကောလင်းတွင် စစ်တပ်က ဒေသခံ ၁၀ဦးကို သတ်ဖြတ်ခဲ့
စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ