ငဆောင်းချမ်း တိုက်ပွဲသည် ပုဂံမင်းဆက် နရသီဟပတေ့မင်း လက်ထက် မြန်မာ သက္ကရာဇ် ၆၄၃ ခု (ခရစ် ၁၂၇၇) ခုနှစ်၌ တာတာ လူမျိုးတို့နှင့် မြန်မာလူမျိုးတို့ စစ်ဖြစ်၍ တိုက်ခိုက်သော တိုက်ပွဲဖြစ်သည်။
ငဆောင်းချမ်း အရပ်တွင် စစ်ပြိုင်ကြသည်ကို အစွဲပြု၍ ငဆောင်းချမ်း တိုက်ပွဲဟု တွင်သည်။
ငဆောင်းချမ်း အရပ်သည် ဗန်းမော်မြို့၏ အရှေ့ဘက် ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နယ်စပ်ဒေသ လောက်တွင် ရှိ၏။
ထိုငဆောင်းချမ်း တိုက်ပွဲသည် မြန်မာနိုင်ငံ၏ သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေခဲ့သော တိုက်ပွဲဟုလည်း ဆိုနိုင်သည်။
ပထမ မြန်မာနိုင်ငံတော် ပျက်စီးရခြင်း အကြောင်းတရပ်မှာ မြန်မာနိုင်ငံသို့ တာတာ ခေါ် တရုတ်တို့ ချင်းနင်း ဝင်ရောက် လာသောကြောင့် ဖြစ်၏။
ထိုတိုက်ပွဲ ဖြစ်ရခြင်းမှာ မြန်မာသက္ကရာဇ် ၆၄၃ ခု၊ နရသီဟပတေ့မင်း လက်ထက်တွင် တရုတ် ဦးတည်ဘွားက ရှေးယခင် မြန်မာမင်း တပါးသည် ရွှေထမင်းအိုး၊ ငွေထမင်းအိုး၊ ရွှေပေါင်းချောင်၊ ငွေပေါင်းချောင်၊ ရွှေယောက်မ၊ ငွေယောက်မ၊ ရွှေဟင်းချို၊ ငွေဟင်းချို တို့ကို ဆက်ဖူးသည်ဟူ၍ တရုတ်သံ အဖွဲ့ဝင် အမတ်တကျိပ်နှင့် မြင်းသည် ၁ဝဝဝ တို့ကို စေ၍ တောင်းလာ၏။
ထိုသို့ တောင်းဆိုလာခြင်းသည် အခြေအမြစ် မရှိ၊ မဟုတ်မမှန်ဘဲ စော်ကား ရန်စသည်ဟု မြန်မာတို့က ယူဆနေစဉ် တရုတ်သံ တို့သည် မင်းကြီးရှေ့တော်တွင် မတော်မလျော် မကျစ်မလျစ် ပြုချေ၍ အမတ်တကျိပ်နှင့် မြင်းသည် ၁ဝဝဝ ကို တယောက်မလွတ် သတ်လေဟူ၍ အမိန့်တော်ရှိ၏။
အမတ်တို့လည်း မင်းကြီး၏ အာဏာကို ကြောက်၍ တယောက်မလွတ် သတ်လေ၏။ သံတို့အား သတ်လေသော အကြောင်းကို တရုတ် ဦးတည်ဘွား ကြားလေသော် အမျက်ပြင်းစွာ ထွက်၍ မြင်းသည် ၆,ဝဝဝ,ဝဝဝ ခြေသည် ၂ဝ,ဝဝဝ,ဝဝဝ မျှလောက်သော စစ်အင်္ဂါ တို့ကို စီရင်၍ ချီလာ၏။
တရုတ် ဦးတည်ဘွားက စစ်သည် ချီလာပြီဟူ၍ နရသီဟပတေ့ မင်းကြီး ကြားတော်မူလေသော် စစ်သူကြီး အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့အား ကြည်းရေ ၈,ဝဝဝ,ဝဝဝ သော ဆင်လုံး မြင်းရင်းနှင့်တကွ ချီတက်၍ ခုခံ တိုက်ခိုက်စေသည်။
မြန်မာ စစ်သည်တို့သည် ငဆောင်းချမ်းသို့ ရောက်သော် ရောက်နေနှင့်သော တရုတ်စစ်သည်တို့နှင့် အတန်ကွာ ဗန်းမော် မြစ်ငူတွင် ကျုံးမြောင်းလုပ်၍ နားနေသည်။
တရုတ် စစ်သည်တို့ကား မြန်မာ စစ်သည်တို့ ရောက်ကြောင်း သိသည်နှင့်တပြိုင်နက် သစ်ကြီးဝါးကြီးများဖြင့် ထူထပ်သော တောများရှိရာ လွင်ပြင်သို့ ဆင်းသက်လာလေသည်။
တရုတ်စစ်သည်တို့ ချီတက်လာလျှင် မြန်မာ စစ်သည်တို့သည် ဆင်တပ်ကို ရှေ့တွင် တင်ကာ ချီတက် တိုက်ခိုက်လေ၏။ မြန်မာတပ်များ၏ တိုက်စည်၊ တိုက်မောင်းနှင့် စစ်သည်တော်တို့၏ ကြွေးကြော်သံမှာ ပဲ့တင်ထပ်မျှရှိသည်။
တရုတ် စစ်သည်တို့၏ မြင်းများမှာ စစ်ဆင်တို့ကို မတွေ့ဘူးသည့် အတွက် မြင်လျှင်ချက်ချင်း ကြောက်လန့်ခြင်း ဖြစ်၍ တရုတ်စစ်တပ် ပျက်လေသည်။
တရုတ် စစ်ဗိုလ်လည်း စစ်ပရိယာယ်ကို တမျိုးပြင်၍ သူ၏စစ်သည်များအား မြင်းမှ ဆင်းစေပြီးလျှင်၊ ခြေလျင် ချီတက်ကာ မြားမိုး ရွာစေသည်။
မြန်မာ စစ်သည်တို့က ပြန်လည် ခုခံကြသော်လည်း တရုတ်တို့၏ မြားဒဏ် ပြင်းထန်လွန်းသည်ကို ဆင်များ မခံနိုင်သဖြင့် ဆင်တပ် ပျက်ရလေသည်။
ဆင်တပ်ပျက်သည်ကို တွေ့ရသော တရုတ်တပ်တို့မှာ တအားတက်ကာ မြင်းတပ်ကို ဖွဲ့စည်း၍ စုပေါင်း တိုက်ခိုက်လေသည်။
မြင်းနှင့် ခြေလျင်တပ်မှ မြန်မာ စစ်သည်တို့လည်း ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်၏။ ထိုသို့ တဖက်နှင့် တဖက် လေးမြားများဖြင့် ပစ်ခတ် တိုက်ခိုက်ရာတွင် မြန်မာတို့သည် တရုတ် စစ်သည်တို့ကဲ့သို့ သံချပ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိသဖြင့် အထိအခိုက် များလေသည်။
နှစ်ဖက် စစ်သည်တို့သည် မြားကုန်ကြသောအခါ ရရာ ဓား၊ လှံ၊ လက်နက် တို့ဖြင့် ထိုးခုတ် တိုက်ခိုက်ကြ၏။ နှစ်ဖက် စလုံးတွင် စစ်ကူများ အဆက်မပြတ် ရောက်လာသည်နှင့်အမျှ တိုက်ပွဲမှာ ပြင်းထန်ရကား နှစ်ဖက်လုံးမှ အကျအဆုံး များလှလေသည်။
စစ်မြေပြင် အလုံးတွင် လူနာ၊ မြင်းနာ၊ လူသေ၊ မြင်းသေကောင် တို့ဖြင့် ဖုံးလွှမ်းနေတော့သည်။ ဤသို့ အပြင်းအထန် တိုက်ပွဲမှာ နံနက်မှသည် မွန်းတည့်ထိ ကြာလေသည်။
နောက်ဆုံးတွင် မြန်မာတို့ လက်ခြေပန်းသဖြင့် တရုတ်တို့ မြစ်ကိုကူးနိုင်သောကြောင့် ငဆောင်းချမ်း ပျက်လေသည်။
ဤငဆောင်းချမ်း တိုက်ပွဲနှင့် စပ်လျဉ်း၍ ပုဂံမင်းနန်သူရွာ၊ လေးထောင့်ကန် မြောက်ကျောင်း ကျောက်စာတွင် –
“အနန္တ ပစ္စည်းလေ ငဆောင်းချမ်းမြို့နေရလေ၏။ ပြည်ထဲပျက်စီးသည် ဖြစ်ခဲ့၏။” ဟု ရေးထိုးထားသည်ကို တွေ့ရသည်။
တရုတ်တို့သည် ဆက်လက် ချီတက်ရာ အနန္တပစ္စည်း၊ ရန္တပစ္စည်း စစ်သူကြီး နှစ်ယောက်သည် ဆုတ်ခဲ့ကြ၍ မန်လည် တောင်ရံ အရှေ့၌ မြို့ ၂ မြို့တည်၍ ခံပြန်၏။
ထိုမြို့တွင် အနန္တပစ္စည်း ကျဆုံးသဖြင့် တရုတ်တို့သည် တရုတ်မော်သို့ တိုင်အောင် ချီတက်လေသည်။ ပုဂံပြည့်ရှင် နရသီဟပတေ့ကား အောက်မြန်မာနိုင်ငံ အရောက် စုန်၍ပြေးသည်ကို အစွဲပြု၍ တရုတ်ပြေးမင်းဟု တွင်သည်။
ယင်းသို့ မြန်မာပြည်တွင်းသို့ ချင်းနင်းဝင်ရောက်လာ၍၊ ငဆောင်းချမ်းတိုက်ပွဲတွင် တရုတ် စစ်သည်တို့၏ မြားစွမ်း ပြနိုင်ခဲ့ ပုံကို မြင်းစိုင်းငါးစီးရှင် သီဆိုသည့် မြင်းစိုင်းမြို့ဘွဲ့ ကာချင်းတွင် –
“တရုတ်လာသည်၊ ရိုင်ရိုင်လော၊ ရိုင်ရိုင်။ မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။ လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော၊ လတိုင်းလတိုင်း။ မြင်းသည်သိန်းသန်း၊ များစွာလွန်းသည်။ ထက်ဝန်းရံသ၊ မနိုင်မနိုင်။” ဟု တွေ့ရှိရ လေသည်။ ။
မှတ်ချက်။ ။ “ငဆောင်းချမ်း” ကို နောက်ပိုင်းတွင် “ငဆောင်ချမ်း” ဟု သုံးနှုန်းလာသည်ကို တွေ့ရှိရပါသည်။
(ဤ ဆောင်းပါးစာစုကို စာပေဗိမာန်က ၁၉၅၆ ခုနှစ်တွင် ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၃ စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)