ရာသီဥတု ဖောက်ပြန်မှု အယ်လ်နီညိုရဲ့ အကျိုးဆက် အပူချိန်မြင့်မားတာတွေ မိုးမမှန်တာတွေ မိုးခေါင်ရေရှားတာတွေ မုန်တိုင်းဝင်တာတွေ ရေကြီးတာတွေဟာ ဒီနှစ်မှာတော့ ရှိရင်းစွဲ စစ်ဘေးဒုက္ခနဲ့ အတူ အညာဒေသကို ထပ်ဆင့်ဝင်ရောက် လာတယ်လို့ ဆိုရမှာပါ။
ဇွန်လနောက်ဆုံးပတ်က မြန်မာပြည်မြောက်ဖျားက ဧရာဝတီမြစ်ဖျားခံရာ မေခနဲ့ မေလိခ အထက်ပိုင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာတာကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက်တက်လာပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့တွေ သာမက မြစ်အောက်ပိုင်း ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ အောင်လံ၊ ပြည်၊ ဆိပ်သာ စသည့် မြို့တွေမှာ အနည်းနဲ့ အများ ဆိုသလို ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါအပြင် ဇူလိုင်လတလုံးဟာ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနဲ့ တနင်္သာရီဒေသ၊ ကရင်ပြည်နယ်တွေမှာလည်း မိုးကြီး ရေလျှံတာတွေဟာ တကြိမ်မက ဖြစ်ပေါ်နေတာကို တွေ့နေရပါတယ်။
ဧရာဝတီမြစ်ကြောင်း တလျှောက် ရေကြီးရေလျှံမှုကြောင့် တောင်သူတွေရဲ့ စိုက်ခင်းတွေ ဆုံးရှုံးရသလို တခြားတဖက် မှာတော့ အညာက တောင်သူတွေဟာ မိုးခေါင်တဲ့ဒဏ်ကြောင့် မြေပဲ၊ ပဲတီစိမ်း၊ ငရုတ်စတဲ့ သီးနှံခင်းတွေ ပျက်စီးကာ အယ်လ်နီညိုဆိုတဲ့ ရာသီဥတု ဖောက်ပြန်မှုရဲ့ ဆိုးကျိုးကို ရင်ဆိုင်နေရပြန်ပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့ အနောက်ခြမ်းက သရက်ကန် အပါအဝင် ရေလာ၊ ထန်းတပင်၊ ဖောင်းကွဲ စတဲ့ ရွာပေါင်း ၂၀ လောက်ဟာ မြေပဲ၊ ပဲစင်းငုံ၊ ပဲနောက်(ပဲတီစိမ်း)၊ ပြောင်း၊ နှမ်း စတဲ့သီးနှံတွေကို ဧကထောင်ချီပြီး စိုက်ပျိုးတဲ့ ရွာတွေ ဖြစ်ပြီး အခုအခါမှာတော့ မိုးခေါင်တာကြောင့် ပျက်စီးမယ့်ဘေးနဲ့ ကြုံနေရပါတယ်။
သရက်ကန်ရွာက တောင်သူကြီး မနုကတော့ “အခုလောက်မိုးခေါင်တာမျိုး တခါမှ မကြုံဖူးဘူး။ မြေပဲ၊ ပဲတီစိမ်း သီးနှံ တွေဟာ ဝါပြီး ညိုးခြောက်နေတာ စိုက်ခင်းထဲမှာပဲ သေကုန်မယ့်ပုံပဲ”လို့ သူ့ရဲ့ တောင်သူ သက်တမ်းတလျှောက် အတွေ့ အကြုံနဲ့ နှိုင်းယှဉ်ပြီး ပြောပြပါတယ်။
တကယ်တော့ အညာသူ အညာသားတွေဟာ စစ်အာဏာရှင်ရဲ့ ရွာလုံးကျွတ် မီးတိုက်၊ စားပင်သီးနှံ အိုးအိမ်ကျွဲနွားစတဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီး လုယက်ခံနေရတဲ့ကြား ရွာကို စစ်ကြောင်းထိုးလာရင် ထွက်ပြေးလိုက်၊ တပ်ပြန်ဆုတ်သွားရင် ပြန်စိုက်လိုက်၊ လယ်မြေတွေထဲ စစ်တပ်ထောင်ခဲ့တဲ့ မိုင်းတွေကြား အသက်ကိုရင်းပြီး ဝမ်းရေးအတွက် စိုက်ပျိုးလုပ်ကိုင် နေကြရသူတွေပါ။
ဒီလို စစ်ရှောင်ရင်း စိုက်ရပျိုးရတဲ့ အညာတောင်သူတွေဟာ ဒီနှစ်မှာတော့ အများအားဖြင့် နှမ်းအစား အကြမ်းခံတဲ့ မိုးမြေပဲ ကို ပို စိုက်ပျိုးလာတာ တွေ့ရပါတယ်။
တောင်သူကြီး မနု ရှင်းပြတာက “နိုင်ငံရေး မကောင်းတော့ နှမ်းမစိုက်တော့ဘူး။ မြေပဲစိုက်ကြတာပေါ့။ ဘာလို့ဆို နှမ်းက ပြေးရှောင်နေလို့ သိမ်းချိန်တန်လို့ မသိမ်းရင် အသီးတွေကွဲပြီး ဆုံးရှုံးကုန်မှာ။ မြေပဲကျတော့ နုတ်ချိန်တန်လို့ မနုတ်လည်း ရတယ်။ ရက်ပိုင်းလောက် ပစ်ထားလိုက်လို့ ရတယ်။ အကြမ်းခံတယ် စွန့်ပစ်ရရင်တောင် နွားစာနဲ့ အိမ်စားဖို့တော့ ရတယ်၊ ဒါကြောင့် မြေပဲစိုက်သူ များတယ်။ အခု မိုးခေါင်တော့ ဆုံးရှုံးကုန်တာပေါ့။ ကျမတို့က ဒီနှစ်ပဲတီစိမ်းလည်း စိုက်ထားတယ်။ အခုတိုင်း မိုးသာ ဆက်မရွာရင် စိုက်စရိတ်တွေ ရှုံးပြီ”လို့ အဆိုးထဲက အကောင်း စိတ်ဖြေစရာ ပြောပြပါတယ်။
စိုက်စရိတ်တွေဟာလည်း အာဏာမသိမ်းခင်က မြေပဲတဧက ဓာတ်မြေဩဇာအပါ ကျပ် ၅ သိန်းလောက်သာရှိပေမယ့် အခုတော့ ပဲတီစိမ်းဆိုရင် ဓာတ်မြေဩဇာ၊ ထွန်ယက်ခအပါ ၁၀ သိန်းလောက်ကုန်တာကြောင့် မစိုက်ပျိုးနိုင်ဘဲ ဒီအတိုင်း ပစ်ထားရတဲ့ ယာမြေတွေ ရှိလာပြီး သီးစားချ နှစ်နဲ့ ငှားရမ်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဝါဆိုမိုးနဲ့ ပဲစိုက်မယ်ဆိုကာ မျှော်နေကြတဲ့ အညာတောင်သူတွေလည်း ဝါဆို ဝါခေါင်ကျော်လို့ တော်သလင်းတောင် ရောက်နေမှာဖြစ်ပေမယ့် မိုးကတော့ မမှန်နိုင်သေးပါဘူး။
သရက်ကန်ရွာသူ တောင်သူတဦးက “ မိုးရွာလာခဲ့ရင်တော့ ပဲကြီးက မျိုးစေ့လောက်တော့ ပြန်ရနိုင်ပေမယ့် တခြား ပဲနောက်၊ ပဲစဉ်းငုံကတော့ နွားစာအနည်းငယ်ပဲ ရတော့မယ်”လို့ အရှုံးကို ဖြေသာအောင် တွက်ချက်နေပါတော့တယ်။
ပုံမှန်ဆိုရင် အညာဒေသမှာ သုံးနှစ်တကြိမ် မိုးခေါင်လေ့ရှိပေမယ့် ဒီနှစ်မိုးခေါင်မှုကတော့ သီးနှံပင်တွေ စိုက်ခင်းထဲ သေဆုံးတဲ့အထိ ဆိုးရွားဆုံးနှစ် တနှစ်ပဲလို့ ဒေသခံတောင်သူတွေက မှတ်ချက်ပြုထားပါတယ်။
ပခုက္ကူနယ် တနယ်ထဲမှာကိုပဲ အနောက်ခြမ်းက ရွာတွေကမိုးခေါင်နေချိန် ရေစကြိုဘက်ခြမ်းကတော့ ရေကြီးလို့ စိုက်ခင်းတွေ ဆုံးရှုံးခဲ့ရပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်မိုးက ရေကြီးရေလျှံမှုတွေဟာ ချင်းတွင်းနဲ့ ဧရာဝတီမြစ် နှစ်သွယ်ဆုံရာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အောက် ပိုင်းက ရွာတွေက သီးနှံစိုက်ခင်းတွေနဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဒေသက မတ်ပဲ၊ ပဲစင်းငုံစိုက်ခင်းတွေ ပျက်စီးခဲ့ရပါတယ်။
ရေလယ်ကျွန်းက ရေရှားရွာမှာ နေတဲ့ တောင်သူကြီး ဦးဖိုးထွန်းက “ဒီနှစ်နွေသီးနှံကို မတ်ပဲနဲ့ ပဲတီစိမ်း ၅ ဧက လောက် စိုက်ပျိုး တာ ၁ ဧကလောက်က ရေမြုပ်ခဲ့တယ်။ ရေဝင်ဒေသဖြစ်လို့ ရေတက်လာချိန် သီးနှံသိမ်းနောက်ကျလို့ မြုပ်တာ တွေရှိပေမယ့် အခုနှစ်မှာက ပုံမှန်ထက် စောပြီး ရေများတာ ရေတက်မြန်တာကြောင့် သီးနှံခင်းတွေ မြုပ်သွားခဲ့တာ” လို့ ပြောပြါတယ်။
ဒီနှစ် မတ်ပဲဈေးနဲ့ ယှဉ်ရင် သူ့အတွက်တော့ တဧက ၁၂ သိန်းလောက် ဆုံးရှုံးသွားပြီး လာမယ့် ဆောင်းရာသီ စိုက်ပျိုး စရိတ်ကတော့ အခက်အခဲ ဖြစ်သွားပြီဖြစ်သလို ၁၀နှစ်တကြိမ်လောက် ကြုံရတဲ့ ရေကြီးမှုကြောင့် တချို့ တောင်သူတွေ လည်း အိမ်စားဖို့လောက်သာ စိုက်ပျိုးတဲ့အတွက် တနှစ်ထက် တနှစ် စိုက်ဧကကို လျှော့ချတာတွေလည်း ရှိလာတယ်လို့ ဦးဖိုးထွန်းက ပြောပါတယ်။
ရေလယ်ကျွန်း ဒေသမှာတော့ ရွာပေါင်း ၅၀ ကျော်က စိုက်ဧက ၁၀၀ ကျော်လောက်ဟာ ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးခဲ့ရတာဖြစ်ပြီးတော့ တချိူ့တောင်သူတွေက စိုက်ခင်းထဲက သီးနှံသိမ်းဆည်းပြီးကာမှ အိမ်ထဲအထိ ရေဝင်လို့ ရေထဲမျောပါကုန်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဦးဖိုးထွန်းက “အခု ရေကျသွားတော့ စပါးစိုက်ဖို့တော့ ပျိုးထောင်ထားပြီ။ နောက်တရာသီအတွက် ရေတက်မှာ စိုးရိမ်ရလို့ မစိုက်ရဲသေးဘူး။ ရာသီဥတုဖောက်ပြန်တော့ ရေထပ်တက်လာမှာကို ကြောက်တော့ စိုက်ပျိုးချိန်တွေ နောက်ကျကုန်တယ်။ စပါးပျိုးပင်တွေ ဆုံးရှုံးရမှာလည်း ကြောက်တော့ မစိုက်ရဲသေးဘူး”လို့ ဆိုပါတယ်။
ဒီနှစ်ရေကြီးတာဟာ ဆိုးရွားခဲ့တော့ ရေရှားရွာအပါအဝင် ဘေးပတ်ဝန်းကျင်ရွာတွေပါ လူတွေ ၊ နွားတွေ နေစရာ မရှိတဲ့ အထိ ဖြစ်ခဲ့ရပြီး အခု ရေပြန်ကျသွားပေမယ့် နောက်ဆက်တွဲအနေနဲ့ နွားတွေရောဂါတွေဖြစ်ပြီး သေကုန်တာကြောင့် တိရိစာ္ဆန်တွေလည်း ဆုံးရှုံးခဲ့ရပြန်ပါတယ်။
အရပ်သားအစိုးရ NLD လက်ထက်မှာ ဦးဖိုးထွန်းတို့လို တောင်သူတွေဟာ ရာသီချိန်ဆို စိုက်ပျိုးစရိတ်ချေးငွေ တဧက ကျပ် ၂ သိန်း ရခဲ့ပြီး စပါးခင်းတွေ ရေမြုပ်ရင် လယ်သမားတဦး မျိုးစပါး တတင်းနှုန်း ရရှိခဲ့ဖူးကြပေမယ့် စစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်းမှာတော့ ချေးငွေကို မျှော်လို့မရတဲ့ပြင် စစ်ကြောင်းထိုးလာရင် ရွာလုံးကျွတ် ထွက်ပြေးနေရပါသေး တယ်။
ပခုက္ကူမြို့ပေါ်နဲ့ နီးတဲ့ ကျေးရွာတချို့သာ အရပ်ဘက်အဖွဲ့အစည်းအချို့ကပေးတဲ့ စိုက်ပျိုးစရိတ်ထောက်ပံ့မှု အနည်းငယ်ရ ပေယ့် အညာတောင်သူအများစုကတော့ ဘယ်လိုထောက်ပံ့မှုမျိုးကိုမှ ပြည့်ပြည့်ဝဝ မရဘူးလို့လည်း သိရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဧရာဝတီက စစ်ကောင်စီရဲ့ ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကို ဖုန်းဆက်မေးပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဖောက်ပြန်လာတဲ့ရာသီဥတုနဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ် ရေကြီးတာ၊ မိုးခေါင်တာတွေ ဖြစ်လေ့ရှိရာ ၂၀၂၄ နှစ်စမှာ အယ်လ်နီညို ရာသီဥတုနဲ့ မိုးနှောင်းရာသီမှာတော့ လာနီညာရာသီဥတု ဖြစ်နိုင်သလို မိုးများတာနဲ့ ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းထား ပါတယ်။
ဒီလိုရာသီဥတု ဖောက်ပြန်မှုတွေဟာ သဘာဝပတ်ဝန်းကျင် ပြုန်းတီးပျက်စီးမှုတွေနဲ့ ဆက်စပ်နေတာကြောင့် ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာဌာနတွေကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မလုပ်နိုင်သလို အရင်ရှိခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှု မရှိတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပိုင်းမှာ အားနည်း သွားတယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ဧရာဝတီကို ပြောပါတယ်။
“ရာသီဥတုပြောင်းလဲခြင်းက ဆက်တိုက်ဖြစ်နေတော့ နွေရာသီမှာ တအားကို ပိုပြီးတော့ ပူတာကို သတိထားမိမှာပါ။ ဇူလိုင်လထဲမှာဆိုရင် ရေကြီးတာတွေ ဖြစ်လာတယ်။ ဒီနှစ်နှောင်းပိုင်းတွေမှာ လာနီညာက ပြန်လာမှာဆိုတော့ အင်မတန် မရေရာ မသေချာတဲ့ ဒီမိုးလေဝသဖြစ်စဉ်တွေမှာ နောက်ထပ်လည်း သဘာဝဘေးအန္တရာယ်ကြုံရဖို့တွေ ရှိနေတာဖြစ်တော့ တောင်သူတွေ အထူးသတိထားသင့်တယ်လို့ ပြောချင်ပါတယ်”လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေး၊ နည်းပညာဆိုင်ရာအပါအဝင် အဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်တွေ ကျဆင်းနေတာကြောင့် သဘာဝဘေးကို ကျော်လွှားနိုင်ဖို့ အရမ်းကို ခက်ခဲနေလို့ မြန်မာပြည်သူတွေအနေနဲ့ သဘာဝဘေးဒဏ်ကို ခါးစည်းခံရုံပဲ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ မရပ်မနား မိုးကြီးတာ၊ မြစ်ချောင်းအင်းအိုင် ရေကြီးရေလျှံတာ၊ တောင်ကျရေ ကျတာ တွေကြောင့် တိုင်းနှင့်ပြည်နယ်အချို့ ရေလွှမ်းမိုးခဲ့ရပြီး ခန့်မှန်းလူဦးရေ ၄ သိန်းနီးပါး ရေဘေးသင့် ခဲ့ရပြီး လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက် ပိုမိုဆိုးရွားလာတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရေကြီးနစ်မြှုပ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အနည်းဆုံးသီးနှံ ဧကသောင်းနဲ့ချီ ပျက်စီးနိုင်တယ်လို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။
အညာတောင်သူတွေဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးရသလို တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ရဲ့ မူဝါဒအလွဲတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တာ ပြည်ပက တင်သွင်းတဲ့ သွင်းအားစုတွေ လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ ရှားပါးတာ ဝယ်ယူဖို့ ခက်ခဲတာတွေကြောင့်လည်း အစစအရာရာ ကျပ်တည်းနေကြရပါတယ်။
ထို့အတူ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း၊ အလုပ်လက်မဲ့နှုန်းတွေဟာလည်း ဆက်လက်မြင့်တက်ဖွယ်ရှိနေတဲ့အတွက် ဆင်းရဲမွဲတေမှုဟာ နိုင်ငံအနှံ့အပြားမှာ ဆိုးရွားနေမယ်လို့ ပြီးခဲ့တဲ့ ဇွန်လထုတ် ကမာ္ဘ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ကမာ္ဘ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဆင်းရဲနွမ်းပါးသူတွေဟာ အာဏာမသိမ်းခင် ကိုဗစ်ကာလထက် ၇ သန်း ပိုတိုးလာတယ် လို့ ဖော်ပြထားပါတယ်။
အခုလို ကူရာကယ်ရာ မဲ့နေတဲ့ ဘဝမှာ တောင်သူကြီး မနုကတော့ “ကျမတို့ ရွာမှာတော့ စိုက်ပျိုးရေးလုပ်ရတာက ရာသီဥတုဖောက်ပြန်လို့ သီးနှံတွေပျက်စီးရတယ်။ စစ်ကြောင်း ထိုးလို့လည်း သီးနှံတွေ သိမ်းချိန်မှာမသိမ်းရဘဲ နွားစာကျွေးရတာတွေရှိတယ်။ လယ်ခင်းထဲဆင်းတဲ့အခါလည်း မိုင်းနင်းမိမှာ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်မှာကို ကြောက်နေရတာကြောင့် ဒီအခြေအနေက အမြန်ဆုံးလွတ်မြောက်ချင်ပြီ”လို့ ပြောပါတယ်။
တကယ်တော့ အညာတောင်သူတွေရဲ့ ဘဝဟာ အစစအရာရာ ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ အခုလို ကာလမှာ စစ်ရေးနဲ့ သဘာ၀ဘေးကြား ခက်ခဲစွာ ရုန်းကန်နေကြရသူတွေ ဖြစ်ပါတယ်။
You may also like these stories:
ဈေးနှုန်းထိန်းချုပ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ပိုဆိုးနေ
ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော
ရေကြီးမှုကြောင့် ခန္တီးတွင် စားသောက်ကုန်ဈေးများ မြင့်
ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်
မြစ်ရေကြီးမှု ကြိုတင်သတိပေးချက် ဒေသခံများ မရဟု ဆို