ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မြစ်ရေကြီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထိရောက်သည့် သတိပေးချက် နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနအပါအဝင် မိုးလေဝသ စောင့်ကြည့် လေ့လာသူများအနေဖြင့် စိုးရိမ်ရေ အမှတ်နှင့် မိုးရေချိန် လက်မများကိုသာ ဇယားများ ကိန်းဂဏန်းများဖြင့် ထုတ်ပြန်သော်လည်း ရေကြီးနိုင်သည့် အခြေ အနေ၊ အရေးပေါ် ရွှေ့ပြောင်းရန် အခြေအနေများနှင့် ပတ်သက်၍ သတိပေးချက်များ လုံးဝထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း၊ ထို့ပြင် မြို့နယ်အများစု၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိသည့်အတွက်လည်း ရေဘေးဒဏ်ကို ပို၍ ခံစား ခဲ့ရကြောင်း မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ဒေသခံတဦးက ပြောသည်။
၎င်းက “အခုလိုရေကြီးမှာကို ဌာနဆိုင်ရာတွေက လိုက်သတိပေးတာမျိုး မရှိဘူး။ မိုးလေဝသဌာနထဲကို ဝင်ကြည့်တဲ့သူ လောက်ပဲ သိမှာ။ ဝိုင်းမော်တို့ ပူတာအိုတို့ဆို လိုင်းလည်း မရှိဘူးလေ။ အဲဒါကြောင့် တော်တော်များများ မနေ့က ပိတ်မိ ကုန်ကြတာ။ မြစ်ကြီးနားကလွဲရင် ကျန်တဲ့နေရာတွေက ဖုန်းလိုင်းက အဆင်မပြေတဲ့အခါကျတော့ မသိကြတာ များတယ်” ဟု ပြောသည်။
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် မေခနှင့်မလိခမြစ်အထက်ပိုင်း၌ ဇွန်လ နောက်ဆုံးပတ်အတွင်း မိုးအဆက် မပြတ် ရွာသွန်းပြီး ဇွန်လ ၃၀ရက်မှစတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့သောကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ပူတာအိုမြို့၊ ဆွမ်ပရာဘွမ်နှင့် ဗန်းမော်မြို့တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သလို ဖားကန့်တွင်လည်း ဥရုချောင်းရေလျှံသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုးဆုံးဖြစ်ပွားခဲ့သည့် မြစ်ကြီးနားမြို့၌ ရပ်ကွက်ပေါင်း ၂၈ရပ်ကွက်ရှိသည့်အနက် ကြက်ပေါင်ခြံ၊ ရမ်ပူ၊ စက်မှုဇုန်၊ ခေမာသီရိ၊ စီတာပူ၊ အနောက်လယ်ကုန်း၊ မြို့သစ်ကြီး၊ အေးစေတီ၊ ဒူကထောင်၊ မြို့မရပ်ကွက်၊ ရှမ်းစုမြောက်ရပ်ကွက်၊ ရှမ်းစုတောင်ရပ်ကွက်၊ ကချင်စုရပ်ကွက်၊ မန်ခိန်ရပ်ကွက်စသည့် ထက်ဝက်ခန့်တွင် ရေဘေးဒဏ် ဆိုးရွားစွာ ကြုံတွေ့ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကြက်ပေါင်ခြံဒေသခံတဦးက” ဘယ်သူမှ သတိ မပေးဘူး။ ကြိုတင်ပြောင်းရွှေ့ဖို့တို့ ဘာအစီအစဉ်မှ မရှိဘူး။ ဖြစ်လာတဲ့အခါ ကျမှ အုန်းအုန်းဒိုင်းဒိုင်းနဲ့ အကုန်ရုတ်ရုတ်သဲသဲဖြစ်တာ။ ခုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ အိမ်ထဲကနေ ထွက်လာတယ်။ ကိုယ့်အမျိုးတွေအိမ်ကိုယ်သွားနေရတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မေလ တလလုံး နီးပါး မြို့တော် မြစ်ကြီးနားမြို့ အနီးရှိ ဝိုင်းမော်အပါအဝင်မြို့များတွင် တိုက်ပွဲများ ဖြစ်နေသဖြင့် ဒေသခံများမှာ မြစ်ကြီးနားမြို့ပေါ်သို့ ခိုလှုံနေရသည့်အတွက် မြစ်ကြီးနားမြို့ခံများသာမက စစ်ရှောင်များပါ ရှိနေသဖြင့် ရေဘေးသင့်သူ သိန်းချီရှိနိုင်ကြောင်း လူမှုကယ်ဆယ်ရေး လုပ်ဆောင် နေသူများက ပြောသည်။
ရမ်ပူဒေသခံတဦးက” ကျမတို့ အိမ်က ၂ထပ်အိမ်ကိုမှ အောက်ထပ် ၁ထပ်လုံး ရေမြုပ်ပြီး အပေါ်ထပ်ကိုလည်း ရေကတက်လာတဲ့အချိန်ထိ ကျမတို့ကယ်ဆယ်ရေးတွေကိုလည်း ဖုန်းဆက်လို့ မရဘူး”ဟုပြောသည်။
ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက်နံနက်ပိုင်းမှ စတင်မြင့်တက်လာရာ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာမှ ဇူလိုင် ၁ ရက် ည၁၂နာရီတွင် ၁၄၀၆ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ယနေ့လယ်ပိုင်းတွင်မူ သုံးပေကျော် ပြန်လည်ကျဆင်းလာခဲ့ပြီဖြစ်သည်။
လက်ရှိ ဧရာဝတီမြစ်ရေမှာ ၁နာရီ ၄လက်မနှုန်းဖြင့် ပြန်လည်ကျဆင်းနေသော်လည်း မြေနိမ့်ပိုင်း ရပ်ကွက်များထဲတွင် ရေအနက် ၅ပေနီးပါးရှိနေသေးပြီး ပြည်သူများမှာ အထပ်မြင့် အဆောက်အအုံများပေါ် နေထိုင်နေရသေးကြောင်း လူမှု ကယ်ဆယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။
လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတဦးက” စီတာပူရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ ခေမာသီရိရပ်ကွက်နဲ့ မြို့သစ်ဈေး ရပ်ကွက်အပြင် ကြက်ပေါင်ရပ်ကွက်က ဒေသခံအများအပြား ပိတ်မိနေတုန်းလို့ပြောလို့ရတယ်။ ရေတွေက ဝိုင်းနေ သေးတော့ အပြင်ထွက်လို့ မရဘူး။ လူမှုကယ်ဆယ်ရေးအသင်းတွေက ထမင်းထုပ်တွေ လိုက်ဝေနေရတာတော့ တော်တော်များတယ်”ဟု ပြောသည်။
မြစ်ကြီးနားမြို့ မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတ လူမှုကယ်ဆယ်ရေး အဖွဲ့၇ ဖွဲ့နီးပါး စက်လှေများအသုံးပြုပြီး ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသော်လည်း ပိတ်မိနေသည့် ပြည်သူအရေအတွက်နှင့် စက်လှေအရေအတွက်မှာ မမျှတသည့်အတွက် ယခုကဲ့သို့ ပြည်သူများ ရပ်ကွက်အတွင်း ပိတ်မိခဲ့ကြောင်း သိရသည်။
လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက” ရမ်ပူထဲမှာဆိုလည်း ဝိုင်းမော်ကနေ စစ်ရှောင်လာတဲ့ ကလေးတွေရော လူကြီးတွေရော ၂၀၀ ကျော်ရှိတယ်။ ကျနော်တို့ အကုန် မကယ်ထုတ်နိုင်ဘူး။ တခြး စီတာပူထဲမှာဆိုလည်း အဆောင်လာနေနေတဲ့ ကလေးတွေအများကြီးရှိတယ်။ လူကများတော့ အကုန်မခေါ်ထုတ်နိုင်ခဲ့ဘူး”ဟု ပြောသည်။
မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် ၁၆ ခုနှင့် အာလမ်ကျေးရွာအုပ်စုတို့ရှိ ပြည်သူများအား ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လတ်တလော ရေဘေးရှောင်စခန်း ၃၀ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်တို့တွင်လည်း မြစ်ကြီးနားမြို့၌ တမြို့လုံးနီးပါး ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေမြင့်တက်သဖြင့် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ မြေနိမ့်ပိုင်းများဖြစ်သော အောင်သာရပ်ကွက်၊ သာစည် ရပ်ကွက်၊ မြို့မရပ်ကွက်တို့တွင် ဇူလိုင်လ ၁ ရက်မှတွင် စတင်ပြီး လူတရပ်ကျော် အမြင့် ၆ ပေအထိ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ခန္တီးမြို့ စိုးရိမ်ရေမှတ်မှာ ၁၃၆၀ စင်တီမီတာ ရှိရာမှ လက်ရှိ ၁၅၃၉ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄နာရီအတွင်း ၁၅၉၉ စင်တီမီတာသို့ ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
ခန္တီးဒေသခံတဦးက”ခုတော့ မီးသတ်က ရေလွတ်တဲ့နေရာတွေဘက် ခေါ်ထုတ်ပေးနေတာရှိတယ်။ ကျနော်တို့ကို လိုင်းဖြတ် ထားမယ်ဆိုလည်း ရပ်ကွက်တွေထဲ လိုက်ကြေညာတာဖြစ်ဖြစ် ရေဘေးရှောင်ဖို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်ဖြစ် လုပ်ထား ပေးသင့်တယ်။ ဖြစ်မှလုပ်ပေးတာကျတော့ ဆုံးရှုံးမှုရော အန္တရာယ်ရော များတာပေါ့”ဟု ပြောသည်။
သို့သော်လည်း မြို့အသီးသီးတွင် ရေဘေးရှောင်ရန် ကြိုတင်စီစဉ်ထားသည့်နေရာများ မရှိခဲ့သလို ပြောင်းရွှေ့ရန်လည်း အသိပေးတိုက်တွန်းခြင်း၊ ဖြစ်ဖြစ်ချင်း အရေးပေါ် ကူညီပေးခြင်းများလည်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ခန္တီးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမရရှိဘဲ ဖိုက်ဘာဝိုင်ဖိုင်လိုင်းကိုသာ အားထားအသုံးပြုရသည့်အတွက် အများစုမှာ အင်တာနက် အသုံးမပြုနိုင်သည့်အပြင် ခန္တီးမြို့အာဏာပိုင်များမှလည်း ကြိုတင်သတိပေးချက်များ ပြုလုပ်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “ခန္တီးက အနိမ့်ပိုင်းတွေ ရေဝင်နေပြီ။ ဈေးတို့ မြို့လယ်ခေါင်လမ်းတွေလည်း ရေဝင်နေပြီ။ နှစ်ထပ်အိမ် တွေဆိုရင် တထပ်က မြုပ်လုနီးပါးဖြစ်နေပြီ”ဟု ပြောသည်။
ခန္တီးမြို့နယ် လယ်ဦးတန်းလမ်းရှိ နေအိမ်များ၊ ဘောလုံးကွင်းအနီးရှိ ရပ်ကွက်များနှင့် ဈေးတွင် ဇူလိုင် ၁ရက် နေ့လယ် ၁နာရီလောက်မှ စတင်ကာ ရေဝင်ရောက်ခဲ့ပြီး ချင်းတွင်းမြစ်နှင့် ကပ်လျက်ရှိသော အောင်သာရပ်ကွက်တခုလုံးနီးပါး ရေမြုပ်သွားခဲ့ကြောင်း သိရသည်။
ဒေသခံတဦးက “အခုရေဝင်တာမြန်တော့ ဆုံးရှုံးမှုတွေများကုန်တာပေါ့။ ဆန်အိတ်တွေ၊ ကြက်သွန်အိတ်တွေ အကုန် ရေမြုပ် ကုန်တယ်” ဟု ပြောသည်။
လက်ရှိ မြစ်ရေကြီးမှုမှာ မိုးဦးကျကာလတွင် ဖြစ်လေ့ရှိသော ရေကြီးရေလျှံမှုမျိုးဖြစ်ပြီး မြစ်ကမ်းနား နေထိုင်သူများ အနေဖြင့် သတိထားရမည့် ကာလဖြစ်ကြောင်း မိုးလေဝသ လေ့လာသူတဦးကလည်း ဆိုသည်။

၎င်းက “ဘယ်နေရာ အန္တရာယ်ရှိမလဲဆိုတော့ မြစ်တွေ ချောင်းတွေ ကမ်းနားဘေးနေတဲ့ နေရာတွေကတော့ အခုချိန်မှာ ပထမရေကြီးတဲ့ကာလလို့ ခေါ်တယ်ပေါ့ ဒီအချိန်မှာတော့ အကုန်လုံးကတော့ သတိထားရမယ်”ဟု ပြောသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အထက်ဘက်မှမိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း ရေမြင့်တက်လာပြီး ဇူလိုင် ၁ရက်မှစတင်ကာ ဖားကန့်မြို့အနိမ့်ပိုင်းရှိ လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်းရပ်ကွက်များနှင့် နန့်စန်း ၂ ကျေးရွာများသို့ ချောင်းရေဝင်ရောက်သဖြင့် လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်းရပ်ကွက်များနှင့် နန့်စန်း ၂ ကျေးရွာများရှိ လူဦးရေ ၂၅၀၀ခန့် ရေဘေးကြုံနေရကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေ သည် ဗန်းမော်မြို့၌ ၁၁၃၂ စင်တီမီတာရှိနေပြီး စိုးရိမ်ရေမှတ် ၁၁၅၀ကို နီးကပ်လာသောကြောင့် လူမှုကူညီရေးအသင်း များက မြေနိမ့်ပိုင်းရပ်ကွက်ရှိ ဒေသခံ ၁ထောင်နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းနေကြောင်း သိရသည်။
ကချင်ပြည်နယ်တွင်း ရေကြီးရေလျှံမှုများကြောင့် ဇူလိုင်လ ၁ရက်တွင် ချီဖွေခရိုင် ပန်ဝါမြို့၌ မြေပြိုမှုဖြစ်ပွားပြီး ပြည်သူ၇ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။
လက်ရှိတွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာသောကြောင့် ဧရာဝတီမြစ်အောက်ပိုင်းရှိ မြို့များဖြစ်သော ရွှေကူ၊ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံစသော ဒေသခံများ အနေဖြင့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလက သတိပေးထားသည်။
You may also like these stories:
မြစ်ရေကြီးမှုကြောင့် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နိုင်
မိုးသည်းထန်းစွာ ရွာနိုင်၍ မြစ်ရေကြီးမှုကို မိုး/ဇလ သတိပေး
ဂန့်ဂေါတွင် မြစ်ရေကြီးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ ရေဘေးပါရှောင်နေရ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR














