၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်း သတင်းစာနှင့် Global New Light of Myanmar သတင်းစာတို့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား၏ ဆောင်းပါးရှည်တပုဒ်ကို ဖတ်လိုက်ရသည်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင် ဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၏ ရက်ရောသော လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးခဲ့သည်များကို ဖော်ပြထားပါသည်။
ထိုဆောင်းပါး၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် နာမည်ကောင်း မရှိသော တရုတ်နိုင်ငံ၏ပုံရိပ်ကို ပယ်ဖျောက်ရန် ကြိုးစားသည့်အနေဖြင့် ငလျင်သင့် ပြည်သူများအတွက် ပေးခဲ့သည့်အကူအညီများအား အသေးစိတ်ဖော်ပြပြီး တရုတ်နိုင်ငံသည် ကြင်နာတတ်သည့် အိမ်နီးချင်းအဖြစ်လည်းကောင်း၊ လိုအပ်သည့်အချိန်တွင် ကူညီရန် အသင့်ရှိသည့် နိုင်ငံအဖြစ်လည်းကောင်း ၎င်းတို့၏ ပုံရိပ်ဆိုးကို တိုက်ဖျက်ချင်ပုံရပါသည်။ သို့သော် ထိုဆောင်းပါးထဲတွင် အလွန်စိုးရိမ်ဖွယ်ကောင်းသော စာပိုဒ်အချို့ ပါဝင်နေပါသည်။
ဧရာဝတီမြစ်သည် တရုတ်နိုင်ငံတွင် မြစ်ဖျားခံသလား
“ဧရာဝတီမြစ်သည် တရုတ်နိုင်ငံမှ ဖြစ်ဖျားခံပြီး နှစ်နိုင်ငံ ပြည်သူများသည် တမြစ်တွင်း ရေအတူ သောက်သုံးကြကာ ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံခဲ့ကြပါသည်” ဟူ၍ တရုတ်သံအမတ်က ရေးသားထားသည်။
ကုလသမဂ္ဂ ယူနက်စကို (UNESCO) ၏ ဖော်ပြချက်အရဆိုလျှင် “မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းများမှ မြစ်ဖျားခံလာသည့် မြစ်လက်တက်များသည် မြစ်ကြီးနား၏ အရှေ့မြောက်ဘက်တွင် ပေါင်းဆုံပြီးမှ ဧရာဝတီမြစ်အဖြစ် စတင်စီးဆင်းပါသည်” ဟု ပြောထားသည်။
ကုလသမဂ္ဂ ယူနက်စကို (UNESCO) ၏ ဖော်ပြချက်အရဆိုလျှင် “မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းများမှ မြစ်ဖျားခံလာသည့် မြစ်လက်တက်များသည် မြစ်ကြီးနား၏ အရှေ့မြောက်ဘက်တွင် ပေါင်းဆုံပြီးမှ ဧရာဝတီမြစ်အဖြစ် စတင်စီးဆင်းပါသည်” ဟု ပြောထားသည်။
ထို့အတူ သဘာဝပတ်ဝန်းကျင်သိပ္ပံနှင့် မူဝါဒဆိုင်ရာ ပညာရေးအရင်းအမြစ်များ ပံ့ပိုးပေးရန် အာရုံစိုက် ဆောင်ရွက်နေပြီး အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုဖြစ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးရေးကောင်စီ (Environmental Literacy Council) ကလည်း ဧရာဝတီမြစ်ကို ပေါင်းစပ် ဖွဲ့စည်းထားသည့် မေခ (အင်မိုင်ခ) နှင့် မလိခ မြစ်လက်တက်များသည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ တိဘက်နယ်စပ်နားရှိ ရေခဲဖုံးနေသော ဒေသများမှ မြစ်ဖျားခံကြောင်း ဖော်ပြထားပါသည်။
Google Maps ကို အသုံးပြုပြီး ဧရာဝတီမြစ်၏ မြစ်လက်တက်ကြီးများဖြစ်ကြသော အင်မိုင်ခမြစ်နှင့် မလိခမြစ်တို့ကို ပေါင်းစပ်ဖြစ်ပေါ်စေသည့် ချောင်းငယ်များကို ခြေရာခံကြည့်မည်ဆိုလျှင် ထိုမြစ်၊ ချောင်းငယ်များ အားလုံးသည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းမှ မြစ်ဖျားခံကြသည်ကို တွေ့ရမည်ဖြစ်သည်။
ဧရာဝတီမြစ်သည် အခြားနိုင်ငံများနှင့် ဝေမျှစီးဆင်းသော နိုင်ငံတကာမြစ်တစင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းမှသာ မြစ်ဖျားခံပြီး နိုင်ငံ၏ နယ်နိမိတ်အတွင်း အစအဆုံး ဖြတ်သန်းစီးဆင်းနေသော၊ အခြား မည်သည့်နိုင်ငံနှင့်မှ ပတ်သက်ဆက်နွယ်မှု မရှိသော အမျိုးသားမြစ်တစင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု လက်ခံထားသည့် အချက်တခု ဖြစ်ပါသည်။
တရုတ်သံအမတ် မစ္စ မာကျားသည် ဤမြစ်လက်တက်များ မြစ်ဖျားခံရာ ကချင်ပြည်နယ် မြောက်ပိုင်းဒေသသည် တရုတ်နိုင်ငံပိုင်နက် ဖြစ်သည်ဟု တပတ်လှည့်ဖြင့် ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြောဆိုခဲ့သလော။ တည့်တည့်ပြောရလျှင် တရုတ်နိုင်ငံက လိုချင်တပ်မက်နေသည့် မြေရှားသတ္တုနှင့် ရွှေအပါအဝင် သဘာဝသယံဇာတ ကြွယ်ဝသည့် ကချင်ပြည်နယ် မြောက်ပိုင်းဒေသများကို ထိန်းချုပ်သိမ်းပိုက်ဖို့ စီစဉ်နေသလော။
နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို အမှန်တကယ် အလေးထားလျှင် စစ်ကောင်စီနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့ အားလုံးသည် တရုတ်သံအမတ်ထံမှ ၎င်း၏ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းချက် တောင်းဆိုသင့်ပါသည်။ နိုင်ငံ၏ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့နှင့် သက်ဆိုင်နေသောကြောင့် ဤမေးခွန်းသည် လျစ်လျူရှုထား၍ မရအောင် အရေးကြီးသောအရာ ဖြစ်ပါသည်။
အကယ်၍ တရုတ်သံအမတ်က ယုံကြည်လက်ခံနိုင်လောက်သော ရှင်းလင်းချက်မျိုး မပေးနိုင်လျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ဆန့်ကျင်ပြီး တစုံတရာ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း မြန်မာပြည်သူများ သတိရှိသင့်ပါသည်။ အကယ်၍ ရိုးရိုးအမှားတခုဆိုခဲ့လျှင် မြန်မာ့အလင်း သတင်းစာနှင့် Global New Light of Myanmar သတင်းစာတို့က ပြင်ဆင်ချက် ထုတ်ပြန်ပေးကြရမည် ဖြစ်ပါသည်။

ဆွဲဆောင်ရေး စည်းရုံးမှု
တရုတ်သံအမတ် မစ္စ မာကျားက မြန်မာငလျင်ဘေးသည် တရုတ်ပြည်သူများ၏ “နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိမိစေခဲ့ပြီး” ၎င်းတို့သည် “ဘေးဒဏ်သင့်သူတွေအတွက် စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးကာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် ယွမ်ငွေ ၁.၁ ဘီလီယံ ပံ့ပိုးကူညီဖို့ ကတိပြုပါတယ်” ဟူ၍ ရေးသားထားပါသည်။
တရုတ်သံအမတ်က တရုတ်နိုင်ငံသည် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးသည့်နေရာတွင် “ပထမဆုံး” ဖြစ်ပြီး “အများဆုံး” ကူညီလုပ်ဆောင်နိုင်ခဲ့ကြောင်း အခိုင်အမာ ပြောပါသည်။
သတင်းများအရ အိန္ဒိယနိုင်ငံက ပထမဆုံး အချိန်မီရောက်ခဲ့သည်မှာ မှန်သော်လည်း တရုတ်နိုင်ငံက အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၃၀ နီးပါး၊ စုစုပေါင်း လူ ၆၀၀ ကျော်ကို ပို့ဆောင်ပြီး ကူညီလုပ်ဆောင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် တရုတ်သံအမတ်က တရုတ်အဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူ “အများဆုံး” ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း ရေးထားပါသည်။
မြန်မာပြည်သူများသည် ငလျင်ဘေးဒဏ်သင့်သူများအတွက် အသေးစားဖြစ်စေ၊ အကြီးစားဖြစ်စေ အကူအညီပေးခဲ့ကြသော တရုတ်နိုင်ငံအပါအဝင် နိုင်ငံများအားလုံးကို ကျေးဇူးတင်ပါသည်။ သို့သော် ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။
တရုတ်နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို မြှင့်တင်ခြင်း
“မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဘက်အသီးသီးများ၏ ဆန္ဒနှင့် တောင်းဆိုချက်များကို အခြေခံ၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် မြှင့်တင်ရာတွင် မြန်မာနိုင်ငံအား တက်ကြွစွာ ကူညီပေးခဲ့သည်” ဟူ၍ တရုတ်သံအမတ်က ရေးသားထားပါသည်။
တရုတ်အစိုးရသည် အချို့အဖွဲ့အစည်းများအပေါ်တွင် သေချာပေါက် ဖိအားပေးခဲ့ပါသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အား လားရှိုးမြို့ကို စစ်ကောင်စီထံ လက်လွှတ်လွှဲပြောင်းပေးရန် အတင်းအကျပ် ဖိအားပေးခဲ့ခြင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကို တိုက်ပွဲရပ်ပြီး သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်ပေးရန် အတင်းအကျပ် ကြိုးစားခြင်း၊ ယင်းနောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို စစ်ကောင်စီ၏ ရွေးကောက်ပွဲလှည့်ကွက်တွင် ပါဝင်ရန် ဖိအားပေးခဲ့ခြင်းများက သာဓကအချို့သာ ဖြစ်ပါသည်။
ထိုအချက်များ အားလုံးသည် စစ်ကောင်စီတခုမှလွဲလျှင် ကျန်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး၏ လိုလားတောင်းဆိုချက် ဆန္ဒများနှင့် တိုက်ရိုက် ဆန့်ကျင်ခြင်း ဖြစ်သည်။
‘ပေါက်ဖော်’ ဆက်ဆံရေး
သံအမတ် မစ္စ မာကျားက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် သွေးချင်းညီအစ်ကိုကဲ့သို့ ချစ်ခင်ရင်းနှီးသော “ပေါက်ဖော်” ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည်ဟု ဆိုသည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသည် ကိုလိုနီစနစ် (Colonialism) နှင့် နယ်ချဲ့ဝါဒ (Imperialism) ကို တော်လှန်ရန် လက်တွဲခဲ့ကြသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုခဲ့သော နိုင်ငံဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးအတွက် အရေးပါသော အလှည့်အပြောင်းတခု ဖြစ်ကြောင်း ရေးသားထားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံသည် “ပထဝီအနေအထားအရ နီးကပ်ခြင်း၊ ယဉ်ကျေးမှုအရ တူညီကြခြင်း၊ ဘုရား တရား ကံကြမ္မာအရ ဆက်သွယ်နေကြကြောင်း” သံအမတ်က ဆက်လက်ရေးပါသည်။ တရုတ်နိုင်ငံသည် “နိုင်ငံ ကြီးငယ် မရွေး တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု” ကို ထောက်ခံပြီး နှစ်ဦး နှစ်ဖက် အကျိုးအမြတ်ရရှိမည့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို လိုလားကြောင်း ရေးသားထားသည်။
“ယနေ့ကမ္ဘာကြီးသည် ရာစုနှစ်တခု၏ အပြောင်းအလဲများ အရှိန်အဟုန် မြင့်တက်လျက်ရှိကာ အာရှသည် ပြန်လည် ရှင်သန်နိုးထခြင်းဟူသော စမှတ်အသစ်ပေါ်၌ ရပ်တည်နေပြီး ကြုံတွေ့နေရသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများနှင့် စွန့်စားစိန်ခေါ်မှုများမှာ ယခင်က တခါမှ မကြုံတွေ့ခဲ့ဖူးကြောင်း” ရေးသားထားသည်။ တရုတ်သံအမတ်က အာရှသားများကို တရုတ်နိုင်ငံနောက်တွင် စုစည်းပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းနေကြောင်း အရှင်းဆုံး မြင်သာပါသည်။
သို့သော် ဤကြိုးပမ်းမှုသည် ဒုတိယကမ္ဘာစစ်အတွင်း အခြား အာရှနိုင်ငံများကို ဂျပန်နိုင်ငံက ကိုယ့်ကိုယ်ကို အနောက်တိုင်း ကိုလိုနီလက်အောက်မှ “လွတ်မြောက်စေသူ” အဖြစ် ပုံဖော်ပြီး “အာရှပူးပေါင်း ကြွယ်ဝရေး နယ်မြေ” (Greater Asian Co-Prosperity Sphere) ကို မီးနှင့်ဓားဖြင့် တည်ဆောက်ရန် ဆော်သြခဲ့သော ဂျပန်၏ ဝါဒဖြန့်ဗျူဟာကို သတိရစေပါသည်။
သို့သော် ဤကြိုးပမ်းမှုသည် ဒုတိယကမ္ဘာစစ်အတွင်း အခြား အာရှနိုင်ငံများကို ဂျပန်နိုင်ငံက ကိုယ့်ကိုယ်ကို အနောက်တိုင်း ကိုလိုနီလက်အောက်မှ “လွတ်မြောက်စေသူ” အဖြစ် ပုံဖော်ပြီး “အာရှပူးပေါင်း ကြွယ်ဝရေး နယ်မြေ” (Greater Asian Co-Prosperity Sphere) ကို မီးနှင့်ဓားဖြင့် တည်ဆောက်ရန် ဆော်သြခဲ့သော ဂျပန်၏ ဝါဒဖြန့်ဗျူဟာကို သတိရစေပါသည်။
မြန်မာနိုင်ငံ စိုးရိမ်သင့်သလား
ရုရှားက ယူကရိန်းကို အင်အားသုံးပြီး ကျူးကျော်ဝင်ရောက်မှုသည် နိုင်ငံငယ်လေးများက နိုင်ငံကြီးများကို ကြောက်ရွံ့သင့်ကြောင်း သက်သေပြနေပြီး အခြား အချုပ်အခြာ အာဏာပိုင်နိုင်ငံ၏ အစိတ်အပိုင်းများကိုလည်း အင်အားသုံး သိမ်းပိုက်ယူခြင်းကို ယနေ့မျက်မှောက်ခေတ်တွင် ပြန်လည် ပေါ်ပေါက်လာနေသည်မှာ ခြိမ်းခြောက်မှု အစစ်အမှန် ဖြစ်ကြောင်း ပြသနေပါသည်။
ယူကရိန်းသည် နိုင်ငံတနိုင်ငံ မဟုတ်ဘဲ ရုရှားနိုင်ငံ၏ သမိုင်းဝင် အစိတ်အပိုင်းတခုသာဖြစ်ကြောင်း၊ ယူကရိန်းနှင့် ရုရှားလူမျိုးသည် လူမျိုးတမျိုးတည်းဖြစ်ကြောင်း ယူကရိန်းကို မကျူးကျော်မီ သမ္မတ ဗလာဒီမာ ပူတင်က သတင်းမီဒီယာများကို ဖြေဖူးပါသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် (ဧရာဝတီမြစ်) “တမြစ်တွင်း ရေအတူ သောက်သုံးကြကာ ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံခဲ့”ကြောင်းအပြင်၊ ပထဝီ၊ ယဉ်ကျေးမှုနှင့် တူညီသော ဗုဒ္ဓဘာသာ ယုံကြည်မှုမှာလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြောင်း ရေးသားဖော်ပြမှုသည် စိုးရိမ်ဖွယ် မေးခွန်းတခုကို မေးမြန်းရန် လှုံ့ဆော်နေပါသည်။ တရုတ်နိုင်ငံက ယခုထက်ပိုပြီး မြန်မာနိုင်ငံအပေါ် ထိန်းချုပ်မှုများ ပြုလုပ်ရန် ကြိုးပမ်းမည့်နေ့ မကြာတော့ကြောင်း ပြောနိုင်မည်လော။
အချုပ်အားဖြင့် တရုတ်သံအမတ်၏ စာသည် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပါအဝင် အင်အားကြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် အမြဲသတိရှိပြီး မဟာဗျူဟာမြောက် နည်းဗျူဟာကျကျ သတိထား ဆက်ဆံရန် အရေးပါသော သတိပေးချက်တခုဖြစ်ကြောင်း တင်ပြအပ်ပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
ငလျင်ကြောင့် မြန်မာသည် တရုတ်လက်ခုပ်ထဲကရေ ပိုဖြစ်လာ
တုတ်ပြပြီး မုန့်ဝေနေတဲ့ တရုတ်လုပ် ဆွေးနွေးပွဲများ
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်
လားရှိုး အလှည့်အပြောင်း၊ တရုတ် စွက်ဖက်မှုနှင့် နွေဦးတော်လှန်ရေး (၁)
လားရှိုး အလှည့်အပြောင်း၊ တရုတ် စွက်ဖက်မှုနှင့် နွေဦးတော်လှန်ရေး (၂)
တရုတ် ပုဂ္ဂလိကကြေးစားတပ်များ မြန်မာပြည် ရောက်ပြီလား














