နေပြည်တော်နယ်မြေတွင် စက်တင်ဘာ ၁၀ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ချောင်းရေ၊ မြစ်ရေလျှံကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှသာ ထွက်ပေါ်လာသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်သည် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် လှည့်လည်သွားလာခဲ့ပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများ၊ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ရေကြီးရေလျှံမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းစာမျက်နှာဖုံးတွင် ထည့်သွင်းဖော်ပြခဲ့ သည်။
နေပြည်တော်နယ်မြေအတွင်း ပျက်စီးခဲ့သည့် တံတားများအား ပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်၊ ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်၌ ပျက်စီးသွားသည့် တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် အရှိန်အဟုန်ဖြင့် ရေ စီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍ ပြင်ဆင်ဆောင်ရွက်သွားရန် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အနောက်မြောက်ပိုင်း၌ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့် တောင်တရုတ်ပင် လယ်တွင် ဖြစ်ပေါ်နေသော ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်မှစပြီး မိုးများအဆက်မပြတ် ရွာသွန်းခဲ့၍ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသော ပေါင်းလောင်း အထက်/အောက်ဆည်များ၏ ရေပိုလွှဲများမှ ရေလွှတ်မှုများကြောင့် နေပြည်တော်နယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ရေကြီးမှုကြောင့် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ကို ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည် ၃၆၀ ပေ၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) ကမ်းကပ်ခုံများပျက်စီးခဲ့သလို ချဉ်းကပ်လမ်း ရေတိုက် စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင်(Pier)များ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့အထိ ပုဗ္ဗသီရိမြို့နယ် ဝက်ကုန်း-ပေါက်တောလမ်းတလျှောက် လူနေအိမ်များ ရေဝင်ရောက်နေဆဲဖြစ်သလို ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ သိုက်ချောင်းကျေးရွာမှ စိုက်ဧကများ ထိခိုက်ပျက်စီးမှု များခဲ့ကာ ကျေးရွာများအတွင်း ရေဝင်ရောက်နေဆဲဖြစ်ကြောင်း၊ ပင်လောင်းလမ်းဆုံနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ လှေခွင်းတောင်သို့ ဝင်ရောက်သည့် လမ်းပိုင်းမှာ ရေကျော်နေမှုဖြစ်ပေါ်နေပြီး ကုန်တင်ကားများ ခရီးသည်တင်ကားများလည်း ပိတ်မိနေကြောင်း သိရသည်။
မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခုမှ မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ စက်တင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီအထိ ရေဘေးသင့်အိမ်ထောင်စု ၅၉,၄၁၃ မှ လူဦးရေ ၂၃၆,၆၄၉ ဦးအား ရေဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခုတွင် ယာယီနေရာ ချထားပေးကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ၃၃ ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့သလို ရမည်းသင်းမြို့နယ်မှ မိုးထိမိုးမိရွှေတွင်းလုပ်ကွက်များတွင် ပြောင်းရွှေ့နေထိုင်သူများမှာလည်း မြေပြိုကျ၍ ပျောက်ဆုံးမှုများရှိနေသဖြင့် စုံစမ်းလျက်ရှိသည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ပြောကြားထားသည်။
You may also like these stories:
နေပြည်တော်ရေကြီးမှု ကယ်ဆယ်ရေး မလုံလောက် လူထောင်ချီပိတ်မိနေ
ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်း၊ မြန်မာနှင့် လာအိုတွင် ရေကြီး
ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ