BMW က ပထမဆုံး ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကားကို ၂၀၂၈ မှာ ဈေးကွက်ထဲ တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဂျပန် တိုယိုတာ (Toyota) ကုမ္ပဏီ နဲ့ ပူးပေါင်းပြီး လောင်စာဆဲလ် နည်းပညာ အသုံးပြုထားကြောင်းလည်း ဂျာမနီကား ကုမ္ပဏီ ဖြစ်တဲ့ BMW က ကြာသပတေးနေ့မှာ ပြောကြားခဲ့တာပါ။
ထုတ်လုပ်ပြီးသား ကားမော်ဒယ်ကိုမှ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် အသုံးပြုတဲ့ အမျိုးအစား အဖြစ် ထွက်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခြား အသေးစိတ် အချက်အလက်တွေ၊ ဈေးနှုန်း နဲ့ ထုတ်လုပ်မယ့် ပမာဏတွေကိုတော့ မပြောထားသေးပါဘူး။
ထုတ်ပြန်ချက်ထဲမှာ BMW CEO ဖြစ်သူ အိုလီဗာ ဇစ်ပ်ဆီ က နည်းပညာ တိုးတက်မှုက အနာဂတ် သွားလာရေးကို ဘယ်လို ပုံဖော်သွားတယ် ဆိုတာ ဖော်ပြသွားမယ့် ကားဖြစ်တယ် လို့တော့ ပြောကြားသွားပါတယ်။
တိုယိုတာနဲ့ ပူးပေါင်းမှုက နှစ်ဖက်စလုံးကို ကုန်ကျစရိတ်တွေ သက်သာစေမယ့် အပြင် လုပ်ငန်းသုံး ကားတွေ အတွက်ပါ အသုံးပြုလို့ ရမယ့် လူစီးကား နည်းပညာလည်း တိုးတက် ဖွံ့ဖြိုးလာစေမယ်လို့ ဆိုပါတယ်။
BMW ဟာ ဂျာမနီ ကားကုမ္ပဏီတွေထဲမှာ ဟိုက်ဒရိုဂျင် နည်းပညာကို စိတ်အဝင်စားဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပြီး iX5 Hydrogen လို့ အမည်ပေးထားတဲ့ လူစီး ဟိုက်ဒရိုဂျင်ကား တစီးကိုလည်း စမ်းသပ်ထားကြောင်း သိရပါတယ်။

အဆိုပါကားဟာ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) သွားနိုင်ပြီး ၃ မိနစ်ကနေ ၄ မိနစ်အတွင်း လောင်စာ ပြန်ဖြည့်နိုင်တယ်လို့ ဆိုပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးနိုင်မယ့် အစိမ်းရောင်နည်းပညာ လွှမ်းမိုးလာမှုပေါ် မူတည်ပြီး ဘတ္တရီ ကားတွေ အပြင် လောင်စာဆဲလ် စွမ်းအင်သုံး ကားတွေကိုပါ စမ်းသပ်နေခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လောင်စာဆဲလ် ယာဉ်တွေဟာ EV တွေလိုပဲ လျှပ်စစ်မော်တာ ပါဝင်ပေမယ့် စွမ်းအင်ကိုတော့ ဟိုက်ဒရိုဂျင်ကနေ ရယူပါတယ်။
ဓာတ်ကူပစ္စည်း တမျိုးနဲ့ ဟိုက်ဒရိုဂျင်ကို ခွဲခြားထားပြီး အဲ့ဒီကနေရတဲ့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုတာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင် စွမ်းအင်သုံးကားတွေဟာ လောင်စာ ပြန်လည်ဖြည့်တင်းဖို့ မြန်ဆန်ပြီး ခရီးဝေးလည်း သွားနိုင်ကြောင်း သိရပါတယ်။
ဒါပေမယ့် ကုန်ကျစရိတ် ကြီးမြင့်ပြီး လောင်စာ ဖြည့်ဖို့နေရာ နည်းပါးမှုတွေကြောင့် အနည်းစုကပဲ ဒီနည်းပညာ အပေါ် ရင်းနှီးမြှုပ်နှံနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
BMW ကတော့ ဟိုက်ဒရိုဂျင် ဖြည့်တင်းရေး အခြေခံ အဆောက်အအုံတွေ ၂၀၂၈ မှာ သိသိသာသာ များပြား လာလိမ့်မယ်လို့ ယူဆကြောင်း ပြောကြားသွားပါတယ်။
Ref : Reuters