မနေ့တနေ့က ညနေခင်းတွင် မိုးလေးစဲပြီးစ နေကလည်း သာလာသည်နှင့် လမ်းလျှောက် ထွက်လာခဲ့မိသည်။ ကတ္တရာ လမ်းသစ်ကလေးတွေကလည်း ပြောင်စင် ချောမွတ်နေသည် ဆိုတော့ ကလေးတွေလည်း ကစားကြသည်။
လူငယ် လူရွယ်ကလေးတွေကလည်း ဘောလုံး စသည်အားဖြင့် ကစားကြသည်။ လူရွယ်တွေ ဘောလုံး ကစားကြသည် ကိုတော့ ကျနော် စိတ်မဝင်စားလှ၊ သူတို့ ကစားကြတာကို ရှောင်ကာ တိမ်းကာ ကျော်လွန်လာခဲ့သည်။
တနေရာ ရောက်တော့ သုံးနှစ်သာသာလောက် မိန်းကလေး တယောက် ဂေါ်လီ ရိုက်နေသည်ကို ခဏလောက် ရပ်ကြည့် နေမိသည်။ ကျောက် ဂေါ်လီလုံးလေး တလုံးကို သုံးတောင်လောက် အကွာအဝေးတွင် ထားပြီး နောက် တလုံးနှင့် လှမ်းပြီး မှန်အောင် ပစ်ကစားနေခြင်း ဖြစ်သည်။
သူ့ကိုယ်သူလည်း မနိုင့်တနိုင်၊ ခြေကလေး မခိုင့်တခိုင်၊ ယိုးတိုး ယိုင်တိုင် ပစ်ကစားနေသည်မှာ အလွန်ကို ချစ်စရာ ကောင်းသည်ဟု ထင်နေမိသည်။ ထို့ကြောင့်လည်း အသာရပ်ပြီး ကြည့်နေမိခြင်း ဖြစ်သည်။
ကျနော့် စိတ်တွင် အလွန်ကို ချမ်းသာ ကြည်နူးမိနေသည်မှာ အမှန်ဖြစ်သည်။
အဲသည်လို အရွယ်လေးတွေကို ကျနော် အလွန် ချစ်သည်။
ကျနော့်မှာ မြေးတွေလည်း ရှိနေပြီ။ သမီး အကြီးဆုံးက သုံးယောက်၊ သား အငယ်ဆုံးက တယောက် ဆိုတော့ အခုဆိုလျှင် ၄ ယောက်တောင် ရှိနေပြီ။
သားငယ်၏ သမီးကတော့ အခုမှ သုံးလ သမီးပဲ ရှိသေးသည်။ သမီး အကြီးဆုံးက မွေးသော သားငယ် နှစ်ကောင်အနက် အငယ်ဆုံးကောင်က မူကြိုက သူငယ်တန်း တက်စပဲ ရှိသေးသည်။
ဒီအကောင်က ကျနော်နှင့် ရင်းနှီးသည်။ သူ ကျနော့်အိမ်ကို ရောက်လာလိုက်လျှင် ကျနော့် အခန်းထဲ အသာ တိတ်တိတ်ကလေး ဝင်လာတတ်သည်။ ပြီးမှ ဝါးခနဲ ခြောက်တတ်သည်။ ကျနော်က လန့်သွားလိုက်ရသည်။
“ဟာကွာ လန့်လိုက်တာ၊ မင်းတော်တော် ဆိုးတဲ့ အကောင်ကွာ” ဟု ပြောလိုက်လျှင် သူအလွန် သဘောကျသည်။
အဘိုးတို့ ထုံးစံအတိုင်း သူဝင်လာတာ သိလျှင်လည်း မသိချင်ယောင်ဆောင်၊ သူခြောက်လိုက်လျှင် လန့်ပြရသည်ပေါ့။
ကျနော့်ကို စကားတွေ လာပြော၊ ကိုယ်က စာထဲ စိတ်ဝင်စားနေလို့ သူ့ကို ဂရုမစိုက်မိလျှင် မေးစေ့ကို ဆွဲပြီး သူ့ဘက်ကို အလှည့်ခိုင်း၊ အဲဒါကို မရသေးလျှင် နားရွက်ကိုဆွဲ၊ အဲဒါနဲ့မှ မရသေးလျှင် ဆံပင်တောင် ဆွဲချင် ဆွဲတဲ့ အကောင်။
သူပြောချင်တာကို နားထောင်လိုက်မှ ကျေနပ်သည်။ သို့သော် သူနှင့်နေရသည်ကို ကျနော်လည်း ကျေနပ်သည်။ ပျော်မွေ့ ကြည်နူးသည်။
ပြောရဦးမည်။
ကျနော်နှင့် အတော်အတန် ရင်းနှီးသည့် ဆရာတော်ကြီး တပါးက ကျနော့်ကို မေးဖူးသည်။
“အောင်သင်း သားသမီး အချစ်၊ မြေး အနှစ်လို့ ဆိုတယ်ကွ၊ အသက်ကြီးလာတော့ မြေးတွေကို ပိုပြီး ချစ်လာတတ်တယ်၊ အဲဒါ ဘာကြောင့်လဲ သိလား” တဲ့။
ကျနော်က အိုးတိုးအတ ဖြစ်နေတော့ ဆရာတော်ကြီးက ဆက်ပြောပါသည်။
“အရင်းအမြစ်ကို စစ်လိုက်တော့ တဏှာပဲဟ အောင်သင်းရ။ အသက်ကြီးလာတော့ ကိုယ့်ကို ရင်းရင်းနှီးနှီး ဆက်ဆံတဲ့ အပေါင်းအသင်း နည်းလာတာလည်း ပါတာပေါ့ကွာ။ အဖော်လုပ်နိုင်သူ နည်းလာတာကိုး။ ပုထုဇဉ် ဆိုတာ တဏှာက မကင်းသေးတာပဲကိုးကွ။ သားသမီးတွေ ငယ်စဉ်ကတော့ ပွေ့ကာ ပိုက်ကာ ယုယုယယ နေနိုင်ခဲ့တာပေါ့။ ဒါပေမယ့် သားသမီးတွေက ကြီးလာပြန်ရော။ သူတို့ကို ပွေ့ကာ ပိုက်ကာ နေချင်လို့ မရတော့ဘူး။ အရွယ်အားဖြင့် မတင့်တယ်ဘူး။ သူတို့ကလည်း အဲဒီလို ယုယတာမျိုးကို မခံချင်တော့ဘူး။ ဒါပေမယ့် မိဘတွေကိုယ်တိုင်က အဲဒီလို နေချင်စိတ်က ရှိနေသေးတာပဲ။ ဟော မြေးတွေ ရောက်လာလိုက်တော့မှ အဲဒီလို နေချင်တိုင်း နေလို့ ရလာပြန်လေရော။ ဒီတော့မှ အာသာက ပြေလာပြန်တာကိုး။”
“စကားစပ်လာလို့ ပြောလိုက်ရဦးမယ်။ တို့များ ငယ်ငယ်က ဆရာတော်ကြီး တပါးဆီမှာ နေခဲ့ရဖူးတယ်။ အိန္ဒြေ သိက္ခာ ကလည်း ကြီးလိုက်ပါဘိနဲ့။ တို့တတွေဆိုတာ သူ့ရှေ့မှာ ဆိုရင် တစက်မှ မနေချင်ဘူး။ ခဏလောက် နေရတာတောင် စိတ်ကျဉ်းကျပ်နေတယ်။ ကြောက်လိုက်ရတာက သေးဖျန်းဖျန်းပါအောင် ကြောက်ရတယ် ဆိုတာမျိုးပေါ့။ အဲဗျား ကလေး ပေါက်စတွေကျတော့ အလိုလိုက်သလား မမေးနဲ့။ သူတို့များဗျာ ဝမ်းလျား ထိုးနေတုန်းမှာ ကျောပေါ် တက်ခွပြီး မြင်း စီးလိုစီး၊ နားရွက် ဆွဲလိုဆွဲ လုပ်နေတာ။ အဲဒါကို ဟဲ့ကောင် မလုပ်နဲ့ကွ၊ နာတယ်ကွနဲ့ ပါးစပ်က ပြောနေရင်း ထွေးလား လုံးလားနဲ့ ကျေနပ်နေတာပဲဗျား။ သူက သြဇာတိက္ကမ ကြီးတဲ့ ဆရာတော်ကြီး ဖြစ်လေတော့ တော်ရုံတန်ရုံ လူကလည်း သူ့နားကို မကပ်ဝံ့တော့ဘူး။ ဒီတော့ အဖော်မရှိတာလည်း ပါတာပေါ့။”
“နောက်ပြီး ခုနက ငါပြောခဲ့သလို ယုယုယယ ပွေ့ပွေ့ပိုက်ပိုက် နေချင်တာလည်း ပါသေးတာပေါ့။ ကျမ်းတတ် စာတတ် ဆရာတော်ကြီးပင် ဖြစ်သော်လည်း ပုထုဇဉ်ပေကိုးကွ။ တဏှာက မကင်းသေးဘူး မဟုတ်လား။ ငါတို့လည်း ခုမှ ပြန်ပြီး သဘောပေါက်လာရတာပေါ့။ မြေးအနှစ် ဆိုတာ အဲဒါပဲကွ အောင်သင်းရ” တဲ့။
ဆရာတော်ကြီး ပြောခဲ့ဖူးသည့် စကားကို မကြာခဏ ပြန်ပြီး သတိရမိသည်။ တဏှာ သဘော ဆိုတာလည်း ဟုတ်ပါ ပေလိမ့်မည်။
သေချာတာကတော့ “အဖော်” ဖြစ်နေသည်ကတော့ အမှန်ပါပဲ။ နောက်ပြီး သူတို့ရဲ့ ပျိုမျစ်သော အရွယ် တင်းတင်းရင်းရင်း ကျစ်ကျစ်လျစ်လျစ် ရှိလှသော အသားအရေလေးများကို ကိုင်တွယ် ပွတ်သပ်နေရသည်မှာလည်း နှစ်လိုဖွယ် ဖြစ်သည်။
ထိုဖြစ်ခြင်းကို ပြန်လည် တောင့်တ နေမိပြန်သည်လား ဟုလည်း စဉ်းစားမိသည်။ ။
(စာရေးဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇွန်ပွင့် စာအုပ်တိုက်က ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “အနာဂတ်ကို မကြောက်နဲ့” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)