ကျနော်တို့ အတွက် ထူးခြားသော အိမ်သစ် တဆောင်ကို တွေ့ခဲ့ကြပါသည်။
ထူးခြားသော ဟု ကျနော် ပြောခဲ့ပါသည်။
သို့ရာတွင် အမှန်အားဖြင့်မူ မြင်ဖူးနေသည်ဟု ထင်ပါသည်။ ကလေးဘဝတုန်းက ကျနော် မကြာခဏ ရောက်ဖူးသည့် နေရာ တခုနှင့် တူပါသည်။
ထို့ကြောင့် “ငါ့ အိမ်ဟောင်းကို ပြန်ရောက်ရပြန်ပြီ” ဟု တွေးမိသည့် အခါတွင် ကျနော် စိတ်ပျက်သလိုလို ဖြစ်သွားပါသည်။
ဝတ်ကျောင်းအို တဆောင်၏ တန်ဆောင်းများရှိ ချောင်းကလေးများမှသည် လက်ဝဲဘက်အထိ နှစ်သက်စဖွယ် ရယ်သံသည် ပေါ်ထွက်နေပါသည်။
ထိုရယ်သံကို နားထောင်ရန် ကျနော် ဖြည်းညင်းစွာ ခြေဖျားထောက် လာခဲ့ပါသည်။ နားမထောင်သည့် အခါတွင်လည်း ထိုရယ်သံကို ကျနော် ကြားနေပါသည်။
သို့ရာတွင် နားစွင့်၍ ထောင်လိုက်သည့် အခါတွင် အတိတ်ကြီး တိတ်နေပါသည်။ တံစက်မြိတ်များကိုး တိုးဝှေ့ တိုက်ခတ်နေသော လေတိုးသံကိုသာ ကြားရပါသည်။
ထိုလေသည် တံစက်မြိတ်ထောင့်များတွင် တပ်ဆင်ထားသော သတ္တု အပြောက်အမွမ်း တို့မှ ချွင်ချွင်မြည်သံများကို ဖြစ်စေပါသည်။
မြောက်ဘက် တောင်စောင်း တခု အပေါ် အဆောင်အအုံ တခု ဆောက်ထားပါသည်။ ဘုရားကျောင်း တဆောင် ဖြစ်လိမ့်မည်ဟု ကျနော် ထင်ပါသည်။
သို့ရာတွင် ကျနော်တို့ နေရန် ထိုနေရာကို ရွေးခဲ့ပါသည်။
ဘာကြောင့်မှန်း မသိ၊ ထိုနေရာ ကလေးကို ကျနော် သဘောကျပါသည်။ အပြင်အဆင် အမွမ်းအမံတွေကြောင့် မဟုတ်ပါ။ ဘေး နှစ်ဘက်စလုံးတွင် ဟာလာ ဟင်းလင်း ဖြစ်နေသော ကွင်းပြင်ကြီးကြောင့် ဖြစ်ပါသည်။
အကောင်းဆုံးမှာ အောက်ခြေတွင် စမ်းချောင်းကလေး တခု စီးဆင်းနေခြင်း ဖြစ်ပါသည်။ ချောင်းရေမှာ လွန်စွာ ကြည်လင် နေသဖြင့် ရေထဲက စိမ်းလဲ့သော ရေမှော်ပင်ကလေးများနှင့် ငွေငါးကလေးများကိုပင် ရေတွက်၍ ရပါသည်။
“ရေစီးဆင်းနေတဲ့ နေရာ မှန်သမျှဟာ ကောင်းတာချည်းပဲ” ဟု ကျနော် တွေးမိပါသည်။
သို့ရာတွင် ထိုနေရာကလေးမှာ ချွတ်ယွင်းချက် တခုလည်း ရှိပါသည်။
ကျနော်သည် သစ်ပင်များကို ချစ်မြတ်နိုးပါသည်။ သို့ရာတွင် ကျနော်၏ ရိပ်မြုံ တဝိုက်တွင် သစ်ပင်ဆို၍ တပင်မျှ မရှိပါ။
အမြဲစိမ်း သစ်ပင် ဖြစ်စေ၊ ရွက်ကြွေပင် ဖြစ်စေ၊ သစ်ပင် မှန်သမျှကို ကျနော် မြတ်နိုးပါသည်။ သစ်ပင် စိုက်ဖို့ စိတ်ကူး ရသည်ကို ကျနော် ပျော်ပါသည်။
သူတို့၏ မွန်းတည့်ချိန် အရိပ်အာဝါသသည် ထီးရွက် တရွက်နှယ် ဝိုင်းစက်နေပါသည်။
ကျနော်သည် သစ်ပင် စိုက်ခြင်းကို သဘောကျပါသည်။ သူတို့ အရိပ်တွင် အပန်းဖြေ ချွေးသိပ် ရပ်နားသည့် ခရီးသွား တယောက် သဘောကျသကဲ့သို့ သဘောကျပါသည်။
အဘိုးများသည် သူ့မြေးများ အသီးစားရန် အတွက် သစ်ပင်များကို စိုက်ခဲ့ကြပါသည်။
ကျနော်သည် သစ်ပင် စိုက်သော အဘိုး တယောက် ဖြစ်ချင်ပါသည်။ သူတို့ အသီးကို စားနေသော မြေးတယောက် ဖြစ်ချင်ပါသည်။
အိမ်ရှေ့တွင် မက်မုံပင်များနှင့် ဆီးတော်ပင်များ၊ တံစက်မြိတ် အစွန်းတွင် သစ်တိုပင်များနှင့် မိုးမခပင်များ အုပ်ဆိုင်း နေသော နေရာမျိုးကို ကျနော် အကြိုက်ဆုံး ဖြစ်ပါသည်။
ယခု ကျနော်တို့ နေထိုင်သည့် အဆောက်အအုံ၏ အနီးတဝိုက်တွင်မူ စိမ်းစိမ်းစိုစို ဆို၍ တပင်မျှ မရှိပါ။
ကျနော်သည် သစ်ပင်များကို စိုက်ချင်ပါသည်။
အဝေးမှ ငှက်တကောင်သည် ထူးဆန်းသော နေရာမှ အမျိုးကောင်းသော သစ်စေ့ တစေ့ကို ချီလာလေမည်လော ဟုပင် ကျနော် မျှော်လင့်မိပါသည်။ ကျနော်တို့ နေရာ သစ်တွင် ချပစ်ခဲ့ပါမည်လောဟု ဆုတောင်းမိပါသည်။
လေက မြေဖို့ပေးပြီး မိုးစက် နှင့် နှင်းပေါက် တို့က ရေလောင်းပေးလိုက်သည့် အခါတွင် မျိုးစေ့ကလေးသည် အပင်ပေါက်လာကာ ရှင်သန်လာပြီးနောက် ကျနော့် ပတ်ဝန်းကျင်ရှိ မြေကို အရိပ် ဝေပေးပါလိမ့်မည်။
ထိုအခါမျိုးတွင် “ဘုရား သခင်က အလင်း ဖြစ်စေသတည်းဟု မိန့်သည့်အခါ အလင်း ဖြစ်လေ၏” ဆိုသည့် စကား ကဲ့သို့ သစ်ပင်တို့ ပေါက်စေသတည်းဟု ကျနော်က ဆိုသည့် အခါတွင် သစ်ပင်တို့ ပေါက်လာလျှင် မည်မျှ ကောင်းမည်နည်းဟု ကျနော် တွေးမိပါသည်။
သစ်ပင်များ မည်သို့ ပေါက်လာသည်ကို ကျနော် မသိပါ။ သို့ရာတွင် ကျနော့်အိမ် အနီးတဝိုက်တွင်မူ သစ်ပင်တို့ ကျိုးတိုး ကျဲတဲသာ ရှိပါသည်။
ကျနော်တို့သည် မည်သို့မျှ မပြောမိကြပါ။ အံ့သြမှု၊ ဝမ်းသာမှု တို့ကိုလည်း မပြမိကြပါ။ တရိပ်ရိပ် ကြီးလာသော သစ်ပင်များကို တည်ငြိမ်သော အပြုံးဖြင့်သာ ကြည့်နေကြပါသည်။
သစ်ပင်တို့သည် ကြီးထွားလာကြပါသည်။ သစ်ရွက်များ ပြူထွက်လာသံကိုပင် ကြားရသည်ဟု ထင်ပါသည်။
ထိုသစ်ပင်တို့၏ အမည်ကို ကျနော်တို့ မသိကြပါ။ မည်သည့် အပွင့်ကို ပွင့်၍ မည်သည့် အသီး သီးမည်ကိုလည်း ကျနော်တို့ မသိကြပါ။
သို့ရာတွင် သစ်ကိုင်းများမှာ များစွာ မမြင့်လှဘဲ ပြတင်း အစွန်းပေါင် အထက် စွန်းကို ရောက်ရုံသာ ရှိပါသည်။
ဆောင်းနှောင်းတွင် နီကြင်ကြင်ရောင် သမ်းသွားတတ်သည့် လိပ်ပြာပုံ အရွက်များ ရှိသော သစ်စေးပင်များ နှင့် တူပါသည်။ သို့ရာတွင် ယခု အချိန်၌မူ စိမ်းမြသော ရွက်နုကလေးများသာ ဖြစ်ကြပါသည်။
သစ်ပင်များသည် ထို့ထက် ပို၍ မကြီးစေချင်ဘဲ ဤအဆင့်တွင် အကြီး ရပ်သွားစေချင်ပါသည်။ သို့ဆိုလျှင် သူတို့ သစ်ကိုင်းများ ပေါ်တွင် နွေဦးကို အမြဲ တွေ့နိုင်မည် ဖြစ်ပါသည်။
ကျနော်၏ ကြည်နူးမှု နှင့် ကျေးဇူး တရား တို့ကို ထုတ်ဖော် ပြောဆိုမည် အပြုတွင် အရာ အားလုံးသည် မှုန်ဝါးသော အိပ်မက်ထဲတွင် ပျောက်ကွယ် သွားကြပါတော့သည်။ ။
(တရုတ် စာရေးဆရာ Li Guangtian ၏ The Trees)
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေက ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “နိုင်ငံတကာ ရသစာတမ်းငယ်များ ပထမအကြိမ်” ပထမအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)













