ယုကိမိဇကေ (Yukimizike)
နှင်းကြည့်ရင်း ဆကေသောက်
(Drinking sake while enjoying the snow)
နွေဦးမှာ ချယ်ရီ
နွေလယ်မှာ ဥသြ
ဆောင်းဦးမှာ လ
ဆောင်းခါနှင်း က
ကြည်အေးလှ…။
ဒိုဂျဲန်
ချယ်ရီ အပွင့်တွေ ဝေဝေဆာဆာ ပွင့်နေတာကို အရသာခံပြီး ပွဲတမျှ ဂျပန်တွေ ဝိုင်းကြည့်လေ့ ရှိကြတာ သိကြပြီး ဖြစ်ပါတယ်။
ဥသြ ငှက်ငယ် တကောင်လည်း သနားစရာ အော်မြည်သံကို နွေအခါ စောင့်ပြီး နားထောင်နေလေ့ ရှိကြတယ်။
ဆောင်းဦးမှာ လမင်း ဝင်းဝင်းပပ သာနေပုံကိုလည်း အကြာကြီး ငေးကြည့် နေတတ်ကြသေးတယ်။
ဒီသုံးမျိုး အပါအဝင် ဖြစ်ပေမယ့် နှင်းကျပြီး ရှုခင်းကို အရသာခံ ကြည့်တာကတော့ လုပ်ခဲတယ်။
ဒါပေမယ့် နှင်းရှုတဲ့ အလေ့ဟာလည်း ဂျပန် သိပ်ဆန်တဲ့ အလေ့ တခု ဖြစ်ပါတယ်။
ချယ်ရီပန်းလည်း ကမ္ဘာအနှံ့ ရှိတယ်၊ သနားစဖွယ် ငှက်အော်သံလည်း နေရာတကာမှာ ကြားနိုင်တယ်။
လသာရက်မှာ ဘယ်က ထွက်ကြည့်ကြည့် စိတ်ချမ်းသာစရာ လမင်းကို မြင်ရပါတယ်။
ဒါပေမယ့် တခြားသော ဒေသတွေမှာ ဂျပန်မှာလို နှင်းက ဆွတ်ဆွတ် ဖြူရဲ့လား။ သိပ်အေးပြီး လေကလည်း အများကြီး ထိုင်းနေတဲ့ အခါ ဂျပန်နှင်းဟာ လေးလေးပျစ်ပျစ် ဖြစ်နေပါပြီ။
ဆကေ (Sake) ကို ဒီလိုရာသီမှာပဲ သောက်ရမယ်လို့ ကန့်သတ် မထားပေမယ့်၊ နှင်းရှုတဲ့အခါ ဆကေနဲ့ သိပ်လိုက်ဖက်တယ်။
ရေနွေးထဲမှာ ဆကေ ခွက်ကို ထည့်ပြီး နွှေးပါ။ ဆောင်းတွင်း ညအခါ နွေးနေတဲ့ ဆကေ ခွက်ကို ကိုင်သောက်ရင် လက်၊ ပါးစပ် နဲ့ နှလုံးထဲမှာပါ အနွေးဓာတ် ပျံ့ပြီး နှစ်သက် စွဲလမ်းစရာ တွေ့ပါလိမ့်မယ်။
ဂျပန် မြောက်ပိုင်းမှာ ဆိုရင် တဆောင်းတွင်းလုံး နှင်းဖုံးနေတတ်တယ်။ ဒီအခါ ကျေးလက်က ရွာသူရွာသားတွေ မီးဖိုကို ကျောခိုင်း ထိုင်ရင်း အပြင်က နှင်းကိုပဲ ငေးကြည့် နေတတ်ကြတယ်။
အမိုးအကာ မရှိတဲ့ ရေပူစမ်းမှာ ရေစိမ်ရင်း ပတ်လည်က နှင်းကို ကြည့်ရတာ သာပြီး အရသာ တွေ့တယ်။
ဂျပန် ဘုရားကျောင်း (နတ်ကွန်း) တွေဟာ ဆောင်းအခါ ပိုပြီး ကြည့်လို့ လှတယ်။ နှင်းရှုဖို့ သိပ်ဆီလျော်တဲ့ နေရာတွေ ဖြစ်ပါတယ်။
ကျနော်လည်း နှစ်ဟောင်း ကုန်ခါနီးရင် တောင်ပေါ်ဒေသက ဘုရားကျောင်း တခုကို အလည် သွားလေ့ရှိတယ်။
ညဉ့်နက် သန်းခေါက်က နောက်တနေ့ ညနေအထိ ကျောင်းတော်မှာ ဆုတောင်း ခေါင်းလောင်းထိုး၊ ဗေဒင် မေးနဲ့ အိုမမိုရိ (Omamory) အဆောင် လက်ဖွဲ့ ဝယ်ဖို့ လူတွေ ကြိတ်ကြိတ်တိုး လာကြတယ်။
တခါက တညလုံး ဖွေးဖွေးဖြူတဲ့ နှင်းတွေ တရစပ် ကျဖူးတဲ့ ရက်တရက်ကို ပြန်ပြီး အမှတ်ရမိတယ်။ ကျောင်းတော်က ထွက်တဲ့ ဆီမီးရောင်ဟာ နှင်းပေါ်ကျပြီး အရောင် ဟပ်နေတယ်။
ဆုတောင်းသူတွေကလည်း တန်းစီပြီး အလယ်ခန်းမကို ပတ်တဲ့ စင်္ကြံတလျှောက်မှာ တရွေ့ရွေ့ ရှေ့တိုး သွားနေကြတယ်။
လေအေး တိုက်တဲ့အခါ ခေါင်းလောင်းသံ တိုးတိုးလည်း ပါတယ်။ စည်သံလည်း ကြားတယ်။
အချင်းချင်း နှစ်သစ် မင်္ဂလာ ရှိပါစေလို့ နှုတ်ခွန်းလည်း ဆက်ကြတယ်။ နံနက် ၄ နာရီမှာ လူနည်းနည်း ပါးသွားတယ်။
ဒီတော့မှ နေမထွက်မီ အထိ ဘုန်းကြီးတွေ တနာရီလောက် နားရတယ်။
ဒီလို အနားရချိန်မှာ နေထွက်ရင် နောက်ထပ် ရောက်လာမယ့် လူတွေကို မျှော်ရင်း ဒီဘုန်းကြီးတွေဟာ ဟိဗချိ (Hibachi) ဟောင်းနားမှာ စုပြီး လက်ကို မီးကင်ရင်း၊ ထမင်းဆုပ် စားရင်း၊ နှစ်သစ်ရဲ့ ပထမဆုံး ဆကေ ကို နည်းနည်းစီ စုပ်ယူရင်း၊ ရွရွလေး ကျနေတဲ့ နှင်းကို လှမ်းကြည့်နေကြတယ်။
အေးစက် တင်းမာတဲ့ အရောင်လည်း လျော့စပြုပြီ၊ သန့်စင်ပြီး တည်ငြိမ်တဲ့ ပုံစံနဲ့ နှင်းကမ္ဗလာတောင် တခုလုံးကို လွှမ်းခြုံ ပေးနေပါပြီ။
ကောင်းကင်၊ တောင်ရိုး နဲ့ နှင်းဟာ တသားတည်း၊ တပြင်တည်း ဖြစ်လာပြီ၊ ဘုန်းကြီးရော ဆုတောင်း ဆုယူသူတွေပါ အားလုံးကို ထွေးပိုက်ပေးသလို စိတ်အာရုံမှာ ပေါ်လာမိတယ်။
အဲ့ဒါပဲ ယုကိမိဇကေ ရဲ့ အံ့သြဖွယ် အကြောင်းအရာ ဖြစ်တယ်။ ။
ဂျွန်စတီဗင်စ်
(John Stevens)
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို ကွန်သာယာ စာပေတိုက်က ၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ဂျပန်မှုထပ်တစ်ရာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ A Hundred More Things Japanese, 1980 by the Japan Culture Institute စာအုပ်ဟု သိရပြီး ဆောင်းပါး အပုဒ်ရေ ၁၀၀ ရှိပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ထိုဆောင်းပါးများထဲက မူရင်းရေးသူ ဂျွန်စတီဗင်စ် (John Stevens) ၏ ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














