တနေ့သော် ကျနော်သည် ဆံပင်ညှပ်ဆိုင် တဆိုင်၌ ဆံပင်ညှပ်နေပါသည်။ အချိန်မှာ နံနက်ခင်း။ အပြင်မှာ နေရောင် နုကလေးသည် စိမ်းလန်းသော သစ်ပင်များပေါ်တွင် ပြေပြေကလေး တောက်ပလျက် ရှိပါသည်။
ဤသို့ သာယာသော အချိန်မျိုးတွင် လူ့စိတ်သည် များသောအားဖြင့် သာယာတတ်ပါသည်။ ထို့ကြောင့်လား မသိ။ ဆံပင်ညှပ်ဆရာသည် အသံနေ အသံထားနှင့် နွေရာသီဖွဲ့ တပုဒ်ကို ဆိုပါသည်။
နွေဥတုအခါ သစ်ရွက်ကြွေပုံ၊ ရွက်သစ်လောင်းပုံ၊ ဥသြ တွန်ပုံ၊ မြူမင်းလွင် ဝဲပုံ၊ စာဆို၏ စိတ်တွင်း၌ ငြီးငွေ့ပုံ၊ လွမ်းဆွတ်ပုံ စသော လောက၏ အခြေအနေတို့ကို ထိုအဖွဲ့တွင် ကောင်းစွာ ကြားရပါသည်။ မြင်ရပါသည်။
ဆံပင်ညှပ် ကတ်ကြေးသံသည် တချက်ချက်နှင့် စည်းလိုက်လျက် ရှိပါသည်။ အပြင်က နေရောင်နုသည်လည်း ဤတေးသံကို တည်ငြိမ်စွာ နားထောင်လျက် ရှိပါသည်။
ကျနော်၏ ထထကြွကြွနှင့် လုပ်ချင်ကိုင်ချင် ရှိသော စိတ်သည်လည်း ဤပျော့ပျောင်း ငြိမ့်လေးသော တေးသံနှင့် ရော၍ မျောနေချင်ပါတော့သည်။
ထိုအခါကျမှပင် ကျောင်းနေစဉ်က သူငယ်ချင်းတဦး စာမကျက်ပေမကျက်နှင့် ကျောင်းထွက်သွားရသော အကြောင်းရင်းကို သိရပါတော့သည်။
အဆိုပါ သူငယ်ချင်းမှာ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ပါသော ရာသီဖွဲ့၊ အလွမ်းဖွဲ့၊ မယ်ဖွဲ့များကို ရှာဖွေကူးယူ အလွတ်ရအောင် ကျက်မှတ်၊ ပျင်းပျင်းရှိတိုင်း ဆိုညည်းလျက် နေတတ်သည်။
ကျောင်းလွှတ်၍ အားလျှင် သူ့ကို အိပ်ရာထက်၌ လှဲနေသည်ကိုသာ များသောအားဖြင့် တွေ့ရသည်။ အိပ်ရာထက်၌ တွေ့ရလျှင် သီချင်းညည်းနေသည်ကိုသာ များသောအားဖြင့် ကြားရသည်။ သူ့ကိုယ်ထဲတွင် သွေးတိုးလျက် မရှိသကဲ့သို့ပင် အမြဲငြိမ်လျက် သာယာ ငြိမ့်ညောင်းလျက် မလှုပ်မယှက် နေသည်ကိုသာ တွေ့မြင်ရသည်။
သူသည် ဤပျောင်းပျော့ နွဲ့လျသာယာ အေးချမ်းလှသော တေးများကို စု၍ ကျက်၍ သာယာ၍သာ အချိန်ကို ကုန်လွန် စေရာ နှစ်ဆုံးသောအခါ၌ စာမေးပွဲ မဖြေနိုင်ခြင်း၊ အတန်း မတက်ရခြင်း အကျိုးကို ခံစားရရှာလေသည်။
သူသည် အလွမ်းဖွဲ့များကို ဆို၍ အကြောင်းမဲ့ လွမ်းနာကျနေခဲ့ပါသည်။ အဆွေးဖွဲ့များကို ညည်းလျက် အကြောင်းမဲ့ အဆွေးနာ ကျနေခဲ့ပါသည်။
သီချင်းများသည် သူ၏ ထကြွလှုပ်ရှားသော သွေးသားကို ငြိမ်ဝပ်ပိပြားစေ၍ မလုပ်ချင် မကိုင်ချင် ထိုင်းမှိုင်း၍သာ နေချင်အောင် ထုံဆေးထိုးပေးလျက် ရှိပါသည်။ ဤသို့ဖြင့် ခမျာမှာ ကျောင်းထွက်သွားရရှာပါသည်။
ယခုလည်း အထက်ပါ ဆံပင်ညှပ်ဆရာ၏ နွေရာသီဖွဲ့ကို ကြားရသော ကျနော့်မှာ အိမ်သို့ပြန်၍ ခုတင်ထက်တွင် လျောင်းစက်ကာ အငြိမ့်သား အမြိန့်သား ပျင်း၍ နေချင်လာပါတော့သည်။
ယခုအခါ ဤကဲ့သို့သော နေ့နာရီ ညနာရီ စပ်အောင် အလုပ်မရွေး အချိန်မရွေး လုပ်ရကိုင်ရ ကြိုးစားရသော ဤခေတ် အခါမျိုးတွင် အလွမ်းဖွဲ့ အဆွေးဖွဲ့များကို ညည်း၍ ပျင်းနေသင့် မနေသင့်ဆိုသော ပြဿနာမှာ ကျနော့် ဉာဏ်တွင် ပေါ်လာပါသည်။
တညသောအခါလည်း ကျနော်သည် လမ်းလျှောက်လျက် နေပါသည်။ ကောင်းကင်သည် စင်ကြယ်လျက်။ လမင်းသည် ထွန်းလင်းလျက်။ လောကသည် ဆိတ်ငြိမ်လျက်။ အလွန် သာယာသော ညအခါ ဖြစ်ပါသည်။
ထိုအခိုက် အမှတ်မထင်သော အရပ်မှ သီချင်းသံတခုကို ကြားရပါသည်။ အသံ အလွန်ကောင်းပါသည်။ အဆို အလွန် ပိုင်ပါသည်။ စကားသား အလွန်ထိပါသည်။
သီချင်း၏ အနက်မှာ မမီသည့် ပန်းကို တုံးခု၍ လှမ်းရသော ဒုက္ခပင် ဖြစ်ပါသည်။ သို့သော်လည်း ဒုက္ခကို ဒုက္ခ မမှတ်။ ကြိုးစားမည်၊ အောင်မြင်ရမည် ဟူသော ဇွဲသံ သတ္တိသံ မပါ။ သူသနားမှ ကိုယ်သက်သာမည် ဆိုသော အားလျှော့သံ၊ အားပျော့သံများသာ ပါသည်။
“ကိုယ်ချမ်းသာရကြောင်း၊ ငယ်ငေါင်းစုတ်ပဲ့၊ နုန့်နဲ့သည့် စကားများကို၊ မေ့မှားလို့ ဆိုမိလျှင်၊ လျှာကိုတိုအောင် ရိတ်ချင်၏” ဆိုသော ဦးပုည တို့၏ သတ္တိမျိုးနှင့် ဖီလာ ဆန့်ကျင် ဖြစ်နေပါသည်။
ဤ သတ္တိကင်းသော၊ အောက်တန်းကျသော သီချင်းမျိုးသည် လူဘယ်နှယောက်အား အထက်တန်းမှ အောက်တန်းသို့ ဆွဲချခဲ့သည် မသိနိုင်ပါ။
ထိုအခါ၌လည်း ဤအားပျော့သော သီချင်းမျိုးကို ယခုကဲ့သို့သော ကြံစည် ကြိုးစား ထကြွရမည့် အခါမျိုးတွင် ဆိုသင့် မဆိုသင့် ဟူသော ပြဿနာသည် ကျနော့် ဉာဏ်တွင် ပေါ်လာပါသည်။
အဖြေကိုကား အများဖြေမှ ဖြစ်ပေမည်။ အထူးသဖြင့် စာရေးဆရာများ၊ သီချင်းရေးဆရာများ၊ ကဗျာရေးဆရာများ၊ အသံလွှင့် ဆရာများက ပိုမိုစဉ်းစားကာ ဖြေကြားသင့်သည် ထင်မိပါသည်။
တောင်ငူဘုရင် နတ်ရှင်နောင် ကဲ့သို့သော ပုဂ္ဂိုလ်ထူးတို့ အတွက် အလွမ်းအဆွေး ဓာတ်သည် ထကြွလုံ့လ ရှိစေ၍ စွန့်စား တိုက်ခိုက်သော သတ္တိထူးများ ဖြစ်သော်လည်း အလိုလို ပျင်းချင်၊ အကြောင်းမဲ့ ဆွေးချင်၊ အရမ်းမဲ့ လွမ်းချင်နေသော သူတို့ အဖို့ ကောင်းမြတ်သော သတ္တိထူး ဖြစ်ပါ့မလား ဟူသော ပြဿနာသည်လည်း အများ ဖြေသင့်သည့် ပြဿနာကြီး ဖြစ်ပါ သတည်း။ ။
(စာပေပညာရှင် ကဗျာဆရာကြီး မင်းသုဝဏ် ရေးသားသည့် ဤ ရသစာတမ်းကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး မင်းသုဝဏ်သည် ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက် အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)