ဗန်းမော်၏ မူလ အမည်ရင်းမှာ မံမော် ဟူ၍ ဖြစ်ကြောင်း၊ မံမော် ဟူသည်မှာ ရှမ်းဘာသာစကား ဖြစ်၍ မံ သည် ရွာ ဟု အဓိပ္ပာယ် ရလျက်၊ မော် သည် အိုး ဟု အဓိပ္ပာယ် ရကြောင်း၊ ထို့ကြောင့် မံမော်သည် အိုးလုပ်သော ရွာဟု အဓိပ္ပာယ် ရှိကြောင်း သူဟောင်းတို့ စကားစဉ်အရ သိရသည်။
ထိုစကားကို အထောက်အကူ ဖြစ်နေသည်မှာ ဗန်းမော် ပတ်ဝန်းကျင်မှ ကျေးရွာများ၏ အမည်ပင် ဖြစ်သည်။
ဗန်းမော် ပတ်ဝန်းကျင်ရှိ ရွာများ၏ အမည်များမှာ မံနောင်၊ မံဖာ၊ မံသာ၊ မံဝိန်း၊ မံနား စသည်ဖြင့် မံဟူသော အသံနှင့် အစချီသည်က များလျက်၊ မံဟူသည်မှာ ရှမ်းဘာသာအရ ရွာဟု အဓိပ္ပာယ် သက်ရောက်ပြီးလျှင် နောက်ဆက်ပါလာသော နောင်၊ ဖာ၊ သာ၊ ဝိန်း၊ နား စသော အသံထွက် စကားလုံးများ၏ အဓိပ္ပာယ်များနှင့် ပေါင်းစပ်၍ ရှမ်းဘာသာအရ ကိုယ်ပိုင် အဓိပ္ပာယ် အသီးသီး ရှိကြပေသည်။
မံ ဟူသော စကားလုံး မပါသည့် ရွာများ၏ အမည်များမှာလည်း ရာနှုန်းပြည့် ရှမ်းဘာသာမှ ဆင်းသက်သည်ကို တွေ့ရသည်။
ပုံပမာ မိုးမောက်ရွာ ဟူရာ၌ မိန်းမောက် ဟူသော ရှမ်းစကားမှ ဆင်းသက်၍ မိန်းသည် မြို့၊ မောက်သည် ပန်း၊ အဓိပ္ပာယ်မှာ ပန်းမြို့ ဟု လည်းကောင်း၊ မြို့သစ်ရွာ၏ မူရင်း ရှမ်းအခေါ်မှာ မိန်းမိုင်ဟု ဖြစ်လျက် မိန်းသည် မြို့၊ မိုင်သည် အသစ်၊ ထို့ကြောင့် မြို့သစ်ဟု လည်းကောင်း၊ နားလုံ ရွာ၏ မူရင်း ရှမ်းအခေါ်မှာ လားလုံ၊ လားသည် လယ်၊ လုံသည် အကြီး၊ ကြီးကဲသည်၊ ထို့ကြောင့် လယ်ကြီးရွာ ဟု လည်းကောင်း၊ ရှမ်းဘာသာမှ ဆင်းသက်သော အဓိပ္ပာယ်များ ရှိကြလေသည်။
ဗန်းမော်မြို့ အနောက် ဧရာဝတီမြစ် တဖက်ကမ်းတွင် သမိုင်း၌ ထင်ရှားသော ငဆောင်းချမ်း အရပ် ရှိလေသည်။ ယခုကား ရွာကော ဖြစ်၍ နေချေပြီ။
ဗန်းမော်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းပါးမြင့်ပေါ်တွင် တည်ရှိသည်။ မြစ်ကမ်းတလျှောက် အိမ်များ တန်းလျက် ဆောက်ထားလျက် အလျား ၄ မိုင်ခန့် ရှည်သော မြို့ဖြစ်သည်။ မြို့တွင်း၌ ချောက်ကြီးများ၊ ရှိုများ၊ မြောင်းများ၊ တောင်ကုန်းများ ရှိ၍ မြို့၏ မျက်နှာပြင် ညီညာ ပြန့်ပြူးချင်း မရှိချေ။
မိုးအခါ ရေကြီးလျှင် မြို့၏ တောင်ပိုင်းကို ရေလွှမ်းမိုးလေ့ ရှိသည်။
ဗန်းမော်မြို့သည် တရုတ် နယ်စပ်နှင့် ၅၁ မိုင်မျှသာ ဝေးသဖြင့် ရှေးအခါက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အတွက် အရေးပါလှသော မြို့တမြို့ ဖြစ်ခဲ့သည်။
ရွှေလီမြစ်၊ တပိန်မြစ်တို့မှ ရေကြောင်းဖြင့် လည်းကောင်း၊ ကုန်းကြောင်းဖြင့် လည်းကောင်း ဆက်သွယ်နိုင်ခဲ့သည်။
ယခု ဗန်းမော်မြို့သည် ခရစ် ၁၇ ရာစုနှစ်တွင် တည်ထောင်သော မြို့ဖြစ်သည်။ ဗန်းမော် မြို့ဟောင်းသည် ရှမ်းမင်းဆက်တို့ စတင်ရာဟု ရှမ်းသမိုင်း အချို့၌ ဆိုသော စံပေနဂိုရ် နေပြည်တော် ပျက်ပြီးနောက် ရှမ်းမင်းဆက်တို့၏ နေပြည်တော် ဖြစ်ခဲ့ဖူးသည်။
ဗန်းမော် မြို့ဟောင်းသည် တပိန်မြစ်၏ လက်ယာဘက် ကမ်းပေါ်၌ ရှိခဲ့၍ စံပေနဂိုရ် မြို့နေရာသည် ယခု ရွှေကျီးနား ရွာ၏ နေရာဟု ဆိုကြသည်။ စံပေနဂိုရ် မင်းဆက်များ တန်ခိုး မှေးမှိန်လာသော အခါ မိုးမိတ် စော်ဘွား အဆက်အနွယ်များက လာရောက် စိုးမိုးကြသည်။
ကုန်းဘောင်ဆက် မင်းများ လက်ထက်တွင် မြန်မာ မြို့ဝန် တဦးကို စေလွှတ်၍ ဗန်းမော် စော်ဘွားနှင့် တွဲဖက် အုပ်ချုပ် စေသည်။
အင်းဝ ခေတ်၊ ကုန်းဘောင်ခေတ် များက ဗန်းမော်နှင့် ကောင်းတုံမြို့ နှစ်မြို့သည် တရုတ်-မြန်မာ ကုန်စည် ကူးသန်း ရောင်းဝယ်ရေး အတွက် အလွန်အရေးပါကြသည်။
နောင်အခါ ကောင်းတုံထက်ပင် ဗန်းမော်က တိုးတက် ခေတ်စား လာ၍၊ မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် အင်းဝမှ လွဲလျှင် အကြီးဆုံး မြို့တမြို့၊ အရောင်းအဝယ် အစည်ကားဆုံး မြို့တမြို့ဟု ၁၈၃၆ ခုနှစ်ခန့်က ကပ္ပတိန် ဟန်နေး ဆိုသူ နိုင်ငံခြားသား တဦးက မှတ်တမ်း တင်ခဲ့လေသည်။
သို့သော် မြန်မာနိုင်ငံကို ဗြိတိသျှတို့ မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးစ ကာလတွင် အခြေအနေများ ရှုပ်ထွေး၍ မြို့၏ အခြေအနေ ဆုတ်ယုတ်လာသည်။
ထိုနောက်တွင် ကချင်များ ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးမှုကြောင့် ပို၍ မြို့အခြေအနေ ပျက်ပြားသွားသည်။
ဗြိတိသျှ လက်ထက်တွင် ခရိုင်ရုံးစိုက် မြို့ကြီး ပြုလုပ်၍ ပြန်လည် စည်ကား ဖွံ့ဖြိုးအောင် ပြုသော်လည်း တခေတ်က ကောင်းစားခဲ့သည့် အခြေအနေမျိုးသို့ ပြန်မရောက်နိုင်တော့ပေ။
သို့တိုင်အောင် ၁၉၃၈ ခုနှစ်တွင် တရုတ်-မြန်မာ လမ်းမကြီး မဖောက်မီ ဗန်းမော်နှင့် တရုတ်နယ်စပ် ကုန်းကြောင်း ကုန်သွယ်မှုကို ပြုကြသေးသည်။
မြန်မာနိုင်ငံထွက် ထန်းလျက်၊ ဝါဂွမ်း၊ ကျောက်စိမ်း၊ ပယင်း စသည်တို့နှင့် တရုတ်နိုင်ငံမှ တရုတ်ပိုးထည်၊ သစ်ကြားသီး စသော တရုတ်သုံး ပစ္စည်းများကို အပြန်အလှန် ရောင်းဝယ် တင်ပို့ခြင်း ပြုကြသည်။
များသော အားဖြင့် တရုတ် ကုန်သည်ကြီးများ ကြီးစိုး လွှမ်းမိုးခဲ့သည်။
တရုတ်-မြန်မာ လမ်းမကြီး ဖောက်လုပ်ပြီးသည့် နောက်တွင်မူ ဗန်းမော် တရုတ်နယ်စပ် ကုန်ကူးမှု မရှိသလောက် ဖြစ်ခဲ့လေသည်။
ဗန်းမော်မြို့သည် ဗန်းမော်ခရိုင် အစိုးရဌာန အသီးသီးတို့၏ ဗဟိုရုံး စိုက်ရာ မြို့ကြီး ဖြစ်လျက်၊ မြန်မာနိုင်ငံ အောက်ပိုင်းမှ သင်္ဘောများ ဆန်တက်ရာ၊ နောက်ဆုံး သင်္ဘောဆိပ်မြို့ ဖြစ်လေသည်။
ဗန်းမော်မြို့မှ စိန်လုံကဘား တောင်စခန်းမြို့ကို ဖြတ်လျက်၊ တရုတ်ပြည် နယ်စပ် လွယ်ဂျယ်သို့ လည်းကောင်း၊ ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်း၊ မူဆယ် တို့မှတဆင့် တရုတ်ပြည်သို့ လည်းကောင်း၊ ကွတ်ခိုင်၊ လားရှိုးတို့မှ မန္တလေးမြို့သို့ လည်းကောင်း၊ တိုက်ရိုက်အားဖြင့် မိုးကုတ်၊ သပိတ်ကျင်းသို့ လည်းကောင်း၊ မြစ်ကြီးနားသို့ လည်းကောင်း မော်တော်ကား လမ်းများ ဖောက်လုပ်ပြီး ဖြစ်လေသည်။
ရန်ကုန်မှ မြစ်ကြီးနား၊ ပူတာအိုသွား လေယာဉ်ဆိပ်လည်း ဖြစ်သည်။
မြို့၏ အကျယ်အဝန်းမှာ ၂၃၉၉ ဧက ဖြစ်၏။ လူဦးရေမှာ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေအရ ၉၈၁၇ ယောက် ဖြစ်သည်။ ကျေးရွာများ အပါအဝင် မြို့နယ် တခုလုံး၏ ဧရိယာမှာ ၆၀၈ စတုရန်းမိုင် ဖြစ်လျက်၊ မြို့နယ် တခုလုံး၏ လူဦးရေမှာ ၁၉၇၃ ခုနှစ် သန်းကောင်စာရင်း အရ ၆၅၃၈၃ ယောက် ဖြစ်လေသည်။
တရုတ်နှင့် တရုတ်-မြန်မာ ကပြား လူဦးရေ အများဆုံး ဖြစ်၍၊ တရုတ်တန်းသည် ယခင်က မြို့၏ အစည်ကားဆုံး ရပ်ကွက် ဖြစ်သည်။ ယခု မင်းကုန်း ရပ်ကွက်သည် အစည်ကားဆုံး ဖြစ်သည်။
ဗန်းမော်တွင် အခြား ရှမ်း၊ မြန်မာ၊ ရှမ်းတရုတ်နှင့် ကချင်များလည်း ရှိလေသည်။
ခရိုင်မြို့ကြီး ဖြစ်သည့် အားလျော်စွာ တရားရုံးတော်များ အတွက် ဆောက်လုပ်ထားသည့် တရားရုံးကြီး၊ လမ်းဌာနရုံး၊ သစ်တောရုံး၊ ရဲဌာနာ၊ ဆေးရုံကြီး၊ ဈေး၊ စာတိုက်၊ ကြေးနန်းရုံး၊ ဧည့်ဂေဟာ၊ နိုင်ငံတော် သစ်ထုတ်ရေး ဌာန၊ အကျဉ်းထောင်၊ ရုပ်ရှင်ရုံ စသည့် ခန့်ညား ထည်ဝါသော အဆောက်အအုံကြီးများ များစွာရှိလျက် မြို့တွင်း၌ အစိုးရ အထက်တန်း ကျောင်းကြီး အပြင် သာသနာပြု အထက်တန်းကျောင်း ၃ ကျောင်း၊ မူလတန်းကျောင်း ၃ ကျောင်း၊ အစိုးရ ရက်ကန်း ကျောင်းတို့ဖြင့်လည်း စည်စည်ပင်ပင် ရှိလှလေသည်။
နိုင်ငံတော် အစိုးရ၏ စံပြသကြားစက်၊ လျှပ်စစ် ဓာတ်အားပေးရုံတို့ အပြင် ကိုယ်ပိုင် ဆန်စက်များ၊ ဆီစက်များ၊ သစ်စက်များဖြင့်လည်း ခမ်းနား တင့်တယ်လေသည်။
မြို့လယ်ရှိ ရွှေသိမ်တော် စေတီ၏ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လ၌ ကျင်းပရာ ပွဲတော်ရက် ၁၀ ရက်တိုင်အောင် ကျင်းပရ၍ အလွန် စည်ကားလှလေသည်။ ။
(ဤ ဆောင်းပါးစာစုကို စာပေဗိမာန်က ၁၉၇၉ ခုနှစ်တွင် ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၈ ဒုတိယ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)