ဂျိုးဆက် စတာလင် (၁၈၇၉- ၁၉၅၃)
JOSEPH STALIN (1879- 1953)
မူလနာမည် အီယိုဆစ် ဗစ္စရိယိုနိုဗစ် ဇုဂရှ်ဗတီ (Iosif Vissanionovich Dzhugashviti) ရှိတဲ့ စတာလင် (Stalin) ဟာ ဆိုဗီယက် ပြည်ထောင်စုမှာ အာဏာရှင်အဖြစ် နှစ်အများကြီး ကြာအောင် အုပ်စိုးသွားပါတယ်။
သူ့ကို ကော့ကေးရှပ်စ် (Caucaous) နိုင်ငံ၊ ဂျော်ဂျီယာနယ် ဂိုရီ (Gori) မြို့မှာ ၁၈၇၉ က မွေးဖွားခဲ့တယ်။
သူ့ဂျော်ဂျီယာနယ်က ဘာသာစကားဟာ ရုရှ ဘာသာစကားနဲ့ အများကြီး ကွဲပြားခြားနားလို့ နောက်မှ ရုရှလို သင်ယူရလို့ ဂျော်ဂျီယာ (Georgion) လေယူလေသိမ်း သိသိသာသာ ပါနေတယ်။
စတာလင် ငယ်ငယ်က ဆင်းရဲတယ်။ သူ့အဖေက ဖိနပ်ချုပ်တယ်။ အရက် အလွန်အကျွံ သောက်တယ်။ သားကို ရက်ရက် စက်စက် ရိုက်နှက်တယ်။ သူသေတော့ သူ့သား အီယိုဆစ်ပ်ဟာ အသက် တဆယ့်တနှစ်ပဲ ရှိသေးတယ်။ ငယ်ငယ်က ဂိုရီခရစ် ကျောင်းတော်မှာ စာသင်ခဲ့တယ်။
ခရစ်ကျမ်းစာကို တိဖ်လစ် (Tiflis) ကျမ်းစာသင်ကျောင်း (theological school) မှာ ဆယ်ကျော်သက် အရွယ်က တက်ခဲ့ ဖူးပါတယ်။ ၁၈၉၉ မှာ ဖောက်ပြန်တဲ့ အယူဝါဒတွေကို ဖြန့်သူဆိုပြီး ၁၈၉၉ က ကျောင်းထုတ်ခံရတယ်။
မာ့က်စ်ဝါဒ မြေအောက် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ ပါတီ နှစ်ခြမ်းကွဲတော့ သူက ဗော်ရှီဗစ် ဘက်တော်သား ဖြစ်လာတယ်။
အဲဒီကစပြီး ၁၉၁၇ ထိ သူဟာ ပါတီမှာ တက်တက်ကြွကြွ ဆောင်ရွက်လာတယ်။ ခြောက်ကြိမ်တိုင်တိုင် အဖမ်းအဆီး ခံရဖူးတယ်။
(ဒါပေမယ့် သူ့ကို ပြစ်ဒဏ်ပေါ့ပေါ့ပဲ ပေးခဲ့တယ်။ တကြိမ်မက လွတ်အောင် ပြေးပုန်းနိုင်တယ် လို့လည်း သိရတယ်။ အဲဒီတော့ နှစ်ဖက်လွှခေါ်တဲ့ တဖက်က ထည့်ထားတဲ့ သူလျှိုလို့လည်း စွပ်စွဲစရာ ဖြစ်နေပါတယ်။)
အဲဒီတုန်းကစပြီး စတာလင် (Stalin လူသံမဏိ) ဆိုတဲ့ နာမည်ကို ယူခဲ့တာဟာ သူနဲ့ မဆီမဆိုင်လို့ ပြောမဖြစ်ပါ။
စတာလင်ဟာ ၁၉၁၇ ကွန်မြူနစ် တော်လှန်ရေးမှာ ရှေ့တန်းခေါင်းဆောင် မဟုတ်ပါ။ ဒါပေမယ့် အဲဒီကစပြီး ရှေ့ ၂ နှစ် လုံးလုံး အင်မတန် တက်ကြွတယ်။
၁၉၂၂ မှာ ကွန်မြူနစ် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ပါတယ်။
ဒီရာထူးကြောင့် ပါတီ အုပ်ချုပ်ရေးမှာ သူသိပ်သြဇာ ကြီးလာပြီး လီနင် ကွယ်လွန်ပြီး သူ အာဏာ ရလာနိုင်အောင် အကြိတ်အနယ် ကြိုးစားရတဲ့ပွဲမှာ သူအနိုင်ရဖို့ အများဆုံး အထောက်အကူ ပေးတဲ့ ရာထူး ဖြစ်ပါတယ်။

လီနင် (Lenin) က လီယွန် ထရော့စကီး (Leon Trotsky) ကို သူ့ဆက်ခံသူ ဖြစ်စေချင်တာ ထင်ရှားပါတယ်။
သူ့နိုင်ငံရေး ထောက်ခံချက်မှာ စတာလင်ဟာ ရက်စက် ကြမ်းကြုတ်လွန်းလို့ အထွေထွေ အတွင်းရေးမှူးချုပ်က ဖြုတ်ပစ်ရမယ်လို့ ရေးခဲ့တယ်။
ဒါပေမယ့် ၁၉၂၄ နှစ်ဦးမှာ လီနင် သေဆုံးတော့ လီနင် ထောက်ခံချက် (Lenins Testament) ကို စတာလင် က မထေမဲ့မြင် ပြုနိုင်ခဲ့တယ်။
အဲဒါအပြင် ပါတီ ဦးစီးအဖွဲ့ (Politburo) မှာ အရာရောက်တဲ့ လက်ဖ် ကာမိနက်ဖ် (Lev Karmenev) နဲ့ ဂရိဂိုရီ ဇီနိုဗီယက် တို့နဲ့ ပေါင်းစည်းပြီး သုံးပွင့်ဆိုင် (Troika) အမည်ခံ သုံးဦး အာဏာရှင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဒီသုံးဦး အဖွဲ့က ထရော့စကီး နောက်လိုက်တွေကို နှိမ်နင်းနိုင်တယ်။ အတွင်း စက်ပုန်းခုတ်တဲ့ နေရာမှာ ထူးခြား ပြောင်မြောက်တယ် လို့ ဆိုရလောက်အောင် ဇီနိုဗီယက် နဲ့ ကာမိနက်ဖ် တို့ကိုလည်း နှိမ်နင်း လိုက်နိုင်ပါတယ်။
အခုလို ဘယ်ဘက်ဂိုဏ်း ဆန့်ကျင်သူတွေဖြစ်တဲ့ ထရော့စကီး၊ ကာမိနက်ဖ်၊ ဇီနိုဗီယက်နဲ့ ပရိသတ် ပြိုကွဲပြီးတော့မှ စတာလင်ဟာ သူ့အလိုကျ နိုင်ငံရေး လမ်းစဉ်ကို စတင် ချမှတ်ခဲ့ပါတယ်။
အဲဒါနောက် မကြာမီမှာလည်း စတာလင်ဟာ သူ့ရဲ့အခိုက်အတန့် ထောက်ခံ အားပေးသူတွေ ဖြစ်တဲ့ ကွန်မြူနစ် ပါတီရဲ့ လက်ယာဂိုဏ်း ခေါင်းဆောင်တွေကို ဖျက်ဆီး ချေမှုန်းနိုင်တယ်။
အဲဒီမှာလည်း သူပဲ အနိုင်ရပြန်တယ်။ ၁၉၃၀ ပြည့်က စတဲ့ ဆယ်စုနှစ်ဦးမှာ သူဟာ ဆိုဗီယက် ယူနီယံရဲ့ တယောက်တည်း ဖြစ်တဲ့ အာဏာရှင် ဖြစ်လာပါတယ်။
ရာထူးကြောင့် ၁၉၃၄ ကစပြီး တန်ခိုးအာဏာ ရှိလာတဲ့ စတာလင်ဟာ နိုင်ငံရေးအရ မရှိသင့်လို့ သူ့သဘောနဲ့သူ ဆုံးဖြတ်တဲ့ လူတွေကို ပိုက်စိပ်တိုက် ရှာဖွေပြီး သတ်ဖြတ် သုတ်သင်ပါတော့တယ်။
သာမည လိုက်နာကျင့်သုံးတဲ့ နည်းကတော့ ရုတ်တရက်ဝင်ပြီး သတ်ဖြတ် (Assassination) တာပဲ ဖြစ်ပါတယ်။
ဘယ်သူက စသလဲ ဆိုတော့ စတာလင်ရဲ့ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ်၊ ကွန်မြူနစ် အရာရှိကြီးလည်း ဖြစ်တဲ့ ဆာဂိုင် ကိရော့ဗ် (Sergi Kirov) ကို ၁ ဒီဇင်ဘာ ၁၉၃၄ က လုပ်ကြံခြင်း ဖြစ်ပါတယ်။
စတာလင်ကိုယ်တိုင်က ကိရော့ဗ်ကို ဆက်လက် မသုံးလိုတဲ့ အတွက် အသတ်ခိုင်းလိုက်တာ ဖြစ်စရာရှိတယ်။ ဒါပေမယ့် ဒါကိုပဲ အကြောင်းရင်း တခုလုပ်ပြီး ဆက်လက် လုပ်ကြံမှုတွေကို လုပ်ပါတယ်။
နောက်ဆက်ပြီး နှစ်အတော် ကြာအောင် ၁၉၁၇ တော်လှန်ရေး အချိန်က ထင်ရှားတဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တွေရယ်၊ လီနင် (Lenin) အုပ်ချုပ်ရေး ကာလက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရယ်၊ စတာလင် ကိုယ်တိုင်က (ပါတီအပေါ်) သစ္စာဖောက်တယ်၊ (တော်လှန်ရေး ဦးတည်ချက်ကို) သစ္စာဖောက်တယ် ဆိုပြီး ပြည်သူ့ အစည်းအဝေးပွဲကြီး လုပ်ပြီး အဲဒီ ပြည်သူ့ ခုံရုံးကြီးမှာ ကာယကံရှင် ကိုယ်တိုင်က အပြစ်ရှိပါတယ်လို့ ဝန်ခံခိုင်းပြီးမှ သတ်ပစ်တာ ဖြစ်ပါတယ်။
ဥပမာပြောရရင် သောမတ်စ် ဂျက်ဖာဆင် သမ္မတ ဖြစ်လာတဲ့အခါ လွတ်လပ်ရေး ကြေညာချက်နဲ့ အုပ်ချုပ်ပုံကို ပြောဆို သူတိုင်းကို ရှာဖွေပြီး သစ္စာဖောက်လို့ စွဲချက်တင်ပြီး ကိုယ်တိုင်မှားပါတယ် ဝန်ခံခိုင်းပြီး သတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။
စွဲချက်ကလည်း ကွန်မြူနစ်ကို ဆန့်ကျင်တယ်။ တော်လှန်ရေး တန်ပြန် လုပ်ငန်းတွေကို မပြောပါ။ ပါတီမှာ သူတို့ကို ဆက်ထားဖို့ မလို ဆိုပြီး ဒါမျိုး သတ်ဖြတ်တာကို လီနင်လည်း လုပ်ခဲ့ပါတယ်။
စတာလင် ကတော့ ကွန်မြူနစ်ကို သတ်တဲ့နေရာမှာ ဇာဘုရင် (Czar) ရဲ့ပုလိပ်ထက် သာတယ်။
ဥပမာ ၁၉၃၄ ပါတီ ကွန်ဂရက်က ရွေးကောက် တင်မြှောက်ခဲ့တဲ့ ဗဟိုကော်မတီ (Central Committee) မှာ ပါဝင်သူတွေရဲ့ သုံးပုံနှစ်ပုံကို နောက်ပိုင်းမှာ “အရှင်း” (Purge) ခံကြရပါတယ်။
အဲဒီ လုပ်ပုံလုပ်နည်းကို ကြည့်ပြီး စတာလင် ရဲ့ အခြေခံ သဘောထားက နိုင်ငံတွင်းမှာ အာဏာပိုင် အဖွဲ့ရယ်လို့ နှစ်မျိုးနှစ်ဖွဲ့ မရှိစေချင်တဲ့ သဘောဖြစ်တယ်။
စတာလင်က လျှို့ဝှက်ပုလိပ် (Secret Police) ကို ပိုင်ပိုင်နိုင်နိုင် အသုံးချတယ်။ ဖမ်းမိန့်မပါဘဲ ဖမ်း၊ စစ်ဆေးပြီး စီရင်ချက် မလုပ်ဘဲ ချက်ချင်းသတ်၊ ထောင်ထဲမှာ အကြာကြီးထား၊ အလုပ်ကြမ်း စခန်းကိုပို့၊ သူ့ကို ဆန့်ကျင်မယ့်လူ မှန်သမျှ အားလုံးကို ဒီလုပ်နည်းနဲ့ ရှင်းတာ ဖြစ်တယ်။
နည်းနည်းလေးမှ အဝေဖန်မခံ၊ အားလုံး ပြားပြားဝပ်ပြီး ကြောက်လန့် တုန်လှုပ်တဲ့ အထိ နှိပ်ကွပ်ပစ်ပါတယ်။
၁၉၃၀ ဆယ်စုနှစ် ကုန်တဲ့အခါ ခေတ်သစ် အခါမှာပေါ်တဲ့ သက်ဦးဆံပိုင် အာဏာရှင်စနစ် ထွန်းကားလာတယ်။ အစိုးရက အလွှာ အသီးသီးကို ထိုးဖောက်ဝင်ရောက်ပြီး အများဆန္ဒ ဆိုတာ ဆိတ်သုဉ်း ပျောက်ကွယ်သွားပါတယ်။
စတာလင် (Stalin) ရဲ့ စီးပွားရေးပေါ်လစီ ဆိုတာက စုပေါင်း စိုက်ပျိုးရေးမှာ အုပ်ချုပ်ရေးက သတ်မှတ်တဲ့ သီးနှံကို စုပေါင်းပြီး စိုက်ပျိုး ထုတ်လုပ်ပေးရတာပဲ ဖြစ်တယ်။
တောင်သူက အင်မတန် မကြိုက်တဲ့ အမိန့်ကို နာခံရတာမို့ လိုက်မလုပ်တဲ့လူတွေ ရှိလေတော့ ၁၉၃၀ ဆယ်စုနှစ်ထဲက စတာလင် အမိန့်နဲ့ တောင်သူ သန်းပေါင်းများစွာ အသတ်ခံရ၊ အငတ်ထားလို့ သေရနဲ့ အများကြီး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ နောက်ဆုံးတော့ သူလိုချင်တဲ့ပုံစံ အောင်မြင်သွားပါတယ်။
စတာလင်ရဲ့ နောက်ဝါဒတခုက ဆိုဗီယက် ယူနီယံကို အလျင်အမြန် စက်မှု ထွန်းကားအောင် ဆောင်ရွက် ပေးကြရပါတယ်။
ငါးနှစ် စီမံကိန်းတွေ တခုပြီးတခု ဆက်တိုက် အများကြီး ပေါ်ထွက်လာတယ်။ သူ့လုပ်ပုံကို ဆိုဗီယက် မဟုတ်တဲ့ နိုင်ငံတွေ ကလည်း လိုက်လုပ်ကြပါတယ်။ သူ့နည်းမှာ ညံ့ကွက်တွေ ဟာကွက်တွေ များပေမယ့် ရေတို အောင်မြင်တယ်လို့ ပြောရမယ်။

ဒုတိယ ကမာ္ဘစစ် အတွင်းက ဝတ္ထုပစ္စည်း အမြောက်အမြား ဆုံးရှုံးခဲ့ရပေမယ့် စစ်ပြီးတော့ စက်မှုမှာ အအောင်မြင်ဆုံး ဒုတိယ လိုက်တဲ့ တန်ခိုးကြီးနိုင်ငံ ဖြစ်လာပါတယ်။
(ရေရှည်မှာတော့ သူတွန်းတင်တဲ့ စိုက်ပျိုးရေး စက်မှုရေးတွေဟာ ဆိုဗီယက် စီးပွားရေးကို အများကြီး ထိခိုက် နစ်နာ စေပါတယ်။)
ဟစ်တလာနဲ့ စတာလင်တို့ သြဂုတ် ၁၉၃၉ မှာ သဘောတူ လက်မှတ်ထိုးတဲ့ တဦးကိုတဦး မတိုက်ခိုက်ရေး မဟာမိတ် စာချုပ်ကို လက်မှတ် ထိုးကြတယ်။
လက်မှတ်ထိုးပြီး သီတင်း နှစ်ပတ် အတွင်းမှာပဲ ဟစ်တလာက ပိုလန်ကို အနောက်က ဝင်တိုက်သလို၊ မရှေးမနှောင်းမှာဘဲ ပိုလန်ကို စတာလင်က အရှေ့ဘက်က ဝင်တိုက်တယ်။
အဲဒီနှစ်မှာပဲ ဆိုဗီယက် ယူနီယံက လွတ်လပ်တဲ့ လတ်ဗီးယား (Latvia)၊ လစ်သူရေးနီးယား (Lithuania) နဲ့ အက်စ်တိုးနီးယား (Estonia) တွေကို တပ်နဲ့ ကျူးကျော် ဝင်ရောက်တယ်။
သုံးနိုင်ငံစလုံး ကလည်း နည်းနည်းမှမခုခံဘဲ လက်နက် ချလိုက်ကြလို့ ယူအက်စ်အက်စ်အာ ထဲမှာ အပါအဝင် နိုင်ငံတွေ ဖြစ်သွားပါတယ်။
ရူမေးနီးယား (Rumania) ကိုလည်း အင်အားသုံးပြီး တိုက်မယ် ခြိမ်းခြောက်တယ်။ သိမ်းယူလိုက်တယ်။ ဖင်လန် (Finland) က အညံ့မခံဘဲနေလို့ တိုက်ယူလိုက်တယ်။
ဒီလိုသိမ်းရတာ နာဇီဂျာမနီ ရဲ့ရန်ကို ကာကွယ်ဖို့ ဒီနယ်တွေကို အုပ်စီးထားရပါတယ်လို့ အကြောင်းပြတယ်။ ဒါပေမယ့် စစ်ကြီး ပြီးသွားတယ်။ ဂျာမနီလည်း လုံးဝ ခေါင်းမထောင်နိုင်အောင် ရှုံးသွားတယ်။
စတာလင်က စောစောက သူသိမ်းခဲ့တဲ့ နိုင်ငံတွေကို ပြန်ပြီး လွတ်လပ်ရေး မပေးဘဲ ဆက်သိမ်းထားတယ်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်မှ ဆိုဗီယက် တပ်တွေက အရှေ့ဥရောပကို ထားပြီး အဲဒီဒေသတွေမှာ စတာလင်က အခွင့်ကောင်း ယူပြီး ကွန်မြူနစ် အစိုးရတွေ ထူထောင်ပေးထားတယ်။ ဆက်လက်ပြီး ဆိုဗီယက် ယူနီယံရဲ့ လက်အောက်ခံတွေ ဖြစ်နေခဲ့ ပါတယ်။
ယူဂိုစလားဗီးယားမှာ မာ့က်စ်ဝါဒီ အစိုးရ ပေါ်လာတယ်။ ဒါပေမယ့် အဲဒီနိုင်ငံမှာ ရုရှတပ်တွေ မရှိပါ။ ဒါကြောင့် ယူဂိုစလားဗီးယားဟာ ရုရှ ရဲ့ နောက်တွဲ အဖြစ် မရောက်ပါ။
စစ်ပြီးတာနဲ့ တခြား အရှေ့ဥရောပရှိ ကွန်မြူနစ် နိုင်ငံတွေ ယူဂိုစလားဗီးယား အတုမလိုက်နိုင်အောင် စတာလင်က ဖြုတ်ထုတ်သတ် လုပ်စေတယ်။
အဲဒါတွေနဲ့ တချိန်တည်း စစ်ပြီးကာလ စစ်အေး ပေါ်လာပါတယ်။
တချို့က ဒီစစ်အေးဟာ အနောက်နိုင်ငံက ခေါင်းဆောင်တွေ ဖန်တီးတာလို့ စွပ်စွဲပေမယ့် စတာလင်ရဲ့ နယ်ချဲ့ဝါဒဟာ စစ်အေး (Cold War) ပေါ်ပေါက်စေတဲ့ အကြောင်းရင်းတခုလို့ အတိအလင်း ပြောလို့ရပါတယ်။
သူ့ဆန္ဒက ကွန်မြူနစ် စနစ်ကို၊ ဆိုဗီယက် သြဇာကို တကမ္ဘာလုံး ဖြန့်ချင်တယ်။ ။
ဆက်လက်ဖော်ပြပါမည်။
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)














