စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် စစ်ကောင်စီ ပြန်ဖွဲ့သည့်အချိန်တွင် ဘေဂျင်းသို့ ရောက်နေခဲ့ပြီး ယခုလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်သည့် ကိုးယောက်မြောက် စစ်ကောင်စီဝန်ကြီး ဖြစ်လာသည်။
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး မြထွန်းဦးသည် တရုတ် သယ်ယူပို့ဆောင်ရေးဝန်ကြီး လီရှောင်ဖုံ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့ရေရှည်တံ့သော သယ်ယူပို့ဆောင်ရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၂၃ ရက်နေ့က ရောက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ ထိုအခမ်းအနားသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ရန် စစ်ကောင်စီဝန်ကြီးများသည် ဘေဂျင်းကို မျက်နှာချိုသွေးနေသည်ဟု လေ့လာသူများက ပြောသည်။
လွန်ခဲ့သောနှစ်တွင် မင်းအောင်လှိုင်သည် စစ်ကောင်စီ၏ အဓိကမဟာမိတ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့သည်။
သို့သော် သမ္မတ ရှီကျင့်ဖျင်သည် မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် သူ့ကို ဖိတ်ခေါ်ခြင်း မရှိပေ။ မင်းအောင်လှိုင်က ဘေဂျင်းသို့ တရားဝင် သွားရောက် လည်ပတ်ရန် နေပြည်တော်၏ တောင်းဆိုမှုကို ပယ်ချထားသည်။
တရုတ်နိုင်ငံသည် အပယ်ခံစစ်ကောင်စီနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်နေသော်လည်း ထို အခမ်းအနားသို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်မည့် အလားအလာ မရှိပေ။
စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း မြထွန်းဦးသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းညှိနှိုင်းရေးမှူးနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ယူဖူးသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် သူ့ကို ကာကွယ်ရေးဝန်ကြီး ခန့်သည်။ သို့သော် သူသည် မျက်နှာသာပေးခြင်း မခံရတော့ဟု ယူဆရပြီး သြဂုတ်လတွင် စစ်ကောင်စီက ဝန်ကြီးအဖွဲ့အပြောင်းအလဲ လုပ်သောအခါ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခံရသည်။
ဘေဂျင်းသို့ မသွားရောက်မီ ရက်အနည်းငယ် အလိုတွင် မြထွန်းဦးသည် မင်းအောင်လှိုင်၏ ညာလက်ရုံး ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းထံမှ စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးကော်မတီ သုံးခု၏ အကြီးအကဲ ရာထူးများကို ရယူလိုက်သည်။ မိုးမြင့်ထွန်းသည် နေအိမ်တွင် အကျယ်ချုပ် အဖမ်းခံထားရပြီး အဂတိလိုက်စားမှုများအတွက် စုံစမ်းစစ်ဆေးခံနေရသည်။ (စက်တင်ဘာလ ၂၅ ရက် ထုတ်ပြန်သော စစ်ကောင်စီ ပြင်ဆင်ဖွဲ့မှုတွင် မိုးမြင့်ထွန်း မပါဝင်တော့ပေ။)
ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြန်လည် သြဇာတက်လာခြင်းသည် သူ၏ဘေဂျင်းခရီးနှင့်လည်း တိုက်ဆိုင်နေသည်။ မြထွန်းဦးသည် တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှုရှိသူ၊ ယခင်စစ်အာဏာရှင် သန်းရွှေနှင့် နီးကပ်သော ဆက်ဆံရေး ရှိသူဖြစ်သည်။
ကမ္ဘာ့ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဖိုရမ်သည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြီးဆုံးသည်။ ထိုဖိုရမ်တွင် မြထွန်းဦး မည်သည်တို့ ဆွေးနွေးသည်ကို စစ်ကောင်စီမီဒီယာက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မြထွန်းဦး မတိုင်မီက စစ်ကောင်စီ ဝန်ကြီး ရှစ်ဦးဖြစ်သည့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ကူသန်းရောင်းဝယ်ရေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အားကစားဝန်ကြီးများနှင့် ဒုတိယဝန်ကြီး နှစ်ဦး၊ မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌ၊ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးတို့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၎င်းတို့သည် သဘောတူစာချုပ်များ ချုပ်ဆိုပြီး အဆင့်မြင့် နျူကလီးယား နည်းပညာများ မျှဝေရန် တရုတ်ကို တောင်းဆိုကြသည်။
You may also like these stories:
တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ
လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ
စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ














