မကြာသေးမီက တက္ကသိုလ် ကျောင်းနေဖက် တယောက်နှင့် ပြန်လည် ဆုံစည်းမိကြပါသည်။
တနယ်တည်းသားများ ဖြစ်ကြသည်သာ မက၊ တဆောင်တည်း နေကြရသည်သာ မက၊ ဘာသာတွဲများလည်း တူနေသည်ကာ မက၊ စာဖတ်ဝါသနာလည်း တူနေကြသောကြောင့် အလွန့် အလွန် ရင်းနှီး ခင်မင်ခဲ့ကြပါသည်။
ညီရင်း အစ်ကိုတို့ ထက်ပင် ပိုလို့ ရင်းနှီးခဲ့ကြပါသည်။ ညီရင်း အစ်ကို ဆိုသည်မှာ တဦးနှင့် တဦး သားချင်း ဖြစ်သောကြောင့် ချစ်ခင်ကြရသည်။
အချင်းချင်း ရိုင်းပင်း စောင့်ရှောက်ကြရသည့် ဝတ္တရားလည်း ရှိကြရသည်။ သို့သော် တောင်တောင်အီအီ အတွင်းရေးလေး များကို ရင်ဖွင့် တိုင်ပင်လောက်အောင် ရင်းနှီးမှုမျိုး ရှိခဲလှသည်။
ယခု ဤသူငယ်ချင်း ကတော့ ထိုသို့သော အတွင်းရေး သေးသေးမွှားမွှားလေးများ ကိုပင် ဖွင့်ဟ တိုင်ပင်ခဲ့ရလေ့ ရှိသောကြောင့် ညီရင်း အစ်ကိုထက်ပင် ပိုလို့ ရင်းနှီးခဲ့သည်ဟု ဆိုလိုက်ရခြင်း ဖြစ်ပါသည်။
ကျနော်တို့ နှစ်ယောက်လုံး စာဖတ် ဝါသနာ ပါကြသည်။
ကျနော်တို့ နှစ်ယောက် ပြန်လည် ဆုံမိကြ၍ ရှေးဟောင်း နှောင်းဖြစ်တွေကို ပြန်ပြောလိုက်တိုင်း သူတွေးတွေး ဆဆ ပြောသည့် စကား တခွန်းမှာ-
“ဆရာကြီး ရွှေဥဒေါင်းရဲ့ ကျေးဇူး ကျနော်တို့ အပေါ် သိပ်ကြီးတယ်ဗျာ” ဟူသော စကား ဖြစ်ပါသည်။
ထိုစဉ်အခါက ဆရာကြီး၏ “တသက်တာ မှတ်တမ်း နှင့် အတွေးအခေါ်များ” စာအုပ်တွဲတွေ စတင် ထွက်လာချိန် ဖြစ်သောကြောင့် ကျနော်တို့ နှစ်ယောက် တရှိုက်မက်မက် တတွဲပြီး တတွဲ စောင့်ပြီး ဖတ်နေချိန် ဖြစ်ပါသည်။
တတွဲ ဖတ်ပြီးလိုက်တိုင်း ကျနော်တို့ နှစ်ယောက် အရသာခံပြီး အပြန်ပြန် အလှန်လှန် ဆွေးနွေး သုံးသပ်ခဲ့ကြမိသည်ကို ယခု ဤစာ ရေးနေရင်းပင် လွမ်းမိနေပါသေးသည်။
ဆရာကြီး၏ အတွေးအခေါ်များနှင့် ဘဝ ခံယူချက်များသည် (ဆရာကြီး၏ စကားနှင့် ဆိုရပါလျှင်)–
ကျနော်တို့ အပေါ် သွေးကူးသလို ကူးလာခဲ့သည် ဟု ဆိုချင်ပါသည်။
အထူးသဖြင့် ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ကိစ္စများတွင် “ကိုယ်မရသင့် မရထိုက်သော အရာကို ဘယ်တော့မှ မယူ” ဟူသော သံန္နိဌာန်ကို ကျနော်တို့ နှစ်ယောက်လုံး ချမှတ်လျက်သား ဖြစ်သွားခဲ့ကြပါသည်။
ကတိကဝတ် ပြုပြီး ဆုံးဖြတ်ချက် ချထားခဲ့သည် မဟုတ်ပါ။ အလိုလို နှစ်ယောက်သား နှလုံး ပိုက်မိသွားခြင်း ဟုသာ ဆိုရပါတော့မည်။
ကျနော်က တက္ကသိုလ်တွင် ဆရာ တယောက် ဖြစ်သည်။ ထို့နောက် စာရေးဆရာ တယောက်လည်း ဖြစ်လာသည်။ သူလည်း အစိုးရ ဝန်ထမ်း ဘဝ ဟိုဌာန၊ သည်ဌာန ပြောင်းလိုက်ရသေးသည်။
နောက်ဆုံးတွင်တော့ဖြင့် ဝန်ကြီးဌာန တခုတွင် အတော်ကြီးကို မြင့်မားသော၊ လုပ်ပိုင်ခွင့် ကျယ်ကျယ်ဝန်းဝန်း ရရှိသော အရာရှိကြီး တယောက် ဖြစ်လာခဲ့ပါသည်။
သူ့ ဌာနန္တရ မှာ ဝိသမ အခွင့်အရေးကို ယူမည်ဆိုပါလျှင် ဆူဆူဖြိုးဖြိုးကြီး ရရှိနိုင်သော နေရာမျိုး ဖြစ်ပါသည်။ ပတ်ဝန်းကျင်သည် သူ၏ စာရိတ္တ မဏ္ဍိုင်ကို ယိမ်းယိုင်စေခြင်းငှာ မတတ်နိုင်ခဲ့။
ကျနော့် သူငယ်ချင်း၏ သန့်ရှင်း ဖြူစင်မှုသည် ကျောင်းသားဘဝက အတိုင်း ပကတိ သန့်စင်လျက်ပင် ရှိနေသေးသည်။ ကျနော်၏ “ငယ်ဖြူ” သူငယ်ချင်းသည် ယခု “ငယ်ဖြူ” အဖြစ်နှင့်ပင် အငြိမ်းစား ယူသွားခဲ့ပါလေပြီ။
စိတ်ဝင်စားစရာ ကောင်းသော ဖြစ်ရပ်ကလေး တခုကို တင်ပြလိုက်ချင်ပါသေးသည်။
တခါသော် ဝန်ကြီးဌာန တခုက အမှုထမ်း အရာထမ်းတစု ရာထူး ချပြီး အရေးယူ ခံနေရသည်။ အချိန်ကာလလည်း အတော်လေး ကြာမြင့်သွားခဲ့သည်။
ဤသို့နှင့် သူ့နယ်ပယ်သို့ ရောက်လာလိုက်သော အခါ မှားယွင်းမှု သို့မဟုတ် မတရား ခံရမှု ဖြစ်နေသည်။ ထို့ကြောင့် သူက ကိုယ့်ကိစ္စသဖွယ် ကြိုးကြိုးပမ်းပမ်း လုပ်ဆောင် ပေးလိုက်သည်။
သိပ်မကြာလိုက်ခင်မှာပင် မူလ ရာထူးကို ပြန်လည် ရရှိပြီး လစာ အားလုံးကိုလည်း ပြန်လည် ရရှိလိုက်ကြသည်။ ထိုခများများမှာ အဘယ်မျှ ကျေးဇူး တင်လိုက်ကြမည်ကို စာဖတ်သူ မှန်းဆကြည့်နိုင်ပါသည်။
တနေ့တွင်တော့ ထိုအုပ်စုထဲမှ သုံးလေးယောက်က ကားတစင်းနှင့် ပေါက်ချလာသည်။ လက်ချည်း သက်သက် မဟုတ်၊ ကားပေါ်တွင် ဆန်အိတ် သုံးလေးလုံး ပါလာသည်။ ပါလာရုံသာ မဟုတ် သူ့တိုက်ခန်းပေါ်သို့ ထမ်းတင်လာကြသည်။
သူက ပျာပျာသလဲ တားသည်။ သူတို့ကလည်း သန့်စင်သော စေတနာ ဖြစ်ကြောင်း၊ သန့်စင်သော ပစ္စည်း ဖြစ်ကြောင်း၊ ကျေးဇူး ဆပ်ခြင်း သက်သက် ဖြစ်ကြောင်း အမျိုးမျိုး လျှောက်လဲကြသည်။
သူကလည်း ကျေးဇူး တင်စရာ မဟုတ်ကြောင်း၊ သူ့တာဝန် သူ့ဝတ္တရားကို ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် လက်မခံနိုင်ပါကြောင်း ပြော၍ ဝမ်းနည်းစွာ ငြင်းပယ်လိုက်သည်။
ရာထူး ချခံထားရသော သူများ အားလုံး သဘောတူ စုဆောင်း ပေးအပ် ကျေးဇူးဆပ်သည်ကို လက်မခံ ငြင်းပယ် နေလေတော့ ဟိုခမျာများမှာလည်း ထားခဲ့လို့ကလည်း မရ၊ ပြန်ယူရ အခက် ဆိုသလို အခက် ကြုံနေရရှာသည်။
သည်တော့ သူက ဖြေရှင်း ပေးလိုက်သည်။
မလှမ်းမကမ်းတွင် ရှိသော ပရဟိတ ကျောင်းကလေးသို့ ထို ဆန်အိတ်များကို သွားပို့ပေးလိုက်ပါ။ သူကိုယ်တိုင် ပြုသော ကောင်းမှု အဖြစ် ဝမ်းမြောက် ဝမ်းသာ ခံယူပါမည်။ အနုမောဒနာ ပြုပါမည်ဟု ပြောဆို တိုက်တွန်းလိုက်သည်။
ဤသို့အားဖြင့် ပြဿနာလေးမှာ လှလှပပ ချောချောမောမော ပြေလည်သွားသည်။
“အဘရေ ကျနော်က လက်ခံလိုက်မယ် ဆိုရင်လည်း ဘယ်သူကမှ ကျနော့်ကို အပြစ်ကြီး တင်ကြမယ် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျနော်က လာဘ်စားပြီး မဟုတ်တာ လုပ်တာမှ မဟုတ်ဘဲ၊ ကိစ္စအရပ်ရပ် ပြီးသွားမှ သူတို့ စေတနာ အလျောက် လာပေးတာ မဟုတ်လား။ သို့သော်လည်း တစ် အချက်က ဒီအမှု နဲ့ ဒီပစ္စည်းတွေဟာ ခွဲလို့ မရနိုင်ဘူး။ ကျိုးကြောင်းက ဆက်စပ်နေတယ်၊ ဒါကြောင့် ကျနော် လိပ်ပြာ မသန့်ဘူး။ နှစ် အချက်က ကျနော့် မိသားစု၊ အထူးသဖြင့် သားသမီးတွေလည်း ဒီလို အဖြစ်မျိုးကို မြင်ပြီး ဒီလို အကျင့်မျိုး ပါမသွားစေချင်ဘူး။ အဲဒါကြောင့် ကျနော် သူတို့ လက်ဆောင်ကို အားနာနာနဲ့ ဇွတ် ငြင်းလိုက်ရတာပါပဲ အဘရေ”
ကျနော်က သူ့ကို လက်ဆွဲ လှုပ်ရမ်းပြီး “ကွန်ဂရက်ကျူလေးရှင်း” ဟု အင်္ဂလိပ် လိုပဲ ပြောလိုက်မိပါသည်။
ပြီးမှ-
“ခင်ဗျားကို ကျုပ် ကြည်ိုတယ်ဗျာ” ဟု မြန်မာလို ထပ်ပြောလိုက်ပါသည်။
“အဘ” ခေါ်သည်ကို ရှင်းပြလိုက်ရပါဦးမည်။
ကျနော်က နိုင်ငံရေး လောကထဲတွင် ပတ်ချာလည်နေခဲ့သောကြောင့် တက္ကသိုလ် ရောက်တော့ သူတို့တတွေထက် အသက် ၄၊ ၅၊ ၆ နှစ်ခန့် ကြီးနေသည်။
သူတို့ထက် စာဖတ်တာရော ဘဝ အတွေ့အကြံပါ များနေလေသောကြောင့် ကျနော့်ကို လေးစား ခင်မင်ကြသည်။
ကျနော်က ပျော်ပျော်ပါးပါး နေတတ်သည် ဖြစ်သောကြောင့် နောက်နောက်ပြောင်ပြောင် ပြောကြရန်လည်း ဝန်မလေးကြ။ ထို့ကြောင့် နောက်နောက်ပြောင်ပြောင် “အဘ” ဟုလည်း စကြသည်။
တခါတရံ ချစ်စနိုး တန်ဖိုးထားသည်ဟု ဆိုပြီး “ရွှေဘ” ဟုလည်း ခေါ်တတ်ကြသေးသည်။ ထိုစဉ်က ရုပ်ရှင် မင်းသား “ရွှေဘ” ကလည်း ခေတ်စားနေချိန် ဖြစ်သည်။
နောက်ရင်း ပြောင်ရင်းကပင် သူတို့အားလုံး နှုတ်ကျိုးသွားလိုက်သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
စင်စစ် သူတို့တတွေ စပြီး “အဘ” ခေါ်ကြစဉ်က ကျနော့် အသက် ၃၀ ပင် မပြည့်တတ်သေးပါ။ နောက်တော့ သူတို့ ဇနီးမယား သမီးသားတွေ အဆုံး တဆွေလုံး တမျိုးလုံးကပင် အဘ ဟု ခေါ်လာကြတော့သည်။
သူနှင့် မကြာသေးမီက တကြိမ် တွေ့လိုက်တော့ ဇာတ်လမ်း တပုဒ်ကို ဝမ်းမြောက် ဝမ်းသာ ပြောပြပြန်သည်။ သည်တကြိမ်မှာတော့ သူ့ဇာတ်လမ်း မဟုတ်။ သူ့သမီး ဇာတ်လမ်း ဖြစ်နေလေသည်။
သူပြောပြခဲ့သည်ကို ကျနော့် စကားနှင့်ပင် ရေးလိုက်ပါသည်။
သူ့သမီးက စီးပွားရေးဘွဲ့ ရသည့်အပြင် သက်ဆိုင်ရာ သက်ဆိုင်ရာ သင်တန်းဆင်း လက်မှတ်တွေ၊ ဒီပလိုမာ ဆိုတာတွေကိုလည်း ရပြန်လေသောကြောင့် နိုင်ငံခြား ကုမ္ပဏီကြီး တခုမှာ စီမံခန့်ခွဲရေး လုပ်ရသည်။
တစတစ နှင့် ဒေါ်လာတွေကို ထောင်သောင်း ချီပြီး ကိုင်ရတဲ့ အလုပ်များကိုပါ လွှဲအပ်လာသည်။ ကလေးမ၏ စာရိတ္တကို စမ်းသပ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သို့သော် နောက်ဆုံးတွင် သူတို့ အံ့အားသင့်စရာ ကိစ္စတခု ပေါ်လာသည်။
အခြား ကုမ္ပဏီများမှ ပစ္စည်းများ ဝယ်ယူရာတွင် အရောင်းအဝယ် ဖြစ်မြောက်သည့် အတွက် ထိုကုမ္ပဏီများက ထုံးစံအတိုင်း ပေးကြသည့် ကော်မရှင်ငွေကို တပြားတချပ်မှ မယူဘဲ ဈေးနှုန်းကိုသာ လျှော့စေခြင်း ဖြစ်သည်။
ဤသည်ကို လူကြီးများက သူတို့ဘာသာ သူတို့ သိသွားကြလေတော့ သူ့ကို အစစအရာရာ လွှဲအပ်လာလေတော့သည်။ ယခုဆိုလျှင် နိုင်ငံခြားသို့ အခေါက်ခေါက် သွားရောက် လုပ်ကိုင်နေရသည့် အခြေသို့ ရောက်လာတော့သည်။
သည်အကြောင်းတွေကို သိလိုက်ရတော့ ကျနော်က-
“ခင်ဗျား စိုက်ခဲ့တဲ့ အပင်က သီးပွင့် လာပါပြီ။ ဒါကြောင့် ခင်ဗျား သမီးဟာ အလွယ်ဆုံး နဲ့ အခက်ဆုံး စာမေးပွဲကို အောင်သွားပြီ” ဟု ပြောလိုက်ပါသည်။
သူက ရုတ်တရက် နားမလည်သလို ကြည့်လိုက်သောကြောင့် ကျနော်က-
“ဒီမယ် ကိုယ့်လူ ရိုးသားမှု ဆိုတာဟာ ရိုးသားချင်သပ ဆိုရင် ကြိုက်သလောက် ရိုးသားလို့ရတယ်။ တခြား ဘာအရည်အချင်းမှ မလိုဘူး။ ဆယ်တန်း အောင်ဖို့ မလိုဘူး၊ ကွန်ပျူတာ သင်တန်း အောင်ဖို့ မလိုဘူး။ ရုပ်ချောဖို့၊ ဗလ ကောင်းဖို့ မလိုဘူး။ ဒီထက် လွယ်တာ ဘာရှိသေးလဲ။ ဒါကြောင့် အလွယ်ဆုံးလို့ ပြောလိုက်ရတာ။ ရိုးသားဖို့ ဘယ်လောက် ခက်တယ် ဆိုတာကိုတော့ ကျုပ်အထူး ပြောနေစရာ မလိုတော့ဘူး။ စာမေးပွဲ ရှုံးသွားတဲ့ လူတွေကို ခင်ဗျား တွေ့နေရတယ် မဟုတ်လား” ဟု ပြောခဲ့ပါသည်။
ကျနော်၏ စကားကို စာဖတ်သူလည်း သဘော တူနိုင်လိမ့်မည်ဟု ထင်ပါသည်။ ။
နဝဒေး ရသစုံ မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၀၁ ခုနှစ်။
(စာရေး ဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို Future Publishing House စာပေတိုက်က ၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော “ကမ္ဘာ့ပြဿနာ ရှင်းတဲ့နေ့ နှင့် ရသစာတမ်းငယ်များ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)














