(သရော်စာ)
အခြေအနေ မကောင်းပါ။
ထိုသို့ ဆိုလိုက်ခြင်းသည် အခြေအနေ ကောင်းနိုင်သည်ဟုလည်း ယူဆ၍ ရနိုင်ပါသည်။
စစ်တပ်က ရွေးကောက်ပွဲ လုပ်မည်။
အတိုက်အခံ မရှိပါ။
ထောင်ထဲမှာ အတိုက်အခံကို ထည့်ထားပြီး လုပ်မည့် ရွေးကောက်ပွဲပဲ ဖြစ်သည်။
ဒါပေမယ့် TV စီးရီးလို အပိုင်းလိုက် အတစ်လိုက် ရွေးကောက်ပွဲ… အခုနှစ် နှစ်ကုန်ပိုင်း၊ နောက်နှစ် နှစ်ဆန်းပိုင်း၊ နှစ်ဟောင်း နဲ့ နှစ်သစ်ကို ခွထားတဲ့ ရွေးကောက်ပွဲ…
ထိုရွေးကောက်ပွဲကို အားပေးသူ၊ စပွန်ဆာ ပေးသူက တရုတ်၊ ရုရှား နှင့် ဘယ်လာရုစ် တို့ ဖြစ်ပြီး မာမူကြီးလည်း ပါပါသည်။
နိုင်ငံတကာက ရွေးကောက်ပွဲကို ထောက်ခံစရာ မလို၊ ပြည်သူ ထောက်ခံရင် ရပြီဟု ပြောသည်ကို ကြားရတော့ မပြုံးဘဲ ဝါးလုံးကွဲ ရယ်မိပါသည်။
ဘယ်သူက ထောက်ခံလို့လဲ…
တုတ်ပြ၊ သေနတ်ပြ၊ လက်ထိပ်ပြ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းမှာကိုတော့ ပြည်သူတွေက ကြောက်ရွံ့ နေကြသည်။
ပြည်သူတွေက ရွံရှာ မုန်းတီးနေကြပါသည်။
လွတ်လပ်စွာ ဖော်ထုတ်ခွင့်သာ ပေးလိုက်ပါ။ မြန်မာပြည်သားတွေ မဲထွက်ပေးပါလိမ့်မည်။
အကြမ်းဖက် စစ်တပ် ဆန့်ကျင်တဲ့ မဲတွေပဲ ထွက်လာပါလိမ့်မည်။
No Vote လား… Vote No လား…
နှစ်ခုစလုံး ဖြစ်ဖို့များပါသည်။
စိုးရိမ်တယ်…အလွန် စိုးရိမ်တယ်…နဲ့ အမြဲ စိုးရိမ်လွန်းသူ ဦးစိန်ရိုးကြီး ကုလသမဂ္ဂ တောင် ရွေးကောက်ပွဲ အသံကြားတော့ အံ့သြလွန်းလို့ Amazing Myanmar ဖြစ်သွားသတဲ့…။
နိုင်ငံ ဖရိုဖရဲ နဲ့ ဗုံးကြဲ သတ်ဖြတ်နေတဲ့ သူတွေက ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ လွတ်လပ် မျှတမယ်လို့ ယုံနိုင်စရာကို မရှိ ဆိုပဲ…
လူ့အခွင့်အရေး မဟာမင်းကြီး ဆိုသူကြီးက…
ဒါပေမယ့် အခြေအနေ ကောင်းပါသည်။
ကြံ့ဖွံ့တွေ မတည့်ကြပါ။ လူဟောင်း နဲ့ လူသစ် အာဏာ အားပြိုင်ပွဲတွေ လာပါတော့မည်။
သမ္မတ ဖြစ်မှာလား…ဒုသမ္မတ ဖြစ်မှာလား…အမျိုးသား လွှတ်တော်လား…ဝန်ကြီးချုပ်လား…အဘကြီးနဲ့ အဘကလေး ၅ နှစ်ကို ၂ နှစ်ခွဲစီ အုပ်ချုပ်ကြမလား…လားတွေ…လားတွေ နဲ့ အစိမ်းရောင်တွေကြား မေးခွန်း ထုတ်နေကြသည်။
တပ်ထဲမှာ ဘယ်သူ ကျန်ခဲ့မှာလဲ…တပ်ချုပ်က ဘယ်သူ လုပ်မှာလဲ…
အဘကြီးက သမ္မတ လုပ်မှာလား…
ဒါမှမဟုတ် စစ်ကော်မရှင် ဒါမှမဟုတ် အတိုင်ပင်ခံ အဖွဲ့ ဖွဲ့ပြီး ဆက်အုပ်ချုပ်မှာလား…
အဘ ဘာဖြစ်ချင်တာလဲ…
ပြည်သူ ပြည်သားတွေ မေးနေတဲ့ မေးခွန်းတော့ မဟုတ်ပါ။ သူတို့က စိတ်ပျက် စိတ်ကုန်သွားပါပြီ။
ဖြစ်ချင်ရာ ဖြစ်တော့ မင်းတို့ မျက်နှာတော့ မမြင်ချင်တော့…
စိတ်ကို ဒုန်းဒုန်း ချရင်း… နိစ္စဓူဝ ဖြတ်သန်းနေရတဲ့ ဒုက္ခတွေကိုပဲ ကျိန်ဆဲရင်း… အဘတွေကိုပါ ထည့်ပြီး ကျိန်ဆဲနေကြရသည်။
နင်တို့ သေရင် နတ်ပြည် ရောက်မှာ မဟုတ်ဘူး… ငရဲကို ဇောက်ထိုး ဆင်းမယ့်ကောင်တွေ…
အဘကတော့ မလှုပ်။
မာကြာခင်က အသစ်ရောက်လာသော ရုရှားက ပို့လိုက်သည့် ရဟတ်ယာဉ်တွေကို သွားစစ်ဆေးသည်။
ဗုံးတွေ များများ ကြဲဖို့၊ ဂုဏ်ထူးဆောင် ဆုတွေ၊ တံဆိပ်တွေ ပေးဖို့ စီစဉ်ညွှန်ကြားကာ ပေါပေါလောလော ပေးသည်။
သူကိုယ်တိုင်ကလည်း သတိုးမဟာ ကြက်သရေတုံး တို့၊ သတိုးသီရိ အဓမ္မ တို့ ဆိုတဲ့ ဂုဏ်ထူး ဘွဲ့ထူးတွေ တပ်ဆင် ထားသေးသည်။
ရွေးကောက်ပွဲ ပြီးရင် သူဘယ်ကို သွားမယ် ဆိုတာတော့ မပြော…
တပ်ထဲမှာတော့ အသံတွေကို ကြားနေရပြီ…။
တိုင်းပြည်ကို မတရား အာဏာ သိမ်းပြီး ၅ နှစ် အုပ်ချုပ်လိုက်တာ အတော်ကို ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။
အဘကြီးဟာ နောက်တက်မယ့် အစိမ်း အစိုးရမှာ ဆက်ပြီး ပါနေဦးမယ်… အရာရာကို၊ လိုအပ်သည်များကို လိုက်လံ ကွပ်ကဲ နေဦးမယ် ဆိုရင်တော့… နောင်တက်မယ့် အစိုးရက ၆ လ အတွင်း ပျက်မှာပဲ…
တပ်ထဲက အရာရှိတွေ ပြောနေသော စကားများ…ရင်တွင်းဖြစ်များ…
အခြေအနေ မကောင်းပါ…
အခြေအနေ ကောင်းပါသည်…။ ။














