ရှေးမြန်မာ တရား ဓမ္မသတ် တို့၌ “ဂုန်းစကားမျှကို တရား မအောင်စေရာ” ဟူသော လက်သုံးစကား တခု ရှိသည်။
အဓိပ္ပာယ်မှာ ဂုန်းချောစကားကို မူတည်၍ တရားအနိုင် မပေးသင့်ဟူ၏။
ဈေးထဲတွင် ငါးစိမ်းသည်များ သန်းတုပ်ရင်း အတင်းပြောသည့် စကားမျိုးကို ယခုခေတ် တရား ဓမ္မသတ်တို့၌ သက်သေခံ မဝင် ဟူ၍ပင် ဥပဒေဖြင့် တခါတည်း ပယ်ထားသည်။
သို့ရာတွင် ယခုခေတ် ကျနော်တို့ နိုင်ငံ၌ ဂုန်းချောခြင်းကို အခြေတည်၍ တိုင်းရေး ပြည်ရေး လုပ်ဆောင်ခြင်းကိုပင်လျှင် နိုင်ငံရေး ခေါင်းဆောင်မှု ပေးနေသည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။
အဘယ်ကြောင့် ဆိုသော် လူထုကို လမ်းညွှန်ပေးသည် ဆိုသော နိုင်ငံရေးသမားတို့သည် ယေဘုယျ အားဖြင့် ပိသုဏဝါစာ တည်းဟူသော ဂုန်းချောစကား၏ စက်ကွင်းမှ လွတ်အောင် ရုန်းနိုင်ခြင်းငှာ မတတ်နိုင်ရှာသောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် လူ့လောက အကြောင်းကို မသိတတ်သော သူတို့ ရှိကြသည်။ ထိုသူတို့သည် များသော အားဖြင့် လူရိုးလူအများ ဖြစ်သည်။
မိမိက မဟုတ်မမှန် လုပ်ကြံရန် ချောပစ်ခြင်းကို မပြုတတ်သည့် အလျောက် သူတပါးတို့လည်း မိမိတို့ ကဲ့သို့ပင် မဟုတ်မမှန် လုပ်ကြံ၍ ချောပစ်ခြင်းကို မပြုဟု လှေနံဓားထစ် မှတ်ထားကြသည်။
ထိုကဲ့သို့သော လူ့လောကအကြောင်း နားမလည် သူတို့သည် ဂုန်းချောစကားကို ဘုရားဟော သကဲ့သို့ ယုံမှတ်ပြီးလျှင် ဂုန်းစကားကို အခြေပြု၍ ဆုံးဖြတ်ချက် ချလေ့ရှိသည်။
ဤ လူ့လောကအကြောင်း မသိသူတို့က သဘောရိုးဖြင့် ဂုန်းချောခြင်းကို ယုံကြည်ကြသည်မှာ အပြစ်ဟု မဆိုသာချေ။
သို့သော် ဤကဲ့သို့သော လူမျိုးသည် လူ့ဘောင် အဖွဲ့အစည်းကို စေတနာရိုး၊ စေတနာကောင်းနှင့် ဖျက်ဆီးတတ်သူ ဖြစ်ချေသည်။
ထို့ပြင် ကျွန်ုပ်တို့၏ လူ့လောကထဲတွင် မိမိကိုယ်ပိုင် ဉာဏ်ဖြင့် ပိုင်းခြား ဝေဖန်ခြင်း မပြုတတ်သူတို့လည်း ရှိသေးသည်။
ထိုသူမျိုးသည် ဂုန်းစကား ဟူသမျှကို အမှန်ယူပြီးလျှင် ဆုံးဖြတ်ချက်တတ်ရုံမျှ မကသေး မိမိ၌ ကိုယ်ပိုင်ဉာဏ် မရှိသောကြောင့် ဂုန်းချောသူကိုပင် ဆရာတင်၍ အလုပ် လုပ်တတ်သည်။
ဤကဲ့သို့သော လူစားမျိုးသည် အလွန် ကြောက်စရာ ကောင်းသည်။
စိတ်ထင်လျှင် ထင်သလို၊ မထင်လျှင် မထင်သလို တဒင်္ဂ အတွင်း၌ စိတ်အမျိုးမျိုး ပြောင်းလဲပြီးလျှင် နောက်ဆုံး၌ ဧရာမ သေရေး ရှင်ရေး ကိစ္စကို တန်ဖိုး မရှိသော သူတို့ အတင်းပြောချက် အပေါ်၌ အခြေပြု၍ ဆုံးဖြတ်တတ်သည်။
တဖန်တုံလည်း ထိုလူစားမျိုးထက် ကြောက်စရာ ကောင်းသူကိုလည်း ကျွန်ုပ်တို့ တွေ့ရတတ်သည်။ ဤလူစားမျိုးကား သူတပါးတို့၏ ဂုန်းစကားကို အရင်းပြု၍ စားပေါက် ရှာခြင်း၊ အခွင့်အရေး ရှာခြင်း၊ ရာထူး လုခြင်း၊ အာဏာ လုခြင်း ဟူသည်တို့ကို ပြုနေသောသူတည်း။
ထိုသူမျိုးမှာ တမင်သက်သက် ယုတ်မာသူမျိုး ဖြစ်လေရာ တိုင်းပြည် ပျက်မလောက် ဖြစ်ပြီဟု ဆိုလျှင် သူတို့ပင်လျှင် လူထု တရပ်လုံးကို ခြေဖဝါးအောက် ချ၍ လွှမ်းမိုးလာတတ်သည်။
ဤ အဆိုပါ နိုင်ငံရေးသမားတို့၏ အတွင်းရန် သုံးမျိုးသည် ယနေ့ နိုင်ငံရေး လောကကို ဖျက်ဆီးနေကြသည်။
နိုင်ငံရေး လောကဟု ကျနော်တို့၏ ဆီမီးခွက် မြန်မာနိုင်ငံကလေးကိုသာ ကွက်၍ ဆိုသည် မဟုတ်။ တကမ္ဘာလုံးရှိ နိုင်ငံရေး လောကတို့ကို ဂုန်းသည် ဖျက်ဆီးလျက် ရှိသည်။
ဤအခြေခံ သဘောကို မရိပ်မိ မသိရှိသော သူတို့သည် ဤခေတ် နိုင်ငံရေးကို အဂတိ လေးပါးကြောင့် မကောင်း ဟူ၍ လည်းကောင်း၊ ညစ်ပတ်ခြင်းကြောင့် မကောင်း ဟူ၍ လည်းကောင်း၊ အာဃာတ တရားကြောင့် မကောင်း ဟူ၍ လည်းကောင်း အကြောင်း အမျိုးမျိုး ပြကာ ညည်းတွားကြသည်။
စင်စစ် ထိုအကြောင်းတရား တို့ကို ယူဆောင်လာသူမှာ ဂုန်းပင် ဖြစ်လေတော့သည်။
ကျနော် ငယ်စဉ်က အလုပ်လုပ်ခဲ့ရာဝယ် အရေးပိုင် တဦးက ကျနော့်ကို အလုပ်သင်ပေးရင်း ပြောဖူးသည်။
“မြန်မာ နိုင်ငံက ပစ်စာ နိုင်ငံပဲ။ ပစ်စာ ဟူသမျှကို အမှန်ချည်းသာ ယူဆရရင် တနိုင်ငံလုံးမှာ လူကောင်း သူကောင်း တယောက်မျှ ရှာတွေ့တော့မှာ မဟုတ်ဘူး။ ပစ်စာ ပစ်တဲ့ လူစားမျိုးဟာ ကိုယ် မဟုတ်တာ လုပ်နေတာကို လူမသိအောင်၊ သူတပါးကို ဦးအောင် စွပ်စွဲတတ်တဲ့ လူစားမျိုးပဲ။ ဒီလူစားမျိုး လုပ်တဲ့ အလုပ်ဟာ အင်မတန် သူရဲဘော နည်းသူတို့ရဲ့ အလုပ်ပဲ။ ဒီတော့ အလုပ်ခွင်မှာ လူတလုံး သူတလုံး ဖြစ်ချင်ရင် နှစ်ဖက် စကား နှစ်ဖက် နားနဲ့ နားထောင်ပြီး ကိုယ်ပိုင် ဉာဏ်နဲ့ အဆုံးအဖြတ် ပေးနိုင်အောင် ကြိုးစားရမယ်။”
ဤစကားသည် အလွန် အဖိုးတန်သော စကား ဖြစ်၏။
အထူးသဖြင့် တရားသူကြီး အလုပ်၌ ကျင့်သား ရလာသော အခါ ကျနော်သည် ထို အရေးပိုင်၏ သြဝါဒကို ပို၍ သဘောပေါက် လာပါသည်။
ဤသို့ သဘောပေါက်လာသည့် အလျောက် တာဝန်ကြီးကြီး ထမ်းရွက်၍ လူကြီး လုပ်နေကြသော ပုဂ္ဂိုလ်တို့နှင့် တွေ့လျှင် ထိုပုဂ္ဂိုလ်တို့သည် နှစ်ဖက်စကား နှစ်ဖက်နားနှင့် နားထောင်တတ်ကြ လိမ့်မည်ဟု ယုံကြည်မိပါသည်။
သို့သော် ကျနော်ပင် မနူးမနပ်သေး၍လော၊ အဆိုပါ လူကြီး ဆိုသူတို့ ပင်လျှင် ဆရာကောင်း သမားကောင်း တို့နှင့် မတွေ့ဘူး၍လော မပြောတတ်ပါ။
ယေဘုယျ အားဖြင့် ကျနော် တွေ့ဖူးသူတို့သည် ဦးအောင် ပြောတတ်သူကို အနိုင်ပေး၍ တဖက်စကား တဖက်နားနှင့် ဆုံးဖြတ် တတ်သည်သာ များပါသည်။
ထိုအခါမျိုး၌ ကျနော်သည် “ငါ့ဆရာ ငါ့ကို သင်ပေးတာ ဟုတ်မှ ဟုတ်ပါ့မလား” ဟူ၍ပင် ဒွိဟ ဖြစ်ခဲ့ရပါသည်။
အထူးသဖြင့် စကားကို နားထောင်ပြီးလျှင် ကျန်တဖက်သားကို ဖြေရှင်းခွင့် မပေးတတ်သော လူကြီး အမည်ခိုံပုဂ္ဂိုလ်တို့ လုပ်ပုံ ကိုင်ပုံကို ပူးပူးကပ်ကပ် လေ့လာသော အခါ စိတ်အပျက်ကြီး ပျက်မိခဲ့ပါသည်။
ဦးစီးခေါင်းဆောင် ပြုရသော ပုဂ္ဂိုလ်သည် ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြား ဝေဖန်နိုင်ခြင်း မရှိလျှင် ဂုန်းလောကကို မြေတောင် မြှောက်ပေးသည်နှင့်သာ တူလေသည်။
လူကြီး လုပ်သူက တစုံတယောက်သော သူကို ယုံကြည် စိတ်ချသည် ဟူ၍ တာဝန်ပေးသည်။ ထို တာဝန်ပေးသူသည် တဖက်စကားကို ယုံလွယ်သည် ဆိုပါက ဂုန်းကောင်သည် ထောင့်ကြားကနေ လှည့်၍ ဝင်လာတတ်သည်။
ထို့နောက် ဂုန်းကောင်သည် ပိသုဏဝါစာ တိုက်ပွဲကို ဆင်စမြဲ ဖြစ်သည်။
“ဒီလူက လူတော်ပါပဲ။ နို့ပေမယ့် ငွေနဲ့ကြေးနဲ့ ကျတော့ စိတ်ချရပါ့မလား” ဟု ဂုန်းသမားက ဆို၏။
သည်လူကို စိတ်မချရလျှင် သည်လူသည် လာဘ်စားသလား၊ အလွဲသုံးစား ပြုသလား။ ဤသို့ တိတိကျကျ ပြောလျှင် ဖြေရှင်းဖို့ရာ လွယ်လိမ့်မည်။
သို့သော် သူ၏ တောင်မရောက်၊ မြောက်မကျ စကားမှာ လူတဖက်သား၏ အသိဉာဏ်ကို အဆိပ်သင့်အောင် လုပ်သည်နှင့် တူ၏။
ထိုအခါ မူလက စိတ်ချယုံကြည်၍ တာဝန် အပ်နှင်းသည်ဟု ဆိုသော လူကြီးသည် အူကြောင်ကြောင် ဖြစ်လာပြီးလျှင် –
“ကျုပ်က မရိုးဖြောင့်သူကို အလွန် ရွံရှာတယ်။ ဖမ်းချုပ်လကွာ” ဟု ဆိုတတ်၏။
ယုံလွယ်သော လူကြီးက သည်လို ပြောလိုက်လျှင် အလိုတော်ရိတို့သည် ပျာပျာသလဲ ဖြစ်လာစမြဲပင်။
မင်းလိုလိုက် မင်းကြိုက် ခစားသော ခေတ်၌ အလိုတော်ရိတို့၏ လက်ချက်ဖြင့် အနန္တသူရိယ အမတ်သည် အသတ် ခံခဲ့ရသည်။ စလေ ဦးပုညသည် ခွေးသေ ကဲ့သို့ သေခဲ့ရသည်။ ။
ဆက်လက် ဖော်ပြပါမည်။
(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇေယျာမိုး စာအုပ်တိုက်က ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ဝေသော “ကျွန်မ ဒီမိုကရေစီ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














