IT

အမှန်တကယ် ဝယ်ယူနိုင်တဲ့ ကမ္ဘာ့အထူးခြားဆုံး စမတ်ဖုန်းများ

စမတ်ဖုန်းတွေ မော်ဒယ် တမျိုးပြီးတမျိုး ထွက်လာပေမယ့် ဒီဇိုင်းထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မမြင်ရလို့ စိတ်ပျက်နေပါသလား။ ဒါမှမဟုတ် ဘယ်သူနဲ့မှ မတူတဲ့ ဖုန်းမျိုးကိုမှ ကိုင်ချင်လို့ လိုက်ရှာနေပါသလား။ ဒါဆိုရင်တော့ အောက်ဖော်ပြပါ ဖုန်းတွေက သင့်အကြိုက်ဖြစ်မှာပါ။

(၁) A20 Single SIM Bluetooth 3.0 Earphone – aka “THE PARADOX” ($21.99)

Bluetooth နားကြပ်လေးနဲ့မှ ဖုန်းပြောတတ်တဲ့လူတွေအတွက် ထုတ်ပေးထားတဲ့ “The PARADOX” ဖုန်းကတော့ Bluetooth နားကြပ်နဲ့ ကီးပတ်ဖုန်းတို့ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ၂၁ ဒဿမ ၉၉ ဒေါ်လာ (မြန်မာငွေ ၃ သောင်းကျော်) ပဲ ပေးရတဲ့အတွက် “ဖုန်းပြောဖို့သာ အဓိက” ဆိုတဲ့လူတွေ အကြိုက်တွေ့မှာပါ။ တခါတည်း ဖုန်းကို နားမှာ ချိတ်ပြီး အားမကုန်မချင်းပြောနေလို့ရပါတယ်။

နားကြပ် (ဖုန်း) ထဲကို SIM ကတ် ထည့်သုံးနိုင်ပြီး၊ ဖုန်းအဝင်အထွက် အကုန် လုပ်လို့ရပါတယ်။ တခုစဉ်းစားစရာ ရှိတာက Bluetooth Earphone လို့ နာမည်ပေးထားပေမယ့် ကိုယ်က ဖုန်းကြီးသုံးပြီး ဖုန်းခေါ်၊ ဖုန်းပြောလုပ်နေတာဆိုတော့ Bluetooth ကို တကယ် သုံးမနေဘဲ ဖုန်းနဲ့ တိုက်ရိုက်ပြောနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းအောက်မှာ Bluetooth Logo လေးတောင် ပါပါသေးတယ်။ ဖြစ်နိုင်တာကတော့ တခြား Device တခုခုနဲ့လည်း Bluetooth နဲ့ ချိတ်ဆက်ပြီး နားကြပ်သီးသန့် အသုံးပြုနိုင်ပုံရပါတယ်။

(၂) Anica S6 Mouse Phone ( $49.99)

ထူးဆန်းလှပါပြီဆိုတဲ့ Bluetooth Phone ကို ဒီ Mouse Phone က ပျင်းတယ်လို့တောင် ပြောဦးမှာပါ။ အလူမီနီယမ်နဲ့ မကွဲမှန်တို့ ပေါင်းစပ်ထားတဲ့ ကိုယ်ထည်နဲ့ ယခုဖုန်းဟာ ကြိုးမဲ့မောက်စ် အနေနဲ့လည်း အမှန်တကယ် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာ သုံးခါနီး မောက်စ် ပျောက်နေရင် အဆင်သင့်ပါပဲ။ SIM နှစ်ကတ်ထိုး ဖုန်းဖြစ်ပြီး၊ ဖုန်းပြောတာ၊ မက်ဆေ့ပို့တာ၊ MP3 သီချင်းနားထောင်တာ အကုန်လုပ်လို့ ရပါတယ်။

(၃) CHILLI K188 Fidget Spinner Phone ($20)

ဖုန်းတွေဟာ စိတ်ဖိစီးမှုတွေရဲ့ တရားခံဖြစ်တယ်လို့ စွပ်စွဲကြတဲ့ လူတွေအတွက် စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးမယ့် ဖုန်းလာပါပြီ။ Fidget Spinner လှည့်ရင် စိတ်ဖိစီးမှုတွေ ပျောက်တယ်ဆိုတာကြောင့် Fidget Spinner ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်ပါတယ်။ အမှန်တကယ်လည်း လှည့်နိုင်ပါတယ်။ ဟောင်ကောင်အခြေစိုက် Chilli International ကုမ္ပဏီက ထုတ်ထားတာဖြစ်ပြီး၊ ဒေါ်လာ ၂၀ ပဲ ရှိပါတယ်။

၁ ဒဿမ ၄ လက်မ Screen၊ 32MB RAM ပါရှိပြီး၊ ဘာ App မှ ပါရှိမှာ မဟုတ်ပါဘူး။ Web Browser နဲ့ Bluetooth စနစ်တော့ ပါဝင်ပါသေးတယ်။ Storage ထပ်တိုးချင်ရင် 8GB SD Card တကတ် ထပ်စိုက်နိုင်ပါသေးတယ်။ အရောင် ၆ ရောင် ရွေးချယ်နိုင်ပြီး၊ ယခုအချိန်ထိ ရောင်းချလျက်ရှိတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။

(၄) Kyocera Rafre KYV40

ဖုန်းက တခုခုကြောင့် ညစ်ပတ်သွားလို့ စိတ်ညစ်နေရပါသလား။ တံတွေးစွတ်၊ ပွတ်ရင် ပျောက်တယ်ဆိုပေမယ့် ဘယ်သူမဆို ဖြစ်နိုင်ရင် ဆပ်ပြာနဲ့ပဲ ပွတ်တိုက်ဆေးပစ်ချင်မှာပါ။ ခက်တာက မဖြစ်နိုင်တာပါ။ ဒါပေမယ့် ဂျပန်နိုင်ငံ အတွက်ပဲ ထုတ်လုပ်ထားတဲ့ Kyocera ရဲ့ Rafre KYV40 ဖုန်းကတော့ အမှန်တကယ် ဆပ်ပြာရယ်၊ ရေရယ်နဲ့ ပွတ်တိုက် ဆေးကြောနိုင်တဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ ဟိုနေရာချ၊ ဒီနေရာချနဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ပြည့်နေမယ့် ဖုန်းကိုယ်ထည်ကို ဆေးကြောလို့ရတဲ့အချက်က အမိုက်စား Feature တခုလို့ ဆိုနိုင်ပါတယ်။

(၅) NoPhone ($10)

“ကောင်းတကာ့ ကောင်းပါပေ့” ဆိုတဲ့ ဖုန်းတွေကို အနိုင်ယူမယ့် NoPhone ဖြစ်ပါတယ်။ ကောင်းပါပေ့ ဆိုတဲ့ ဖုန်းတွေကို မသုံးရမနေနိုင်အောင် စွဲလမ်းနေတဲ့ အခြေအနေတွေကို ကုစားဖြေဖျောက်ပေးမယ့် ဖုန်းဖြစ်ပါတယ်။ NoPhone ဆိုတဲ့အတိုင်း ဖုန်း မဟုတ်ပါဘူး။ ဖုန်းပုံစံ လုပ်ထားတာပဲရှိပါတယ်။

လက်ထဲမှာ ဖုန်းမကိုင်ရ မနေနိုင်တဲ့ လူတွေရဲ့ အာသီသကိုလည်း ဖြည့်ဆည်းပေးပြီး၊ တဖက်ကလည်း ကိုယ့်တနေ့တာ အချိန်တွေကို ကြီးစိုးထားတဲ့ နည်းပညာတွေလက်အောက်က လွတ်အောင် ရုန်းထွက်ဖို့ ကူညီပေးမယ့် ဖုန်းဖြစ်ပါတယ်။ တကယ့် ဖုန်းတွေလို ဈေးမကြီးပါဘူး။ ၁၀ ဒေါ်လာပဲ ရှိပါတယ်။ ဖုန်းကိုင်ထားရင် Selfie ရိုက်လိုက်ရမှ ဆိုတဲ့ လူတွေအတွက်လည်း နောက်ထပ် ၅ ဒေါ်လာ ထပ်သုံးရင် ရှေ့မှာ မှန်လေးပါတဲ့ မော်ဒယ် ရနိုင်ပါသေးတယ်။

Ref: Dorkly, PCMag, The Verge

Loading