Lifestyle

တိုင်းရင်းသားအစားအစာမျိုးစုံ ရနိုင်တဲ့ သန်လျင်မြို့က Happy Country 2

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့မှာနေတဲ့သူတွေအတွက် တနေရာတည်းမှာ တိုင်းရင်းသားအစားအစာ သုံး၊ လေးမျိုး ရရှိနိုင်မယ့် စားသောက်ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ရန်ကုန်ကနေ ၄၅ မိနစ်လောက် ကားမောင်းရင် ရန်ကုန်-သန်လျင် တံတားကို ကျော်ပြီး ရောက်ရှိသွားမယ့် သန်လျင်မြို့မှာတော့ တိုင်းရင်းသားဟင်းလျာနဲ့ အခြားနေရာတွေမှာ ရဖို့မလွယ်ကူတဲ့ ဟင်းလျာတွေ တော်တေ်ာများများ ရရှိနိုင်ပါတယ်။ သန်လျင်မြို့ရဲ့ ကျက်သရေဆောင် ကျိုက်ခေါက် ဆံတော်ရှင်စေတီတော်မြတ်ကြီးကို သွားတဲ့ ကားလမ်းမကြီးရဲ့ (ရန်ကုန်က အသွား) ဘယ်ဘက်အခြမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်နာမည်က Happy Country 2 ဖြစ်ပါတယ်။ သူက 1 နဲ့ 2 ဆိုပြီးနှစ်ဆိုင်ရှိတာပါ။

ကရင်တိုင်းရင်းသားရိုးရာ ဟင်းမျိုးစုံ၊ ရခိုင်တိုင်းရင်းသားရိုးရာ ဟင်းမျိုးစုံနဲ့၊ အမဲကချင်ဟင်း၊ မွန်ငါးဖယ်လုံးဟင်း၊ ကြက်ကရင်ဟင်း၊ ကချင်ဟင်းပေါင်းဖက်ထုပ်၊ ရခိုင်ကြက်သောက်ဆမ်းဟင်းရည်၊ ကရင်တာလဘောဟင်းရည် စတဲ့ တိုင်းရင်းသားဟင်းလျာတွေ၊ မြေအိုးထမင်းနှင့် မြန်မာစားမြိန်စုံ၊ အထက်အညာဒေသ ပဲထမင်းနှင့် ဟင်းမျိုးစုံ စတဲ့ မြန်မာရိုးရာစားစရာတွေနဲ့ အခြားအစားအစာတွေကိုပါ ရရှိနိုင်ပါတယ်။

ဒီဆိုင်ရဲ့ အစားအများဆုံးနဲ့ အရောင်းရဆုံး အစားအစာများဖြစ်တဲ့ မြေအိုးထမင်းနှင့် မြန်မာစားမြိန်စုံ၊ အထက်အညာဒေသ ပဲထမင်းနှင့် ဟင်းမျိုးစုံ၊ ရခိုင်တိုင်းရင်းသားရိုးရာ ဟင်းမျိုးစုံ၊ ကြက်ဥအစာသွပ်၊ ငါးမုန့်အစာသွပ်တို့ကို မှာယူ မြည်းစမ်းကြည့်ခဲ့ပါတယ်။

ကြက်ဥအစာသွပ်က လုပ်ရတာ နည်းနည်းကြာတယ်လို့ ဆိုတာကြောင့် အရင်ဆုံးမှာထားပြီး ခန့်မှန်းခြေ မိနစ်၂၀ လောက် အကြာမှာ ကြက်ဥအစာသွပ် ရရှိပါတယ်။ နောက်ထပ် မှာယူထားတဲ့ ဟင်းလျာတွေလည်း နာရီဝက်အတွင်းမှာ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာပါတယ်။

ကြက်ဥအစာသွပ်

မြည်းစမ်းကြည့်တဲ့အခါမှာတော့ ကြက်ဥအစာသွပ်က ကြက်ဥကို ပြုတ်၊ အနှစ်ကို ထုတ်ပြီး ကြက်သားနဲ့ အခြားအဆာပလာတွေ ရောထည့်ထားတာပါ။ ဒါ့အပြင်ဂျုံမှုန့်၊ အကြော်မှုန့်တို့နဲ့ မံပြီး ပြန်ကြော်ထားတာကြောင့် ချိုပြီး ကြက်ဥအကာရဲ့ အရသာက စိမ့်တာကို ခံစားမိပါတယ်။ ဆော့စ်ကတော့ ကြက်ဥအနှစ်ကို သံပုရာသီး၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား၊ စပါးလင်၊ ကြက်သွန်ဖြူ၊ နံနံပင်တို့နဲ့ ပြန်လုပ်ထားတာက ထူးခြားပြီး စားလိုက်ရင် လျှာပေါ်မှာ စိမ့်ကျန်ခဲ့ပြီး အရသာက ချဉ်ဖြုံးဖြုံးနဲ့ထူးခြားပါတယ်။ ချဉ်ဖြုံးဖြုံးဆိုပေမယ့် အချဉ်ပေါ့တာမို့ များများစားရင်တော့ အီမှာပါ။

မြေအိုးထမင်း

နောက်တခုကတော့ မြေအိုးထမင်းနှင့် မြန်မာစားမြိန်စုံ ဖြစ်ပါတယ်။ သူကတော့ ဒီဆိုင်ကို လာစားတဲ့သူ တော်တော်များများ နိုင်ငံခြားသားရော မြန်မာလူမျိုးများပါ အစားအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထမင်းကို မြေအိုးနဲ့ ထည့်ထားပြီး ဟင်းလျာတွေကို ယွန်းအစ်ကလေးထဲမှာ အကန့်လိုက်လေး ထည့်ထားတာပါ။ ဒီဟင်းပွဲမှာတော့ ထမင်းနဲ့ ဟင်းအပြင် အရည်သောက်အဖြစ် မန္တလေးကြာဇံချက် တပွဲပါဝင်ပြီး နွားနို့ပူပူတခွက်လည်း ပါဝင်ပါတယ်။ ယွန်းအစ်ထဲက ဟင်းပွဲတွေမှာတော့ မြင်းခွာရွက်သုပ်၊ အစိမ်းကြော်၊ ကြက်သားဗမာချက်၊ လဘက် ဗမာသုပ်၊ တို့ဖူးဗမာသုပ်တို့ ပါဝင်ပါတယ်။ ကြက်သားဗမာချက်က မဆလာမသုံးပဲ ခရမ်းချဉ်သီးအနှစ်၊ အရောင်တင်မှုန့်တို့နဲ့ ကြက်သားကို မြန်မာဆန်ဆန်ချက်ထားတာဖြစ်ပြီး မြန်မာပါးစပ်နဲ့ တည့်တယ်လို့ ပြောရမှာပါ။ နိုင်ငံခြားသားတွေလည်း ကြိုက်တယ်လို့ သိရပါတယ်။

ငါးမုန့်အစာသွပ်

ငါးမုန့်အစာသွပ်ကတော့ ကိုယ်နဲ့အတော်လေးစိမ်းပြီး ကြက်ဥအစာသွပ်နဲ့ ဆင်တူပါတယ်။ ငါးမုန့်ကို ကြော်ပြီးမှ ရေနည်းနည်းပြန်စွတ်ပြီး အဆာပလာတွေ ထည့်ကာ ပြန်ကြော်ထားတာပါ။ သူကတော့ အကြော်မှုန့်တို့ဘာတို့နဲ့ မံပြီးပြန်ကြော်တာမဟုတ်ပါဘူး။ သူ့ပုံစံက ရုတ်တရက်ကြည့်ရင် ဖက်ထုပ်ကြော်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အရသာကတော့ ငါးမုန့်ရဲ့ အချိုအစိမ့်အရသာနဲ့ ဆော့စ်ရဲ့ စပ်ရှိန်းရှိန်းအရသာဖြစ်ပါတယ်။

ပဲထမင်းနဲ့ဟင်းမျိုးစုံ

အထက်အညာဒေသ ပဲထမင်းနဲ့ ဟင်းမျိုးစုံကတော့ ထမင်းထဲမှာ ကုလားပဲပြုတ်အနည်းငယ် ပါဝင်ပြီး ငါးဖယ်ဟင်း၊ ချဉ်ပေါင်ဟင်းချို၊ ငါးပိရည် တို့စရာ၊ ပုန်းရည်ကြီးသုပ်၊ ထန်းလျက်ခဲ ပေါက်ပေါက်ဆုပ်၊ ပြောင်းဖူးကြော်တို့ ပါဝင်ပြီး အရသာတွေကတော့ ငါးဖယ်ဟင်းက ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်ထားတာဖြစ်ပြီး ချဉ်ဖြုံးဖြုံးအရသာ ရှိပါတယ်။ အအီပြေ ချဉ်ပေါင်ဟင်းချိုပါဝင်ပြီး အစာပိတ် အချိုတည်းဖို့အတွက် အညာဒေသရဲ့ အချိုတည်းစရာ ထန်းလျက်ခဲ ပေါက်ပေါက်ဆုပ် ပါဝင်ပါတယ်။

ရခိုင်တိုင်းရင်းသားရိုးရာ ဟင်းမျိုးစုံ

ရခိုင်တိုင်းရင်းသားရိုးရာ ဟင်းမျိုးစုံကတော့ ရခိုင်အစားအစာတွေရဲ့ ပုံမှန်အရသာအတိုင်း အစပ်ကဲပါတယ်။ ရခိုင်ကြက်သောက်ဆမ်းဟင်းရည်၊ ရခိုင်ပြည်ကြီးငါးဟင်း၊ ငါးနီတူ ရခိုင်သုပ်၊ ရခိုင်အစိမ်းကြော်တို့ ပါဝင်ပါတယ်။ အစပ်ကြိုက်သူတွေ၊ အစပ်စားနိုင်သူတွေအတွက်တော့ အဆင်ပြေမှာပါ။ အီလည်း မအီဘဲ ထမင်းစားမြိန်စေမယ့် တိုင်းရင်းသားရိုးရာ ဟင်းလျာဖြစ်ပါတယ်။

ကားပါကင်နဲ့ ဆိုင်ကယ်ထားဖို့နေရာလည်း ရှိတာကြောင့် ကားနဲ့ လာတဲ့သူတွေရော သန်လျင်မြို့တွင်းက ဆိုင်ကယ်နဲ့ သွားရောက် စားသုံးသူတွေပါ အဆင်ပြေမှာပါ။ နောက်တခုက ဆိုင်ရဲ့ အပြင်အဆင်ပါပဲ။ ဆိုင်ခန်းကြီးက ရိုးရှင်းပေမယ့် ခြံဝန်းထဲမှာ စမ်းချောင်းပုံစံလေးတွေ လုပ်ထားပြီး အသီးအနှံ စိုက်ခင်းတချို့လည်း ရှိနေပါတယ်။ စိုက်ခင်းက သီးနှံတွေက သဘာဝသီးနှံတွေ ဖြစ်တာကြောင့် စားသုံးသူများက ဝယ်ယူချင်တယ်ဆိုရင်လည်း ရောင်းပေးတယ်လို့ သိရပါတယ်။

“အန်တီကိုယ်တိုင်ကလည်း အစိုးရဝန်ထမ်းလုပ်တုန်းက ပြည်နယ်တွေ သွားခဲ့တာတွေ ရှိတယ်။ တိုင်းရင်းသားတွေကို သဘောကျတယ်။ သူတို့ရဲ့ အစားအစာတွေကို ကြိုက်တယ်။ အဲဒီတော့ တိုင်းရင်းသားအစားအစာကိုု ဦးစားပေးပြီး လုပ်ဖြစ်တာပေါ့။ ဒီနေရာကို ပြောင်းဖွင့်တာတော့ ၄လလောက်ပဲ ရှိသေးတယ်။ ဟိုဘက်မှာဖွင့်တဲ့ဟာနဲ့ဆိုရင်တော့ Happy Country က ၉ နှစ်လောက် ရှိနေပြီပေါ့နော်။ အန်တီတို့ဆီမှာ ဝန်ထမ်းတွေကလည်း တိုင်းရင်းသားလေးတွေ များတယ်။ ဒီတော့ သူတို့ တိုင်းရင်းသားဟင်းလျာတွေကို သူတို့ချက်တယ်၊ ကျန်တဲ့ တရုတ်စာနဲ့ ကြက်ဥအစာသွပ်တို့လို ဟာမျိုးတွေကျတော့ အန်တီက ကိုယ့်စီမှာ အနေကြာဝန်ထမ်းတွေကို သင်တန်းတက်ခိုင်းတယ်။ ဝန်ထမ်းက ၄၀ လောက်ရှိတယ်။ သူတို့ မနက်ပိုင်းနဲ့ ညပိုင်း တာဝန်ခွဲထားတာပေါ့” လို့ ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နွယ်နီထွန်းက ဧရာဝတီကို ပြောပါတယ်။

Menu အမျိုးပေါင်း ၇၀ ကျော်လောက် ရရှိနိုင်ပြီး အနည်းဆုံး ၂၀၀၀ ကျပ်တန်ကနေ အများဆုံး ၈၀၀၀ ကျပ်အထိ ရှိပါတယ်။ တခြားနေရာတွေမှာ အလွယ်တကူ ရဖို့မလွယ်တဲ့ ဟင်းလျာတွေအပြင် မြန်မာမုန့်မျိုးစုံလည်း ရရှိနိုင်ပါသေးတယ်။ သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြားသားများ၊ တခါတလေ နေ့ချင်းပြန် အလည်အပတ်လာကြတဲ့ ဧည့်သည်တွေ၊ သူငယ်ချင်းပေါင်းအသင်းနဲ့ လာရောက် စားသုံးသူတွေရှိတယ်လို့ သိရပါတယ်။

သန်လျင် ကျောက်တန်း ကားလမ်းမကြီးရဲ့ ဘေးဘက်မှာ တည်ရှိတာကြောင့် ကားသံတွေတော့ ကြားရတတ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်စားသုံးချင်သူတွေအတွက် အဆင်မပြေလှပေမယ့် တနေ့တာ vacation ထွက်လာသူတွေ၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ သွားကြမယ့်သူတွေအတွက်တော့ သင့်တော်ပါတယ်။ အလည်အပတ်သွားကြသူတွေအနေနဲ့လည်း ကျိုက်ခေါက်ဆံတော်ရှင်စေတီတော်ကိုပါ တပါတည်း ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် ပိတ်ချိန်တွေက မနက် ၆ နာရီခွဲကနေ ည ၉ နာရီခွဲအထိ ဖြစ်ပြီး သင်္ကြန်ရက်တွေကလွဲပြီး ပိတ်ရက်မရှိဘူးလို့ သိရပါတယ်။ ဆိုင်လိပ်စာက ကျိုက်ခေါက်ဘုရားလမ်း၊ ကျိုက်ခေါက်ဘုရားအနီး၊ သန်လျင်မြို့ ဖြစ်ပါတယ်။ သန်လျင်ကို အလည်အပတ်သွားမယ့်သူတွေအတွက် နေ့လယ်စာကောင်းကောင်းနဲ့ ထူးခြားတဲ့ ဟင်းလျာတွေကို မြည်းကြည့်လို့ရအောင် လက်တို့လိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading