ရန်ကုန်မြို့ကနေ ၄၅ မိနစ်လောက် ကားမောင်းရင် ရန်ကုန်-သန်လျင် တံတားကို ဖြတ်ကျော်ပြီးတာနဲ့ သန်လျင်မြို့ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
သမိုင်းဝင်အမွေအနှစ်တွေ များစွာရှိနေပြီး ဘုရားစေတီပုထိုးတွေ လက်ညှိုးထိုးမလွဲနီးပါး တည်ရှိနေတဲ့ မြို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ဘုရားစေတီတွေအပြင် လည်ပတ်စရာနေရာတော့ တခြားများများစားစား မရှိလှပါဘူး။ များသောအားဖြင့်က ဘုရားတွေပဲဆိုတော့ ရောက်တဲ့ ဧည့်သည်တွေကလည်း သန်လျင်ကိုရောက်တယ်ဆိုရင် ကျိုက်ခေါက် ဆံတော်ရှင်စေတီတော်နဲ့ တခြား ဘုရားတွေကို လှည့်ပတ်ဖူးကြတာများပါတယ်။
ဒီလို သန်လျင်မြို့ကို သွားရောက် လည်ပတ်အပန်းဖြေကြမယ့်သူတွေ၊ ရှေးဟောင်းသမိုင်းဝင်များ လေ့လာချင်သူတွေ အတွက် သန်လျင်မှာရှိတဲ့ နေရာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သမိုင်းဝင် ကျိုက်ခေါက် ဆံတော်ရှင် စေတီတော်
သန်လျင်မြို့ရဲ့ ကျက်သရေဆောင်ဖြစ်သလို ဘုရားပွဲဆိုရင်လည်း မြို့သူမြို့သားတွေသာမက မြို့နီးချုပ်စပ်ကပါ လည်ပတ်ဖူးမြော်ကြတာမို့ စည်ကားလှပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလမှာ ပြုလုပ်ပြီး လပြည့်ကျော်တရက်နေ့အထိ ဖြစ်ပါတယ်။
၂။ ဝန်ကြီးပဒေသရာဇာဂူ
မြန်မာစာသမိုင်းမှာ ထန်းတက်သမား၊ လှေသမား၊ လှည်းသမား စတဲ့ အခြေခံလူတန်းစားတွေနဲ့ ပတ်သက်တဲ့ ကဗျာတွေ စာတွေများစွာ ရေးသားခဲ့တဲ့ စာဆိုဝန်ကြီးပဒေသရာဇာရဲ့ အုတ်ဂူဖြစ်ပါတယ်။ ကျိုက်ခေါက်ဘုရားရဲ့ မြောက်ဘက်မုဒ်မှာ တည်ရှိပြီး တခါတလေတော့ ဝန်းတံခါးကို သော့ခတ်ထားတာ တွေ့ရတတ်ပါတယ်။
၃။ ပါဒကြီး ဆံတော်ရှင် စေတီတော်
သန်လျင်-ကျောက်တန်းလမ်းမကြီးအတိုင်း တည့်တည့်သွားလိုက်ရင် လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိနေတာပါ။ ပါဒကြီးဘုရားဟာလည်း သန်လျင်မြို့ရဲ့ သမိုင်းဝင်ဘုရားတဆူဖြစ်ပြီးတော့ စနေ၊ တနင်္ဂနွေ နေ့ရက်တွေမှာဆိုရင် မိသားစုလိုက်နဲ့ နိုင်ငံခြားသားတချို့တလေ လည်ပတ်ဖူးမြော်ကြတာ တွေ့ရပါတယ်။
၄။ ကျိုက်မှော်ဝန်း ရေလယ်စေတီတော်
သန်လျင်မြို့ကနေ နာရီဝက်လောက် ကားမောင်းသွားလိုက်ရင် ကျောက်တန်းမြို့ကိုရောက်ပါတယ်။ အဲဒီမှာ ကျိုက်မှော်ဝန်း ရေလယ်စေတီတော်တည်ရှိပြီး ကျောက်တန်းမြို့ရဲ့ ကျက်သရေဆောင်လည်း ဖြစ်ပါတယ်။ ဘုရားအနီးမှာ ကျောက်တန်းဈေးလည်း ရှိကာ ဒေသထွက်ကုန်ဖြစ်တဲ့ ငါးခြောက်နဲ့ တခြားလိုအပ်တာတွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လပြည့်နေ့တွေဆိုရင် ဘုရားဖူးခရီးသည်များ များပြားပြီး စက်လှေပေါ်ကို အလုအယက် တက်ကြရင်းနဲ့ ရေထဲ ပြုတ်ကျ ကြတာမျိုးတွေ ရှိတတ်တဲ့အတွက် သတိထားကြစေချင်ပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်ကိုတော့ တပေါင်းလမှာ ကျင်းပလေ့ရှိပါတယ်။
၅။ ရှင်မွေ့နွန်း မျှော်တော်ယောင်လွမ်းစေတီ
ရာဇဝင်ထဲက မွေ့နွန်းမင်းသမီးလေးနဲ့ မင်းနန္ဒာမင်းသားလေးအကြောင်းကို အားလုံးကြားဖူးကြမှာပါ။ သန်လျင်မြို့ ဝင်ဝင်ခြင်းမှာပဲ တွေ့မြင်နိုင်မယ့် လွမ်းစေတီဖြစ်ပါတယ်။ သန်လျင်မြို့ရဲ့ သမိုင်းတွေထဲက တခုဖြစ်ပြီး ဟိုအရင်က ဆိုရင်တော့ စေတီတည်ရှိရာ ကုန်းတော်ပေါ်ကနေ သန်လျင်တံတားကို လှမ်းကြည့်လို့ရပေမယ့် ခုတော့ အပင်တွေ ကွယ်နေပါပြီ။
၆။ ပေါ်တူဂီဘုရားကျောင်း
သန်လျင်မြို့ဘီအိုစီ ဝန်းထဲမှာရှိပြီး မွေ့နွန်းစေတီတော်နဲ့ နီးပါတယ်။ ဟိုးအရင်ကတော့ သူငယ်ချင်းအဖွဲ့တွေ၊ ချစ်သူစုံတွဲတွေ သွားလာလေ့ရှိကြပြီး နိုင်ငံခြားသားများ သွားရောက် လေ့လာလေ့ရှိတဲ့ နေရာတခုပါပဲ။ လက်ရှိအချိန်မှာတော့ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေ တခုလည်း ဖြစ်ပါတယ်။ ပြင်ဆင်မှုတွေ ပြီးသွားရင်တော့ ပြန်ပြီး သွားလာခွင့်ရမယ်လို့ ခန့်မှန်းရပါတယ်။
၇။ ဇွဲဘာကုန်းတန်းကမ်းခြေ
သူကတော့ သန်လျင်မြို့နဲ့ အတော်လေး လှမ်းပါတယ်။ သန်လျင်မြို့ထဲကနေ ၁ နာရီခွဲလောက် ကားမောင်း သွားရပါတယ်။ ပင်လယ်ဝကို မရောက်သေးခင်မို့ ရေတော့ သိပ်မကြည်လှပေမယ့် တော်တော်လေး လှပါတယ်။ တံငါလုပ်သားတွေ နေထိုင်ကြတဲ့ ကမ်းခြေရွာလေးဖြစ်ပြီး ခုချိန်ထိ ကြားရသလောက်တော့ သွားရောက်ကြသူ နည်းပါးပါသေးတယ်။ အခုချိန်ကတော့ မိုးရာသီဆိုတော့ သွားလာရန် လမ်း သိပ်မကောင်းလှပါဘူး။
၈။ မြဟံသာ ရုပ်ရှင်ရုံ
သန်လျင်မြို့မဈေးကြီး အနီးမှာ တည်ရှိပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ သွားလာလို့ကောင်းမယ့် သန်လျင်မြို့က သွားလို့ကောင်းတဲ့နေရာတွေထဲက တခုပါ။
၉။ ကျိုက်ပြာသာဒ်တနော် စေတီတော်
သန်လျင်မြို့နဲ့ မနီးမဝေးမျာရှိတဲ့ ကျောက်တန်းမြို့မှာ တည်ရှိပြီး သမိုင်းဝင်စေတီတဆူလည်း ဖြစ်ပါတယ်။ ရေလယ်စေတီကို သွားရောက် ဖူးမြော်ရင်း တဆက်တည်း ဝင်ရောက်ဖူးမြော်နိုင်မှာပါ။ စေတီတော်ပရဝုဏ်ပတ်လည်မှာ အရိပ်ကောင်းတဲ့ အပင်ကြီးတွေ ရှိနေတာကြောင့် မိသားစုလိုက်သွားရင်လည်း နားနားနေနေ နေလို့ရမှာဖြစ်ပါတယ်။
၁၀။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် အုတ်ဂူ
ဒါကတော့ လေ့လာချင်သူတွေအတွက်ပါ။ သန်လျင်မြို့ရဲ့ ဗိုလ်ချုပ်ရွာသုဿန်မှာ တည်ရှိပြီး အပြာရောင်အုတ်ဂူဖြစ်ကာ သုဿန်ရဲ့ ချောင်ခပ်ကျကျနေရာမှာ တည်ရှိပါတယ်။ ထူးခြားတာကတော့ သုဿန်တခုလုံးမှာ ရှိသမျှ အုတ်ဂူတွေနဲ့ ပုံစံခြင်းမတူဘဲ ကွဲထွက်နေတာပါ။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင် အုတ်ဂူ ပြုပြင်မွမ်းမံခြင်းကို သန်လျင်မြို့မှာရှိတဲ့ စာရေးဆရာ၊ ပန်းချီဆရာ၊ ကဗျာဆရာများက ပြုလုပ်ခဲ့ကြပါတယ်။
သန်လျင်မြို့မှာ လည်စရာပတ်စရာ များများစားစား မရှိပေမယ့် သန်လျင်ကို စိတ်ဝင်စားသူတွေအဖို့ လည်ပတ်ဖို့ ရောက်ရှိလာခဲ့ရင် သွားရောက် လေ့လာလည်ပတ်လို့ ရနိုင်မယ့်နေရာတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။