"ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေတယ်ဆိုတဲ့ စိတ်ကြီး မထားဘူး"လို့ ဖုန်းသီရိကျော် ပြော
ဆိုရှယ်မီဒီယာမှ တဆင့် ချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကိုရရှိထားတဲ့ ဖုန်းသီရိကျော်ကတော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေတဲ့စိတ် မထားဘူးလို့ ပြောပါတယ်။
“အသက်ကြီးလာတော့ အတွေ့အကြုံအရ စိတ်ပိုင်းဆိုင်ရာတော့ နည်းနည်းပြောင်းလဲလာတယ်လို့ ထင်ပါတယ်။ ဒီအနုပညာလောကက ရှုပ်တယ်ပေါ့။ ကိုယ့်ဘာသာ ခပ်ကင်းကင်းနေရင် ဘာမှတော့ မဖြစ်ပါဘူး။ ညီမ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အရမ်းအောင်မြင်နေတယ်ဆိုတဲ့ စိတ်ကြီးမရှိတော့ ဒီတိုင်းလေးပဲသွားပါတယ်။ ဖြတ်လမ်းတွေ ဘာတွေလည်း မလိုက်ပါဘူး။ ဒီလိုပါပဲ”လို့ ဖုန်းသီရိကျော်က ပြောပါတယ်။
ဖုန်းသီရိကျော်ကတော့ သူ့ရဲ့ချစ်စရာကောင်းတဲ့ ပင်ကိုယ် ရုပ်ရည်အတိုင်းသာ နေထိုင်ပြီး Sexy ဘက်ကို သွားဖို့အတွက်လည်း စိတ်ကူး မရှိဘူးလို့ ပြောပါတယ်။ ဖုန်းသီရိကျော်ကို အဆိုတော် ဇော်ပိုင်ရဲ့ “ပြည့်စုံလွန်း” သီချင်း Cover Music Video ကနေတဆင့် ပရိသတ်တွေ သိရှိခဲ့ကြပြီး လူမှုကွန်ရက်မှာလည်း ရေပန်းစားသူတယောက် ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ ရေပန်းစားသူ တယောက် ဖြစ်လာတာနဲ့ အမျှ တဖက်မှာလည်း ဝေဖန်မှုများ ရှိနေတဲ့အပေါ် ဘယ်လို ရင်ဆိုင်ဖြတ်သန်းလဲဆိုတာကိုလည်း သူက အခုလိုပဲ ပြောပါတယ်။
“အရင်က ဝေဖန်မှုတွေကြားရင် စိတ်မကောင်းဘူးပေါ့။ လိုက်ခံစားတယ်။ သူတို့တခွန်းပြောရင် တခွန်း၊ နောက်ပိုင်းတော့ ဓာတ်ပုံတွေ ဘာတွေတင်ရင် ကောမန့် မကြည့်ဖြစ်တော့ဘူး။ တခါတလေ တချို့ကောမန့်တွေကျတော့ မဆိုင်ဘဲနဲ့ကို ပြောနေကြတော့ နောက်ပိုင်း ကောမန့်ကို မကြည့်ဖြစ်တော့ပါဘူး”လို့ ဖုန်းသီရိကျော်က ပြောပါတယ်။
ကောင်းစေချင်လို့ပြောတဲ့ စကားများကိုတော့ ကောင်းချင်တဲ့စိတ်နဲ့ ပြုပြင်ဖြစ်ပြီး တိုက်ခိုက်နေတာဆိုရင်တော့ လျစ်လျူရှုလိုက်တယ်လို့ ပြောပါတယ်။
“တချို့ကောမန့်တွေက ကိုယ့်ကိုကောင်းစေချင်လို့ ပြောတာတွေ ရှိတယ်။ တချို့ကျတော့ ကိုယ့်ကို တမင် တိုက်ခိုက်တာမျိုးပေါ့။ ကောမန့် ကြည့်ဖြစ်တယ်ဆိုရင် ကိုယ့်ကို ကောင်းစေချင်လို့ဆိုရင် ကိုယ်ကလည်း ကောင်းချင်တယ်ဆိုရင် ဝေဖန်ချက်ကို ကြည့်ပြီးတော့ ပြုပြင်လိုက်ပေါ့။ တချို့ တိုက်ခိုက်နေတာ ရှိရင် လျစ်လျူရှုလိုက်ပေါ့” လို့ ဖုန်းသီရိကျော်ကပြောပါတယ်။
ဖုန်းသီရိကျော်ကတော့ လက်ရှိမှာ ကြော်ငြာများ၊ Music Video များရိုက်ကူးနေပြီး Product များရဲ့ Brand Ambassador အဖြစ်လည်း လုပ်ကိုင်နေပါတယ်။
You may also like these stories:
ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး ရေခဲတောင်မှာ အင်္ကျီချွတ် ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်
ချစ်သူနဲ့တွေ့တာ ၆ လပဲ ရှိသေးလို့ လေ့လာနေဆဲလို့ သင်ဇာဝင့်ကျော် ပြော
“ကိုယ်တိုင်က အဖေနဲ့ ပိုတူတယ်လို့ ခံစားရတယ်”ဆိုတဲ့ ဘေဘီမောင်
“အချစ်ကိုရှာတဲ့ မိန်းမထဲမှာ မပါဘူး”လို့ ပြောတဲ့ အဆိုတော် ဆိုဖီယာ