ကော်ဖီ ထုတ်လုပ် ရောင်းချနေတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုက သူ့ရဲ့ “လမ်းဘေး” (LANDBAY) ကော်ဖီဟာ နိုင်ငံခြားက ကော်ဖီ Brand တခု Logo နဲ့ ဆင်တယ်လို့ ပြောကြတဲ့အပေါ် အပြစ်မမြင်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ကော်ဖီ Brand တခုနဲ့ သွားဆင်နေတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် လိုချင်တဲ့ အဝိုင်းနဲ့ ရေနတ်ဘုရားနဲ့က သွားဆင်နေတော့ မဆင်အောင် လုပ်ထားပါတယ်။ ဆင်တယ်လို့ ဝေဖန်တာကိုလည်း ကျနော် အပြစ်မမြင်ပါဘူး ခင်ဗျာ။ ဆင်လို့ ဆင်တယ် ပြောကြတာ အမှန်တရားပါ။ ကျနော့်ဘက်က ပြောင်းလဲလို့ မရတာကလည်း ကျနော့် အမှန်တရားပါ။ တိုက်ဆိုင်မှု ဖြစ်ပြီး တူသွားတယ်ပေါ့”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
Brand Logo တူသွားတယ်ဆိုတာလည်း ကိုယ်တိုင် သိရှိပြီး ဝန်ခံတယ်လို့ ဆိုပါတယ်။
“တူသွားတယ်ဆိုတာလည်း ဝန်ခံပါတယ်။ သိလည်း သိပါတယ်။ ကျနော့်ဘက်က အဝိုင်းထဲ ဒီ Logo ထည့်ချင်တဲ့ ပြောင်းလဲလို့ မရတာလည်း အမှန်တရား ရှိသလို ကြည့်တဲ့သူတွေကလည်း တူတယ် ဆိုတဲ့ ပြောတဲ့ အမှန်တရားလည်း ရှိပါတယ်။ Fair ဖြစ်ပါတယ်။ အဆင်ပြေပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ကျော်ကျော်ဗိုရဲ့ “LANDBAY” ကော်ဖီကိုတော့ ဝေဖန်တာတွေ ရှိသလို၊ ထောက်ပြကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က အရာရာတိုင်းမှာ နှစ်ဘက် ရှိတာပေါ့။ အကောင်းဘက်က ရှိသလို၊ မကောင်းတဲ့ ဘက်က မြင်တာလည်း ရှိတာပေါ့။ ဝေဖန် ထောက်ပြတာတွေလည်း ရှိတယ်။ ကျနော်တို့ကို အပြုသဘော ဝေဖန်တာတွေ ရှိသလို အခုခေတ်စကားနဲ့ ပြောရင် ကျနော်တို့ကို Troll တာတွေလည်း ရှိတယ်။ နေရာတိုင်း ကဏ္ဍတိုင်းမှာတော့ ဒီလိုမျိုး ရှိတာပါပဲ”လို့ ပြောပါတယ်။
“လမ်းဘေး” (LANDBAY) ကော်ဖီရဲ့ နာမည် အဓိပ္ပာယ်ကိုလည်း အခုလိုပဲ ရှင်းပြခဲ့ပါတယ်။
“LANDBAY ဆိုတာ မြန်မာလို လမ်းဘေးဖြစ်ပေမယ့် နိုင်ငံခြားသားတွေ ဖတ်ရင် အဓိပ္ပာယ်တခုကို ပေါ်စေချင်တဲ့အတွက် အဲ့စကားလုံးကို လိုက်စဉ်းစားတော့ LAN BAY က လမ်းဘေးလို့ ထွက်ပေမယ့် နိုင်ငံခြားသားတွေအတွက် အဓိပ္ပာယ်တခု မရှိဘူးပေါ့။ LAND ဆိုတာ ကုန်းတွင်းပေါ့။ BAY ဆိုတာ ပင်လယ်အော်ပေါ့။ ကုန်းတွင်းပင်လယ်အော်ဆိုတဲ့ စကားစုလေးတခု ဖြစ်လာတယ်။ နိုင်ငံခြားသားတွေအတွက်လည်း အဆင်ပြေတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
LANDBAY ကော်ဖီရဲ့ Logo လုပ်ဖြစ်ပုံကိုလည်း ကျော်ကျော်ဗိုက အခုလိုပဲ ဆိုပါတယ်။
“ကျနော်က ကော်ဖီ Logo မှ မဟုတ်ဘူး။ ကျနော် တခုခု လုပ်တော့မယ်ဆိုရင် ကျနော့် Logo ကို အဝိုင်းကိုပဲ ဦးစားပေး ရွေးချယ်တတ်ပါတယ်။ အဲ့အဝိုင်းရဲ့ ဝိုင်းနေတဲ့ အင်အားကိုလည်း ကျနော် ကြိုက်တယ်။ အဲ့အတွက် အဝိုင်းကို ယူပါတယ်။ စက်ဝိုင်းထဲကို Logo ထည့်မယ်ဆိုတော့ သက်မဲ့ကို မထည့်ချင်ဘူး။ သက်ရှိ ထည့်ချင်တယ်။ ပင်လယ်နဲ့ ပတ်သက်တဲ့ အရာတခုကို ကျနော် ထည့်မယ် စဉ်းစားပြီး ပင်လယ်နတ်ဘုရား ထည့်လိုက်တယ်။ LANDBAY ကိုလည်း တလုံးချင်းစီ Space ခြားပြီး ထည့်လိုက်တယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ သူကိုယ်တိုင် ထုတ်လုပ်ထားတဲ့ “လမ်းဘေး” (LANDBAY) ကော်ဖီဟာ ကမ္ဘာကျော် Starbucks ကော်ဖီရဲ့ Logo နဲ့ ဆင်တူနေတယ်ဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
You may also like these stories:
လမ်းဘေး လက်ဖက်ရည်ဆိုင်ကို လွမ်းလို့ ကော်ဖီ ထုတ်ဖြစ်ခဲ့တဲ့ ကျော်ကျော်ဗို