အချိန်ရာသီမရွေး ဆိုသလို သတိထားနေရတဲ့ ခြင်အန္တရာယ်ကြောင့် အိမ်တိုင်းလိုလိုဟာ ခြင်ဆေးခွေတော့ အများအားဖြင့် ထွန်းညှိ အသုံးပြုလေ့ ရှိကြပါတယ်။
ခြင်တွေကို နှိမ်နင်းပေးနိုင်တဲ့ နည်းလမ်းတွေထဲမှာ ခြင်ဆေးခွေထွန်းခြင်းဟာ လွယ်ကူ လျင်မြန်တဲ့ နည်းလမ်းဖြစ်ပေမယ့် လူတွေရဲ့ ကျန်းမာရေးကိုတော့ ထိခိုက်စေနိုင်သလားဆိုတာကို သိရှိနိုင်အောင်လို့ ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ဈေးကွက်ထဲက တံဆိပ်အမျိုးမျိုးနဲ့ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်တဲ့ ခြင်ဆေးခွေတွေကို Citronella လို့ခေါ်တဲ့ အပင်က နေရတဲ့ ပစ္စည်းတမျိုးနဲ့ ပြုလုပ်ထားပြီး တခြားသော ဓာတုပစ္စည်းတွေနဲ့လည်း ပါဝင်ပါတယ်။ ခြင်ဆေးခွေ ထွန်းတဲ့အခါ ဒီဓာတုပစ္စည်းတွေဟာ အငွေ့အဖြစ် ပတ်ဝန်းကျင်ကို ပျံနှံ့သွားရာကနေ ခြင်တွေကို ဝေးဝေးပြေးစေတာပဲ ဖြစ်ပါတယ်။
လေ့လာစမ်းသပ်ချက်တွေအရ ဆိုရင်တော့ ခြင်ဆေးခွေတွေ ထွန်းတဲ့အခါ ထွက်ရှိလာတဲ့ အငွေ့တွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ လေပြွန်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနဲ့ အဆုတ်ကင်ဆာအထိပါ ဖြစ်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ပိုမိုဆိုးရွားလာနိုင်တာကြောင့် ခြင်ဆေးခွေအသုံးပြုခြင်းကို ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
ခြင်ဆေးခွေ အသုံးပြုခြင်းဟာ ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်တာ မှန်ပေမယ့် နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်ချက်တွေအရ ခြင်ဆေးခွေထွန်းညှိခြင်းကြောင့် ထွက်ရှိလာတဲ့ အငွေ့တွေကို ရှုရှိုက်မိခြင်းဟာ ဆေးလိပ်အလိပ် ၁၀၀ ခန့် သောက်သုံးခြင်းကြောင့် ဖြစ်လာမယ့် ကျန်းမာရေး ပြဿနာတွေနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
ခြင်ဆေးခွေ ထွန်းတဲ့အခါ အလုံပိတ်အခန်းထဲမှာ ထွန်းညှိ အသုံးပြုခြင်းက ပိုမိုအန္တရာယ်များတဲ့အပြင် ခြင်ဆေးခွေထွန်းကာ အိပ်စက်ခြင်းကလည်း အသက်ရှုကြပ်ခြင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် သတိပြုရှောင်ကြဉ်သင့်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာတော့ ခြင်ဆေးခွေ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်ရအောင် တင်းကျပ်တဲ့ စစ်ဆေးကန့်သတ်မှုတွေ ပြုလုပ်ကြပြီး အခုနောက်ပိုင်းမှာဆိုရင်တော့ အငွေ့မထွက်တဲ့ ဆေးရည်နဲ့ ပစ္စည်းမျိုးတွေကိုသာ အသုံးပြုလာနေကြပြီပဲ ဖြစ်ပါတယ်။
Ref: theconversation.com