မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးကို ဆိုင်ကယ်စီးထွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ဟာ အခုဆိုရင်တော့ ဖင်လန်နိုင်ငံကို ရောက်ရှိနေပါပြီ။ ၂ လကျော်ကြာ ဆိုင်ကယ်မောင်းနှင်ပြီးတဲ့နောက် သူတို့ နှစ်ယောက်ဟာ ဖင်လန်နိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ဆိုင်ကယ် တစီးစီနဲ့ ကမ္ဘာပတ်ရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံကနေ ပထမဦးဆုံး ကမ္ဘာပတ်ပြီး ဆိုင်ကယ်စီးခဲ့ကြတဲ့ ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံကို ဂုဏ်ပြုလိုတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ဦးဘတုတ်တို့ ဇနီးမောင်နှံဟာ ၁၉၅၅ ခုနှစ်မှာ မိုင်ပေါင်း ၅၀,၀၀၀ ကျော် ခရီးကို ဆိုင်ကယ်တစီးနဲ့ ဖြတ်ကျော်ခဲ့သူတွေပါ။
ကိုအောင်ကျော်ဝင်းနဲ့ ကိုစိုင်းဇွန်ဖတို့ နှစ်ဦးကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာပတ်ပြီး ဆိုင်ကယ်စီးကြတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်ကို ဖြတ်သန်းစီးနင်းကြမယ့် သူတို့ နှစ်ဦးရဲ့ခရီးစဉ်မှာ အခုဆိုရင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ရောက်ရှိခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ အခုလို ကမ္ဘာပတ်ပြီး ဆိုင်ကယ်စီးနိုင်အောင် ၁ နှစ်ကျော် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ဦးဟာ Estonia နိုင်ငံ၊ Tallinn မြို့ကနေတဆင့် သင်္ဘောနဲ့ ဖင်လန်နိုင်ငံကို ကူးလာခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်းပညာရှင်တွေ ဖြစ်ကြတဲ့ သူတို့ နှစ်ဦးဟာ ဖင်လန်နိုင်ငံမှာရှိတဲ့ ဒီဇိုင်းပြတိုက်တွေကို လေ့လာပြီးတဲ့နောက် နော်ဝေနဲ့ ဆွီဒင်နိုင်ငံတွေကို သွားရောက် လေ့လာကြမယ်လို့ ဆိုပါတယ်။
ခရီးစဉ် စတုန်းကတော့ ဒီနိုင်ငံတွေကို အခြေအနေအရသာ ဝင်ရောက်ဖို့ စီစဉ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ရာသီဥတု ကောင်းမွန်နေတာကြောင့် ဝင်ရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
“ဒီခရီးစဉ်မှာ ကျနော်တို့အနေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ လူနေမှုပုံစံတွေကို လေ့လာသွားမှာဖြစ်ပြီး ခရီးစဉ်ကနေ အကောင်းမွန်ဆုံး အတွေ့အကြုံတွေကို ရယူသွားမှာပါ။ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဆိုင်ကယ် စက်ပိုင်းဆိုင်ရာရော လူတွေရဲ့ကျန်းမာရေးပိုင်းဆိုင်ရာကအစ အားလုံး စမ်းသပ် စစ်ဆေးပြီးပါပြီ”
“ဒါက ကျနော်တို့ရဲ့ အနာဂတ်အိပ်မက် အခွင့်အလမ်းတခုပါ။ ဒီခရီးစဉ်မှာ စိတ်အားထက်သန်စွာ ကူညီပေးတဲ့ မိတ်ဖက်တွေကိုလည်း အလွန် ကျေးဇူးတင်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာဆိုတာ ကမ္ဘာကသိအောင် ကျနော်တို့ နှစ်ယောက် ဆိုင်ကယ်စီးပြီး သက်သေပြသွားမှာပါ”လို့ ခရီးစဉ်အစမှာ ကိုအောင်ကျော်ဝင်းက မီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။
သူတို့ နှစ်ဦးရဲ့ခရီးစဉ်ကတော့ မေလ ၂၆ ရက်နေ့၊ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ကနေ စတင်ခဲ့ပြီး အခုဆိုရင်တော့ ဖင်လန်နိုင်ငံကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ အောက်တိုဘာလအတွင်း အင်္ဂလန်နိုင်ငံမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
You may also like these stories:
ရန်ကုန်ကနေ အင်္ဂလန်အထိ ဆိုင်ကယ်မောင်းပြီး ကမ္ဘာပတ်မယ့် မြန်မာနိုင်ငံသား နှစ်ယောက်
မွန်ဂိုလီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ဆိုင်ကယ်သမား နှစ်ယောက်ရဲ့ ခရီးစဉ်