၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့တဲ့ COVID-19 ရောဂါဟာ လက်ရှိ ကမ္ဘာတဝှမ်းမှာ ကူးစက်ခံနေရသူပေါင်း ၇ သန်းကျော်ရှိသွားပြီ ဖြစ်ပြီး လူပေါင်း ၄ သိန်းကျော် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပတ်မှာတော့ ကမ္ဘာတဝှမ်း ကူးစက်မှုနှုန်းမှာ တောင်အာရှနိုင်ငံတွေက ပိုများခဲ့ပြီး ကပ်ရောဂါရဲ့ ဗဟိုချက် ဖြစ်လာပါတယ်။
ပါကစ္စတန်နိုင်ငံမှာ COVID-19 ကူးစက်မှု၂၇ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ ၁၉ ရာခိုင်နှုန်း၊ အိန္ဒိယမှာ ၁၇ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ ပြုစုထားတဲ့ အချက်အလက်တွေအရ အဲဒီ ၃ နိုင်ငံဟာ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ နိုင်ငံ ၂၀ စာရင်းထဲ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကမ္ဘာတဝှမ်း ကူးစက်ခံရသူပေါင်း ၁၃၆,၀၀၀ ကျော် ရှိခဲ့ပြီး ဥရောပမှာ ကူးစက်မှု လျော့နည်းခဲ့ပေမယ့် တောင်အာရှနိုင်ငံတွေမှာတော့ နေ့စဉ် ကူးစက်သူ အရေအတွက် များပြားလာခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောကြားခဲ့ပါတယ်။
တောင်အာရှနိုင်ငံတွေမှာ ကူးစက်မှုနှုန်း မြင့်တက်နေရတဲ့ အကြောင်းကတော့ ကန့်သတ်မှုတွေကိုဖြေလျှော့ပေးခဲ့တဲ့အတွက်ကြောင့်ပါ။ အစိုးရတွေအနေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့တာကလည်း ကျဆင်းလာတဲ့ စီးပွားရေးကို ဟန်ချက် ထိန်းနိုင်ဖို့အတွက်ပါပဲ။
ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်သူ Imran Khan ကလည်း “ဖွံ့ ဖြိုးပြီးနိုင်ငံတွေတောင် ကြာရှည် Lockdown လုပ်ဖို့ အဆင်မပြေတဲ့အချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေအနေနဲ့ ပိုပြီးဆိုးတယ်”လို့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ COVID-19 ကပ်ရောဂါကို Lockdown နဲ့ ထိန်းချုပ်လို့ မရတော့ဘူးဆိုတာ မြင်တွေ့ခဲ့ပြီးနောက် ကန့်သတ်မှုတွေကို ဖြေလျှော့ပေးလိုက်ရပါတယ်။ တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်လည်း အိန္ဒိယနိုင်ငံက ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ပါကစ္စတန်က ကူးစက်သူ အရေအတွက် ဒုတိယ အများဆုံးနိုင်ငံပါပဲ။
Ref: Bloomberg
You may also like these stories:
Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား
ထိုင်းအစိုးရက နိုင်ငံခြားသားများကို ဇူလိုင်လကုန်အထိ ဗီဇာသက်တမ်း တိုးပေး
COVID-19 ကူးစက်မှု လျော့သွားတာကြောင့် ဗီယက်နမ်မှာ ကျောင်းများ ပြန်ဖွင့်ပြီ