ချက် သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ချက် သမ္မတ မစ္စတာ Milos Zeman နှင့် ယနေ့ နံနက် ပိုင်းက သီးခြား တွေ့ဆုံ၍ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။
“ဒီနေ့ မနက် ၁၁ နာရီက ချက်က ရဲတိုက်ကြီးမှာရှိတဲ့ သမ္မတအိမ်တော်မှာ ချက် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ပြီး ပါပြီ။ နာရီ ဝက်လောက် ကြာတယ် သိရပါတယ်”ဟု ချက်သမ္မတ နိုင်ငံ ပရက်မြို့အခြေစိုက် ဘားမား စင်တာ ပရက်(Burma Centre Prague) ဒါရိုက်တာ ဒေါ်စပယ်စိုးက ဧရာဝတီကို ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ကျင်းပနေဆဲဖြစ်သည့် ဖိုရမ် ၂၀၀၀ ညီလာခံသို့ တက်ရောက်နေကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတ နိုင်ငံ ပရက်မြို့၌ ၁၇ ကြိမ်မြောက် ဖိုရမ် ၂၀၀၀ ညီလာခံ ဒုတိယနေ့တွင် “ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ဆီသို့”(The Road to Good Governance) ခေါင်းစဉ်ဖြင့် ဒေသစံတော်ချိန် ညနေ ၃ နာရီ တွင် ဟောပြောမည် ဖြစ်သည်။
စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ကျင်းပခဲ့သော ဖိုရမ် ၂၀၀၀ ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင်လည်း ကွယ်လွန်သူ ချက် သမ္မတဟောင်း မစ္စတာ ဗားကလဗ် ဟာဗဲလ်နှင့် ချက်နိုင်ငံသားများကို ကျေးဇူးတင်စကား ဆိုပြီး မြန်မာ့ ပြုပြင်ပြောင်းလဲမှုအပေါ် အလွန်အကျွံ အကောင်းမြင်လွန်းခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကား ပြောကြား ခဲ့သည်။
“သိပ် အကောင်းမြင်တာတွေနဲ့ ပတ်သက်ပြီး ကျမ ခဏခဏ ပြောခဲ့ပါတယ်။ ဒါဟာ ကျမတို့ သွားနေတဲ့လမ်း ပျောက်သွားစေ နိုင်ပါတယ်။ ဒီ ခရီးလမ်းမှာ အခက်အခဲတွေ ရှိတယ်ဆိုတာ သိရမယ်၊ မျက်စိမှိတ် အကောင်းမြင်တတ်တာမျိုး သူ (ချက် သမ္မတဟောင်း ဗားကလဗ် ဟာဗဲလ်) လည်း သဘောတူမယ် မထင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “အခုချိန်ဟာ ကျမတို့အတွက် စိန်ခေါ်မှု အများဆုံး ကာလပါ။ ကျမတို့ အခု ရနေ တဲ့ အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံး မချတတ်ရင်တော့ ဒါမျိုး ပြန်ရဖို့ နောက်ထပ် နှစ်တွေ အများကြီး ပြန်စောင့်ရနိုင် တယ်။ အသွင်ကူးပြောင်းရေး ကာလအတွက် အရေးအကြီးဆုံးက မှန်ကန်တဲ့ ရွေးချယ်လုပ်ကိုင်မှု ဖြစ်ပါတယ်”ဟု ဆိုသည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဆိုင်ရာ ညီလာခံသို့ ကမ္ဘာတဝန်းမှ ထင်ရှားသူများလည်း တက်ရောက်ကြရာ ညီလာခံ တက်ရောက်ဟောပြောပို့ချသူ တဦးဖြစ်သည့် တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြား တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချက်သမ္မတ နိုင်ငံကို လာရောက်သည့်အတွက် ၂ နိုင်ငံရင်းနှီးမှုသည် မြင်သာ ထင်ရှားလာပြီ ဖြစ်ကြောင်း ဒေါ်စပယ်စိုးက ပြောသည်။
“အရင်က လူကိုယ်တိုင် မတွေ့ခဲ့ရပေမယ့် ခင်မင်လေးစားခဲ့တဲ့ သမ္မတကြီး ဟာဗဲလ်ရဲ့ကျေးဇူးနဲ့ပဲ ချက်နဲ့ မြန်မာနိုင်ငံ အတွင်း မှာ မမြင်ရတဲ့ မိတ်ဆွေဖြစ်နေတဲ့ အရာတွေက အခု ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါကျတော့ မြင်သာလာတယ်” ဟု သူက ဆိုသည်။
ချက်နိုင်ငံသည်လည်း အပြောင်းအလဲကို ဖြတ်သန်းခဲ့ရသည့်အတွက် မြန်မာ့ အပြောင်းအလဲ ကာလအပေါ် ကိုယ်ချင်းစာမှုရှိကြောင်း၊ ချက်နိုင်ငံ၏ အတွေ့အကြုံများ ဖလှယ်နိုင်သောကြောင့် မြန်မာနိုင်ငံအတွက် အကျိုးများနိုင်ကြောင်း သူက ဆက်ပြော သည်။
ဖိုရမ် ၂၀၀၀ ဖောင်ဒေးရှင်းကို ကွယ်လွန်သူ ချက် သမ္မတဟောင်း မစ္စတာ ဗားကလဗ် ဟာဗဲလ်၊ ဂျပန် နိပွန် ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ Yohei Sasakawa နှင့် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် Elie Wiesel တို့က ၁၉၉၆ ခုနှစ်က စတင်ကာ ထူထောင်ခဲ့ကြ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ကွယ်လွန်သူ ချက် သမ္မတဟောင်း ဗားကလဗ် ဟာဗဲလ်၏ ဂူသို့ သွားရောက် ဂါရ၀ ပြုပြီး ဗားကလဗ် ဟာဗဲလ် ၏ ဇနီးကိုလည်း အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှ စတင်ကာ ဖိုရမ် ၂၀၀၀ နိုင်ငံတကာ အကြံပေးဘုတ် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ဒုတိယမြောက် ဥရောပ ခရီးစဉ်ကို စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့ပြီး ပိုလန်နိုင်ငံ ဝါဆောမြို့သို့ စက်တင်ဘာလ ၁၁ ရက်နေ့က ရောက်သည်။
၂ ရက်တာ ပိုလန်ခရီးစဉ်အတွင်း ပိုလန်လွှတ်တော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ဟန်ဂေရီနိုင်ငံ သို့ ဆက်လက် ထွက်ခွာလာပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟန်ဂေရီ သမ္မတ မစ္စတာ Janos Ader နှင့် တွေ့ဆုံခဲ့သည်။
ဟန်ဂေရီ လွှတ်တော် အကြီးအကဲများနှင့်လည်း တွေ့ဆုံပြီးနောက် ဟန်ဂေရီ တက္ကသိုလ် ဘူဒါပက်စ်တွင် တော်လှန်ရေးမှ သည် ပြန်လည် တည်ဆောက်ရေးသို့ ဟူသည့် ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောပို့ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖိုရမ် ၂၀၀၀ ညီလာခံနောက်ဆုံးနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် “Burma’s Transition: The Need for New Approaches by the International Community” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောဆိုမည်ဖြစ်သည်။












