ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
RCSS/SSA ခေါင်းဆောင်နေရာမှာ နောက်လူတွေ ပါဝင်လုပ်ကိုင်လာနိုင်ဖို့ သူ့အနေနဲ့ ပါဝင်ရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့ တဲ့ ဇန်နဝါရီလမှာ ပြုလုပ်တဲ့ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က တရားဝင် ထုတ်ဖော် ပြော ဆို ခဲ့ပြီး ဖြစ်ပါတယ်။
“ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ်အတိုင်းပဲ ကျင့်သုံးပါတယ်၊ လေးနှစ် တစ်ကြိမ် ရွေးကောက်ရမယ့် ထုံးတန်းတွေရှိခဲ့တယ်။ ဒီနှစ်တော့ လူသစ်တွေပါဝင်လာနိုင်အောင် အရာရှိတွေအချင်းချင်းကြားထဲကနေ ရွေးချယ်ကြဖို့ လမ်းဖွင့်ပေးထားတယ်။ တကယ် လို့ ရွေးလို့မရဘူး၊ ရှိကိုမရှိဘူးဆိုပြီး တာဝန်ကို ပြန်အပ်လာတယ်ဆိုရင်တော့ မတတ်နိုင်ဘူး လက်ခံရမှာဘဲ”လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဧရာဝတီကို ပြောပါတယ်။
RCSS/SSA ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ အခုလ ၁၃ ရက်၊ ၁၄ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ရှမ်းပြည် နယ် အတွင်း မြို့နယ် အသီးသီးက ကိုယ်စားလှယ်တွေနဲ့ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေလည်း ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ခေါင်းဆောင်သစ် နေရာအတွက် တခြားထိပ်ပိုင်း အရာရှိတချို့ရွေးချယ် ခံကြလိမ့်မယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ခေါင်း ဆောင် ရွေးကောက်ပွဲအတွက် လွယ်တိုင်းလျန်း ဌာနချုပ်မှာ ရောက်ရှိနေကြတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတချို့ရဲ့ ပြောဆိုချက်အရ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုသာ ဆက်လက် တာဝန်ပေးဖြစ်ကြလိမ့်မယ်လို့ ဆိုပါတယ်။
“သူက ဆက်တိုက် တာဝန်ယူခဲ့လို့ တခြားလူတွေကို နေရာပေးချင်တယ် ဆိုပေမယ့် သူနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ဆောင် ထားတဲ့ အခြေအနေရယ်၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေရယ်၊ RCSS/SSA အပေါ်မှာရှိတဲ့ သူ့ရဲ့ သြဇာရယ်ကြောင့် သူ့ကိုပဲ တာဝန်ပြန်ပေးကြဖို့ များနေကြတဲ့ သဘောရှိတယ်”လို့ ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ တွေ့တဲ့ တပ်မှူးတဦးက ဧရာဝတီကို ပြော ပါတယ်။
RCSS/SSA ဥက္ကဋ္ဌသစ် ရွေးချယ်ဖို့ရာမှာ တက်ရောက်လာတဲ့ ပြည်သူတွေ၊ ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ပိုင်း တာဝန်ရှိသူတွေရဲ့ ဆန္ဒမဲ အပေါ်မှာသာ မူတည်ပြီး လက်ရှိလုပ်ဆောင်နေကြတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လည်း နောက်တက်လာမယ့် ဥက္ကဋ္ဌ အသစ်ပေါ်မှာသာ မူတည်တယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
“ခန့်မှန်းလို့ အတိအကျပြောလို့တော့ မရဘူးပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့၊ တကယ်လို့သာ ဥက္ကဋ္ဌ အသစ်ရှိလာရင် ဆုံးဖြတ်ချက် က အဲဒီ ဥက္ကဋ္ဌ အသစ်ပေါ်မှာ မူတည်တယ်”လို့လည်း သူက ပြောဆိုပါတယ်။
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်မှုအောက်မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ RCSS/SSA တို့အကြား ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် တွေမှာ လက်မှတ်ရေးထိုးထားပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ သဘောတူညီချက်တွေလည်း ရှိထားကြပါတယ်။
RCSS/SSA ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဋ္ဌ ရာထူးကို လေးနှစ် တကြိမ် ရွေးကောက်တင်မြှောက်ခဲ့ကြရာမှာ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ၃ ကြိမ်၊ ၁၂ နှစ် ဆက်တိုက် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော်(SSA) ကို ၁၉၉၆ ခုနှစ်မှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က ဦးဆောင်ပြီး အရင် မိုးဟိန်း ဦးဆောင်တဲ့ ရှမ်းပြည်ညီညွှတ်ရေးနဲ့ တော်လှန်ရေးတပ်(SURA) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မော်ထိုင်း တပ်မတော်(MTA)အဖွဲ့ဝင်ဟောင်း တချို့နဲ့ ပြန်လည်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။
ဦးခွန်ဆာရဲ့ MTA တပ်ဖွဲ့ဟာ ၁၉၉၅ အစိုးရဆီမှာ လက်နက်မချမီက ထိုင်း-မြန်မာနယ်စပ်တလျှောက် အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေအနက် ထင်ရှားတဲ့ အဖွဲ့တဖွဲ့ ဖြစ်ခဲ့ပါတယ်။ တချို့ကတော့ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းပန် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်နဲ့ အစိုးရ စစ်တပ်အောက်မှာ တာဝန် ထမ်းဆောင်နေကြ ပါသေးတယ်။