[irrawaddy_gallery]
လွန်ခဲ့သော ၃၆ နှစ်တာ ကာလက အခုလို နွေဦးတွင် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ ကံ့ကော်ပန်းများ လှိုင်လှိုင်ပွင့်ရန် အားယူ နေပေတော့မည်။
ကျောင်းပိတ်ခါနီး စာမေးပွဲများအတွက် ဦးနှောက်ခြောက်နေချိန်၊ ချစ်သူများ၊ သူငယ်ချင်းများ ခွဲခွာခါနီး အလွမ်းသယ်နေချိန် လေအဝေ့တွင် ကံ့ကော်ပန်းရနံ့က ပို၍ လွမ်းအောင်ဖန်ပေးသည့် ဇာတ်ပို့ ဖြစ်သည်။ နွေဦးနှင့် ကံ့ကော်ဆိုသည်မှာ တထပ်တည်း ကျသည် မဟုတ်လား။ ပြီးတော့ ဝတ်ဆံဝါဝါ၊ ပွင့်ချပ်ဖြူဖြူ၊ အရွက်စိမ်း ချွန်မြမြနှင့် မွှေးထုံသော ကံ့ကော်ပန်း ကလေးများသည် ရန်ကုန်တက္ကသိုလ်နှင့်လည်း တထပ်တည်း ကျနေပြန်သေးသည်။ တက္ကသိုလ်အကြောင်း ပြောလျှင်၊ ကံ့ကော်ပန်းသည် မပါမပြီး ဇာတ်ကောင်တကောင် အဖြစ် ထင်ရှားကြောင်း အများသိကြသည်။
ထိုသို့ ထင်ရှားသည့် ဇာတ်ကောင် ကံ့ကော်ပန်းသည် ကြွေခြောက် ညှိုးရော်မသွားဘဲ ၃၆ နှစ်တိုင်တိုင် ရနံ့မွှေးကြိုင်နေဆဲဟု ဆိုလျှင် လွန်သည်ဟု မထင်ကြပါနှင့်။ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှ ကံ့ကော်ပန်းကလေးများ ကာလအတန်ကြာ မွှေးပျံ့ခွင့် ဆိတ်သုဉ်းနေခဲ့ သော်လည်း ထိုကျောင်းကြီး၏ ပညာရင်နို့ သောက်စို့ခဲ့ကြသူတို့ မှတ်တမ်းတင် ထားခဲ့သော အဝါရောင် ဝတ်ဆံ၊ အဖြူရောင်ပွင့်ဖတ် ၅ ခုနှင့် အစိမ်းအနားသတ် ထားသည့် ကံ့ကော်ရွာ ပန်းချီပြပွဲ လိုဂို အမှတ်တံဆိပ် ကလေးက ယခုနှစ် ဖေဖော်ဝါရီ နွေဦးတွင် အသက် ၃၆ နှစ်ပြည့်ပြီ။ အကြောင်းအမျိုးမျိုးကြောင့် မွေးနေ့ပွဲကို နှစ်စဉ် မကျင်းပ နိုင်ခဲ့သော်လည်း ယခုနှစ်တွင်တော့ သူ့ မွေးနေ့ကို ခန့်ခန့်ထည်ထည် ကျင်းပမည်။ ၂၅ ကြိမ်မြောက် ဖြစ်သည်။
တကယ်တော့ ကံ့ကော်ရွာ၏ မိခင်စစ်စစ်မှာ ရန်ကုန်တက္ကသိုလ်တွင် ၁၉၅၁ ခုနှစ်က စတင်ခဲ့သော တက္ကသိုလ် အနုပညာ အသင်း၊ ပန်းချီဌာနစိတ် (ပန်းချီခန်းမ) ဖြစ်သည်။ ထိုပန်းချီခန်းမမှ ကြီးမှူးပြီး ပန်းချီပန်းပု အနုပညာ သင်တန်းများလည်း ပေးသည်။ ပန်းချီဦးသိန်းဟန်၊ ပန်းချီ ဦးသုခ၊ ပန်းချီ ဦးနန်းဝေ၊ ပန်းချီ ဦးလွန်းကြွယ် စသည့် ပန်းချီဆရာကြီးများ၏ လက်ထွက် သင်တန်းသူ သင်တန်းသားများသာမက တက္ကသိုလ် ကောလိပ်ပေါင်းစုံမှ ဝါသနာရှင် ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသား များနှင့် ရုံးဝန်ထမ်းများ စုပေါင်း၍ တက္ကသိုလ် အပန်းဖြေရိပ်သာတွင် ပန်းချီပန်းပု အနုပညာ ပြပွဲများ နှစ်စဉ် ပြသခဲ့ရာမှ ၁၉၇၉ ခုနှစ်တွင် ကျောင်းဝင်းပြင်ပသို့ စတင်ခြေလှမ်းခဲ့သော အနုပညာ ပြပွဲကလေး၏ အမည်မှာ ကံ့ကော်ရွာဟု တွင်လေသည်။
ကံ့ကော်ရွာသည် အသက် ၃၆ နှစ်ပြည့် ၂၅ ကြိမ်မြောက် မွေးနေ့ပွဲကို ဆင်နွှဲသည့်တိုင် တရားဝင် နာမည်ပေး ကင်ပွန်းတပ် အခမ်းအနား မကျင်းပရ သေးသော်လည်း ထို ကံ့ကော်ရွာနှင့် ပတ်သက် ဆက်နွှယ်သူ အားလုံး၏ ရင်ထဲတွင် စွဲထင် မှတ်ကျောက် တင်ထားအပ်သော အမည်နာမ ဖြစ်သည်။ မကြာခင် ထိုအမည်ကို တရားဝင် မှတ်ပုံတင်ကာ ကင်ပွန်း တပ်တော့မည် ဖြစ်သည်။
လွန်ခဲ့သည့် ၃၆ နှစ်က ရန်ကုန်တက္ကသိုလ် ဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင် တဆိုင်တွင် ပန်းချီအနုပညာကို ဝါသနာပါသူ၊ လန်းဆန်းတက်ကြွသည့် လူငယ် ကျောင်းသူကျောင်းသား တစုတို့ သူတို့၏ အနာဂတ် အနုပညာခြေလှမ်းများ အတွက် ရင်ခုန်ကြရင်း ပထမဆုံး ကျောင်းဝင်းပြင်ပသို့ ထွက်ပြမည့် ပန်းချီပြပွဲကလေး၏ နာမည်ကို စဉ်းစားကြ၊ တိုင်ပင်ကြသည်။ ထိုအထဲမှ ခင်အောင်အေး ဆိုသော ကဗျာချစ်သူ ကျောင်းသားက “ကံ့ကော်ရွာ” ဟု အမည်ပေးလိုက်ရာ အားလုံးက နှစ်ခြိုက်ကြသည်။ ကံ့ကော် ဆိုသည်က တက္ကသိုလ်ကို ကိုယ်စားပြုသည်၊ ရွာ ဆိုတာက မြန်မာဆန်သည်၊ မိသားစု သဘော၊ စည်လုံးညီညွတ်မှု ရှိသည့် အခြေခံ ရိုးရာမူများကို ကိုယ်စားပြုခြင်းကြောင့် ဖြစ်သည်။ ရွာဟု ဆိုသောကြောင့် သူကြီးများလည်း ရှိကြသည်။ အစောပိုင်း ကာလများက ကံ့ကော်ရွာ သူကြီးများအဖြစ် ပန်းချီခန်းမ အတွင်းရေးမှူးဟောင်း များက တာဝန်ယူခဲ့ကြသော်လည်း ၂၀၀၁ ခုနှစ်မှစ၍ ကြွင်းကျန်သော ကံ့ကော်ရွာသူရွာသား များထဲမှ စီနီယာကျသူများကို ဦးစားပေးစနစ်ဖြင့် အလှည့်ကျ သူကြီးတာဝန် ယူကြသည်။ ကံ့ကော်ရွာ သူကြီးသည် အာဏာပါဝါဖြင့် အုပ်ချုပ်သူတော့ မဟုတ်၊ ရွာသူရွာသားများ ထံမှ ခေါင်းပုံဖြတ်သူ မဟုတ်၊ လိုအပ်လျှင် သူကြီးက ငွေကြေးပင် စိုက်ထုတ်ရသူ။ သူကြီးကို ကျန်ရွာသူရွာသားများက လေးစား ချစ်ခင်သည်၊ သူကြီးကလည်း ရွာသူရွာသားများ၏ အကြံပေးချက်၊ ကူညီပံ့ပိုးမှုများဖြင့် စီမံခန့်ခွဲသည်၊ ပြပွဲအတွက် တာဝန်ခံသည်၊ ထို့ကြောင့်လည်း ရွာသက်ရှည်ဟု ဆိုရမည်။
ကံ့ကော်ရွာ အကြောင်း၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း၊ ပန်းချီခန်းမ အကြောင်း ပြောကြစတမ်းဆိုလျှင် အနုပညာ ဝါသနာပါသူ ကျောင်းသူ ကျောင်းသားများ၏ အချစ်တော် တက္ကသိုလ် ပန်းချီဆရာကြီး ဦးနန်းဝေ အကြောင်းကလည်း မပါမပြီး ပါရမည်။
“မင်းတို့ တက္ကသိုလ်ပရဝုဏ် ကျဉ်းကျဉ်းလေးမှာပဲ သာယာနစ်မျောပြီး ပျော်မနေကြနဲ့၊ ပြင်ပ ပန်းချီလောကမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်” ဟု တက္ကသိုလ် ပန်းချီဆရာကြီး ဦးနန်းဝေက သတိပေးသည် ဆို၏။ တက္ကသိုလ်တွင် ပန်းချီမျိုးစေ့ အညှောင့်ပေါက်ခဲ့ သော်လည်း ပြင်ပလောကတွင် ထိုအပင်ပေါက်ကလေးကို ကြီးထွားခွင့် ပေးရဦးမည် မဟုတ်လား။ ထိုသို့ တက္ကသိုလ်ရင်နို့ သောက်စို့ရင်း ထွက်ပြူလာသော ပန်းချီ အစို့အညှောင့်ကလေးများကို ပြင်ပတွင် ဆက်လက် ပျိုးထောင် ကြခဲ့သောကြောင့်လည်း ပန်းချီမျိုးမြင့် ဖြစ်လာသည်၊ ပန်းချီ ကေမျိုး ဖြစ်လာသည်၊ ပန်းချီ ထိန်လင်း ဖြစ်လာသည်၊ ပန်းချီ စံမင်း ဖြစ်လာသည်၊ ပန်းချီ ကြီးမြင့်စော ဖြစ်လာသည်၊ ပန်းချီ ညိုဝင်းမောင် ဖြစ်လာသည်၊ ပန်းချီ ခင်ဆွေဝင်း၊ ပန်းချီ အောင်မြင့်တို့ ဖြစ်လာသည်၊ ပန်းချီ … ပန်းချီ … ပန်းချီ … ပြော၍ ကုန်မည် မထင်၊ ပန်းချီဆရာ၊ ဆရာမပေါင်း များစွာတို့ ပြင်ပ ကမ္ဘာတွင်ပါ နာမည်ကျော်ကြား လူသိများခဲ့သည်။
အစဉ်အဆက် ရန်ကုန်တက္ကသိုလ် ပန်းချီခန်းရှိ ပန်းချီဝါသနာပါသူ ကျောင်းသား အနည်းငယ်ဖြင့် အသက်ဆက်ခဲ့ရသော ကံ့ကော်ရွာသည် ၁၉၈၇ ခုနှစ်တွင် ပန်းချီခန်း ပိတ်သွားသဖြင့် နောက်ထပ် မျိုးဆက်သစ်ကျောင်းသား လူငယ်တို့ဖြင့် အားဖြည့်ရန် မဖြစ်နိုင်တော့။ သို့သော် ကံ့ကော်ရွာက ရှင်သန်နေဆဲ၊ ရွာကို သံယောဇဉ်ရှိကြသော အဖွဲ့ဝင်ဟောင်း တို့က ကံ့ကော်ရွာ၏ အသက်ကို ဆွဲဆန့်ထားသည်။ တချို့သော ရွာသူရွာသားတို့က လူမှုကိစ္စ အဝဝကြောင့် ပန်းချီလောကကို ကျောခိုင်းသွားရာ အင်အားက လျော့နည်း လာပြန်၏။ ကံ့ကော်ရွာသည် ပြန့်ကျဲသွားသော သူ့ရွာသားကို လက်ပိုက် ကြည့်နေရသည်။ သို့သော်၁၉၉၅ ခုနှစ်တွင် ရွာသူရွာသားများ ပြန်လည် စုစည်းကာ ၁၀ ကြိမ်မြောက် ကံ့ကော်ရွာပြပွဲလေး ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ထိုမှတဖန် ၂၀၀၀ ပြည့်နှစ်ကျမှ ၁၁ ကြိမ်မြောက် ပြပွဲ ကျင်းပနိုင်ပြန်သည်။ သို့ဖြင့် ကြိုကြား၊ ကြိုကြားသာ ပြပွဲကျင်းပနိုင်ခဲ့သော ကံ့ကော်ရွာသည် သက်တမ်း ၃၆ နှစ်တွင် ပြပွဲ ၂၅ ကြိမ်သာ ကျင်းပနိုင်ခြင်းဖြစ်သည်။
သို့သော် ကံ့ကော်ရွာ ချစ်သူတို့က အားမလျှော့၊ ခရီးကို ဆက်ရန် အားဖြည့်ဖို့ လိုလာသည်ကို သိသည်။ ထို့ကြောင့် ယဉ်ကျေးမှု တက္ကသိုလ် ပန်းချီကျောင်းသူ ကျောင်းသားဟောင်းများ၊ ကံ့ကော်ရွာ မိသားစုဝင်များ၏ ပန်းချီဝါသနာ ပါသူ သားသမီးများတို့က ကံ့ကော်ရွာ၏ မျိုးဆက်သစ် အင်အားများ ဖြစ်လာသည်။
လူငယ်၊ လူရွယ်၊ လူကြီး အရွယ်စုံပါဝင်သော ကံ့ကော်ရွာ၏ ပြပွဲများသည် အရသာလည်း စုံလင်လှသည်။ ရိုးရာမှ၊ မော်ဒန်မှဟု ကန့်သတ်ထားခြင်း မရှိ၊ စိတ်အလျဉ်နဲ့ ရေးမှ၊ သရုပ်မှန်ဖြစ်မှဟုလည်း ပိတ်ထားခြင်း မရှိ၊ ကြိုက်နှစ်သက်ရာ နည်းစနစ်ဖြင့် ခံစားရသလို ရေးနိုင်၊ ပြသနိုင်သည်။ ယခုခေတ်တွင် Digital Art ၊ Graphic Art ၊ Performance Art ၊ Installation Art ၊ Video Art တို့ကိုလည်း ဖန်တီးခွင့်ပေးထားသည်။ ထို့အပြင် ကံ့ကော်ရွာသူရွာသားများနှင့် ရွာသူရွာသားများ၏ မိတ်ဆွေ ကဗျာသမားများ စုပေါင်းရေးသားသော “ရောင်စုံဝေဒနာ” အမည်ရှိ ကဗျာစာအုပ်ကိုလည်း ပြပွဲကာလအတွင်း အမှတ်တရ ထုတ်ဝေလေ့ ရှိသည်။
ကံ့ကော်ရွာ၏ ၂၅ ကြိမ်မြောက် ငွေရတု ပန်းချီပြပွဲကို ကံ့ကော်ရွာသား အနုပညာသမား ၅၀ ခန့်ဖြင့် တက္ကသိုလ်ရနံ့ ထုံမွှမ်းသော ပြည်လမ်းရှိ ဂျပ်ဆင်စင်တာတွင် ဖေဖော်ဝါရီ ၁၁ မှ ၁၅ ရက်နေ့ အထိ ပြသမည် ဖြစ်သည်။ ပန်းချီဆရာကြီး ဦးသိန်းဟန်၊ ဦးသုခ၊ ဦးနန်းဝေ၊ ဦးလွန်းကြွယ်တို့၏ ပန်းချီကားများလည်း ပါဝင်မည်ဟု သိရသည်။ ပြီးတော့ ယခုတကြိမ် ကံ့ကော်ရွာ၏ ထူးခြားချက်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေခဲ့သော ကံ့ကော်ရွာသားများပါ ပြည်တွင်း ပြန်ရောက်ပြီး ပါဝင်ကြခြင်း ဖြစ်သည်။
“ကံ့ကော်ရွာ ဆိုတဲ့ နာမည်ကြားရင် ရင်ခုန်တယ်။ ဒါကြောင့် ဒီပွဲအတွက် အမီပြန်လာတာ။ ပြပွဲမှာ တကားတော့ ဝင်ပြဖြစ်အောင် ပြမယ်” ဟု ပြည်ပရောက် ကံ့ကော်ရွာသားဟောင်း တဦးက ဆိုသည်။
ကံ့ကော်ရွာ ဆိုသည့် ပန်းချီပြပွဲကို ရန်ကုန်တက္ကသိုလ်ကြီးက မွေးဖွားခဲ့သည်။ ကံ့ကော်ရွာတွင် တက္ကသိုလ် ရနံ့များ သင်းထုံ နေလိမ့်မည်။ ကံ့ကော်ရွာသည် တက္ကသိုလ် အကြောင်းကို အသက်ငင်နေစဉ်မှာပင် ပြောခဲ့ပြီး ယခုလည်း ပြောဆဲ။ ရှေ့ဆက်ပြီးလည်း ပြောနေဦးမည်သာ။ နွေဦးတွင် ကံ့ကော်တို့ တဖန် ပွင့်ပြန်လေပြီ။
ကံ့ကော်ရွာသားတဦး ဖြစ်သော ပန်းချီစံမင်း ပြုစုထားသည့် ကံ့ကော်ရွာ သမိုင်းကို မှီးပါသည်။