ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မော်ချီးဒေသတွင် မိုးဆက်လက်ရွာသွန်းလျက်ရှိပြီး မြေပြိုမှု ကြောင့် သေဆုံးသူမှာ ၁၈ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂထံမှ သတင်းရရှိသည်။
မော်ချီဒေသ တောင်ပေါ်ရွာများတွင် အောက်တိုဘာ ၁၀ရက်နေ့ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျ မှုဆင့်ကဲဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီး ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေလျက်ရှိနေကြောင်း ကရင်နီ ပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ဧရာဝတီသို့ပြောသည်။
“ဒီနေ့ အထိ ရဲတပ်ဖွဲ့က အတည်ပြုထားတာက သေဆုံး ၁၃ဦးရှိပြီ။ ဒေသခံရွာသားတွေ ကတော့ နောက်ထပ် ၅ဦး ရှိသေးတယ်ပြောတယ်၊ မိုးကလည်း ရွာနေတုန်းပဲ”ဟု ကိုကျော်ထင်အောင်က ပြောသည်။
မြေပြိုမှုဖြစ်ပွားခဲ့သည့် တောင်ပေါ်ကျေးရွာတွင် ဆက်လက်နေထိုင်သူမရှိတော့ဘဲ မော်ချီးအောက်ရွာနှင့် လိုခါး လို ကျေးရွားတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ ရွွှေ့ပြောင်းနေထိုင်သူ ဦးရေ ၆၀၀ ကျော်ရှိပြီး တောင်ပေါ် အတက်၊အဆင်း လမ်းကြောင်းကို တပ်မတော်က လုံခြုံရေးဆောင်ရွက် ပေးကာ အတက်ကို ခွင့်မပြု တော့ကြောင်း သိရသည်။
လွိုင်ကော်-ဖားဆောင်းကားလမ်းဘက်သို့ ထွက်ရာလမ်းကြောင်းဖြစ်သည့် လိုခါးလိုအပေါ်ရွာနှင့်အောက်ရွာ အကြား ပေ ၇၀၀ ကျော်ခန့်မှာ ရွံ့နွံမြေပျော့ တပေခွဲခန့်က လမ်းတလျောက်ဖုံးလွှမ်းထားသည့်အတွက် သွား လာ ရခက်ခဲလျက်ရှိပြီး စားနပ်ရိက္ခာများပို့ဆောင်ရန်အတွက်လည်း အခက်အခဲများရှိကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂ ကပြောသည်။
သတ္ထုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မော်ချီးဒေသ တောင်ပေါ်ကျေးရွာများတွင် လူဦးရေ တထောင် နီးပါးနေထိုင်လျက်ရှိရာတွင် ရွေ့ပြောင်းလုပ်သား ၂၀၀ကျော်မှာလည်း နေရပ်ဒေသအသီးသီးသို့ ပြန် လည် ရွေ့ပြောင်းလျက်ရှိကြောင်းလည်း သိရသည်။
ခဲ၊သတ္ထုများ တူးဖော်ရာ ဒေသတခုဖြစ်သည့် မော်ချီးဒေသတွင် တောင်ပေါ်မှ မြေပြိုသည့် အရှိန် ကြောင့် တောင်စောင်းများအောက်ရှိ ကလိုင်တွင်းများတွင် မြေကျွံ့မှုများပါ ဆက်တိုက်ဖြစ်ပေါ် သွားခြင်း ဖြစ် ပြီး ယခုကဲ့သို့ မြေပြိုမှုသည် မော်ချီး ဒေသတွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း ကိုကျော်ထင်အောင် က ပြောသည်။