ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ရွှေဗဟို ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းထဲမှ WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၄၂ သိန်း ကျော် ဖမ်းဆီး ရမိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် က “ရွှေဗဟိုကျောင်း ဆရာတော် စီးလာတဲ့ ကားဆီက ဆေးပြားအိတ်တချို့ကို အရင်ဖမ်းမိတယ်၊ အဲဒီက တဆင့် ကျောင်းတိုက်ကို ဝင်ရှာတော့ ကျောင်းဝင်းထဲကလည်းပဲ ဖမ်းမိတယ်၊ နှစ်ခုပေါင်း ဆိုရင် ဆေးပြားပေါင်း သိန်း ၄၀ ကျော်ရှိပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ရွှေဗဟိုကျောင်း ဆရာတော် ဦးအာစရ နှင့်အတူ တခြား သံဃာတော် တပါးတို့ စီးလာသည့် မော်တော်ကားကို သင်္ကာ မကင်း၍ မောင်တောမြို့အဝင် ဂိတ်တခု၌ ဖော်ဝါရီလ ၅ ရက်နေ့က တားဆီး၍ စစ်ဆေးစဉ် မူးယစ်ဆေးဝါးအိတ်တချို့ ဖမ်းမိခြင်း ဖြစ်သည်။
ဆရာတော် ဦးအာစရ ကျောင်းထိုင်သည့် ရွှေဗဟိုကျောင်းတိုက်၌ ထပ်မံရှာဖွေရာ ပီနံအိတ်များဖြင့် ထုပ်ထားသည့် စိတ်ကြွ ဆေးပြားအိတ်ပေါင်း ၁၀ ကျော်ကို ထပ်မံ ဖမ်းမိကြောင်း၊ ထို့အတူ ကျောင်းတိုက်ဝင်ထဲမှ ဗုံးသီးတလုံးနှင့် ကျည်ဆံမျိုးစုံ ၁၀၀ ဝန်းကျင် ကိုလည်း သိမ်းဆည်းရမိကြောင်း ရဲမှူးကြီး စိန်လွင် က ပြောသည်။
ရဲမှူးကြီး စိန်လွင် က “ဖမ်းမိတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ လောလောဆယ်မှာ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ပြောသည်။
ရွှေဗဟိုကျောင်း ဆရာတော်အား ဖမ်းဆီးထားသော်လည်း ကျောင်းတိုက်အား ပိတ်ထားမှု မရှိသေးကြောင်း မောင်တော မြို့ခံ တချို့ က ဧရာဝတီ ကို ပြောသည်။
မြို့ခံ တဦးက “စောင့်ကြည့်တာ တချို့ရှိပေမယ့် ကျောင်းကတော့ ပုံမှန်ပဲ ဝင်ထွက်သွားလာနေကြတာ တွေ့ရပါတယ်၊ ကျောင်းထိုင်ဆရာတော်ဆီက ဖမ်းမိတာဆိုတော့ ဘာသာရေး အရ ကြည့်ရင် လုံး၀ မဖြစ်သင့်တဲ့ ကိစ္စပါ” ဟု ဆိုသည်။
ရခိုင်ပြည်နယ် မောင်တောဒေသ၌ ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါများ ဆက်တိုက် ဖမ်းဆီးရမိနေပြီး၊ ထိုမူးယစ်ဆေး ဝါးများအား နေပြည်တော်ရှိ အထူးစစ်ဆင်ရေးအဖွဲ့မှ မေယု စစ်ဆင်ရေး အထူးစီမံချက်ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေး ကော်မတီ က ထုတ်ပြန်ထားသည်။
ထို့အတူ ဘူးသီးတောင်မှ မောင်တောသို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ ဆိုင်ကယ် ၂ စီးအား မောင်တောမြို့ ၆ မိုင် စစ်ဆေးရေးဂိတ်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့က တားဆီးစစ်ဆေးရာ ကျောပိုးအိတ် ၂ လုံးအတွင်းမှ WY စိတ်ကြွ ဆေးပြား ၂ သိန်းဝန်းကျင် ( စုစုပေါင်း တန်ဖိုး ကျပ် သိန်းပေါင်း ၃၉၀၀ ) တန်ဖိုးရှိ ဆေးပြားများကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည်။
မောင်တောမြို့နယ် မြို့မ ကညင်တန်းရွာရှိ ကော်ရီမူလ္လာ၏ နေအိမ်အား မေယုစစ်ဆင်ရေး အစီအစဉ်အရ ပူးပေါင်း တပ်ဖွဲ့ ဝင်များက ဝင်ရောက် ရှာဖွေရာ နေအိမ်ဝင်းထဲရှိ ပါဂျဲရိုးကားပေါ်မှ ဘီးအပို အတွင်း သိုဝှက်ထားသည့် စိတ်ကြွ ဆေးပြား ၂ သိန်းနီးပါး ကိုလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖမ်းမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၌ မောင်တောဒေသ အပါအဝင် မြို့နယ် တချို့တွင် မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီး ရမိ သော်လည်း ပိုင်ရှင် အစစ်အမှန်များအား ဖော်ထုတ်နိုင်ခြင်း မရှိပေ။
မောင်တော ဒေသ၌ ဖမ်းမိသည့် မူးယစ်ဆေးဝါးများသည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ တင်ပို့မည့် မူးယစ်ဆေးဝါးများ ဖြစ် ကြောင်း၊ ဆက်တိုက် ဖမ်းမိနေခြင်းသည် ရဲတပ်ဖွဲ့က အထူး အလေးထား လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။