သတင်း

မွန်ပြည်နယ်၌ ကြက်သား၊ ကြက်ဥ စားသုံးမှု ထက်ဝက်ကျော် ကျဆင်း

Want create site? Find Free WordPress Themes and plugins.

ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး ရောဂါ (H1N1)ကို ကြက်ငှက်တုပ်ကွေး ရောဂါ (H5N1) နှင့် ကွဲလွဲစွာ တိတိကျကျ မသိရှိကြ၍ မော်လမြိုင်မြို့ပေါ်နှင့် မြို့ပြင်ဈေးကွက်တို့တွင် ကြက်သား၊ ကြက်ဥစားသုံးမှု ထက်ဝက် ကျော် ကျဆင်းလာကြောင်း သိရသည်။

မွန်ပြည်နယ်တဝန်းတွင် အသားစားကြက်ကောင်ရေ ၈ သိန်းနှင့် ဥစားကြက်ကောင်ရေ ၅ သိန်းခန့် မွေးမြူထားပြီး တရက် လျှင် ကြက်သား ပိဿာချိန် ၄ ထောင်ခန့်နှင့် ကြက်ဥအလုံးရေ ၄ သိန်းခန့် ဈေးကွက်အတွင်းသို့ ပုံမှန်လည်ပတ် ရောင်းချ နေခြင်းမှ လျော့ကျသွားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဒီရက်ပိုင်းအတွင်းမှာ ကောက်ယူထားတဲ့ အချက်အလက်တွေအရ မော်လမြိုင်မြို့ပေါ်က ဈေးတွေမှာ ကြက်ဥ၊ ကြက်သား စားသုံးမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားပြီး မြို့ပြင်ဈေးတွေမှာ ၇၀ ရာခိုင်နှုန်း လျော့ကျသွားတယ်” ဟု မွန်ပြည် နယ် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းက အစိုးရအဖွဲ့ရုံးတွင် ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ကြက်ခြံတခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) တွေ့ရှိခဲ့ပြီး နောက် မွန်ပြည်နယ် အစိုးရအဖွဲ့က ယင်းနေ့စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီးမှ ကြက်သားနှင့် ကြက်ဥများကို မွန် ပြည် နယ်သို့ သယ်ဆောင်ခွင့် ယာယီပိတ်ပင်ရန်နှင့် ထိုင်းမှ တရားမဝင် အေးခဲကြက်သားများ ဝင်ရောက်လာမှုများအား ဖမ်းဆီး နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

လူမှလူသို့ ကူးစက်သည့် ရာသီတုပ်ကွေးရောဂါ (H1N1) နှင့် တိရစ္ဆာန်မှ လူသို့ ကူးစက်သည့် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) တို့အား ပြည်သူများ တိတိကျကျ မသိရှိဘဲ မွန်ပြည်နယ်ရှိ ကျေးရွာအချို့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုယ် တိုင်ပင် ကြက်သား၊ ကြက်ဥများကို မစားသုံးရန် လိုက်လံ ဟောပြောမှုများ ရှိခဲ့ကြောင်းလည်း မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သန်းဝင်းက ပြောသည်။

“ကျနော်တို့ ဌာနအနေနဲ့ ကြက်သားတွေ၊ ကြက်ဥတွေ မစားရဘူး၊ မရောင်းရဘူးလို့ ညွှန်ကြားထားတာလည်း မရှိပါဘူး၊ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေကလည်း ဒီလို ညွှန်ကြားထားတာ မရှိပါဘူး။ ဒါပေမယ့် ကျေးရွာ နှစ်ရွာ၊ သုံးရွာရဲ့ ဈေးတွေမှာတော့ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ကြက်သား၊ ကြက်ဥ မရောင်းဖို့၊ မစားဖို့ ကန့်သတ်နေတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်းတွင် H5N1 ဖြစ်ပွားခြင်းမရှိသဖြင့် ကြက်သား ၊ ကြက်ဥများကို ပြည်သူများ စိတ်ချလက်ချ စားသုံး နိုင်ကြကြောင်းလည်း ဆက်လက် ပြောကြားသည်။

H1N1 နှင့် H5N1 ဗိုင်းရပ်စ်မျိုးစိတ် နှစ်ခု၏ ကူးစက်နိုင်မှုနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက “အခု ကြက်ငှက်တုပ်ကွေးရောဂါနဲ့ အခြေအနေကလည်း တိရစ္ဆာန်ကနေ လူကို မကူးသေး ဘူး။ ကြက်၊ ငှက်တွေမှာ တွေ့တယ်၊ သူနဲ့ အရမ်းအနီးကပ်နေတဲ့ ကြက်မွေးမြူရေးလုပ်တဲ့ လူတွေကိုပဲ ကူးတယ်၊ အဲဒီ လူကနေ နောက်လူကို ကူးလားဆိုတော့ အင်မတန်ကို ကူးခဲတယ်၊ တိရစ္ဆာန်ကနေ တိရစ္ဆာန်ကို ကူးပြီဆိုရင် စောင့်ကြည့် တယ်၊ တိရစ္ဆာန်ကနေ လူကို စကူးလာပြီဆိုရင် အသေအချာ စောင့်ကြည့်ရတယ်၊ အဓိကက လူကနေ လူကို မကူးဖို့ပေါ့ ” ဟု ဧရာဝတီကို ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာတွင်လည်း ကြက်ဌက်တုပ်ကွေးရောဂါ လုံးဝမဖြစ်ကြောင်း ပြည်သူများ သံသယရှင်းစေရန် မုံရွာခရိုင် မွေးမြူရေးနှင့် ကုသရေးရုံးမှ တာဝန်ရှိသူများက ဌာနဆိုင်ရာ လူကြီးများကို ဖိတ်ခေါ်၍ ကြက်သားများ စားပြခဲ့ ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇွန်၊ ဇူလိုင် ၂ လအတွင်း တရားမဝင် ဥကြက်မနှင့် အသားစားကြက်ကောင်ရေ ၁၀၆၉ ကောင်နှင့် တရားမဝင် ကြက်ဥ ၆၅၄၀၀ လုံး၊ ကာလတန်ဖိုး ကျပ် ၁၆၇ သိန်းကျော် ဖမ်းဆီးရမိကာ ဖျက်ဆီးခဲ့ကြောင်း မွန် ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စာရင်းများအရ သိရှိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading