သတင်း

ဖျာပုံဆေးရုံအုပ်ကြီး H1N1 ကူးစက်ခံရ၍ ဆေးကုသမှုခံယူနေရ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ ကုတင် ၂၀၀ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာ စိန်စိန်သည် (H1N1) ရောဂါကူး စက်ခံရ၍ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ဝေဘာဂီဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေရ ကြောင်း ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာအေးအေးအောင်က ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

ဆေးရုံအုပ်ကြီးဒေါက်တာစိန်စိန်သည် ဇူလိုင်လနောက်ဆုံးအပတ်မှ စတင်၍ ဖျားနာမှုဖြစ်ပွားနေခဲ့ပြီး ရန်ကုန်မြို့တွင် တက်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာ (H1N1) ရောဂါပိုးကူးစက်ခံရကြောင်း သိရှိခဲ့သဖြင့် ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဝေဘာဂီဆေးရုံသို့ ရောက်ရှိလာပြီး ကုသမှုခံယူနေကြောင်း၊ လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

“ကျမတို့ဆီ ရောက်တဲ့အချိန် ကတော့ ၁၁ နာရီ ၃၅ ပါ။ အခုလက်ရှိ ကျန်းမာရေး အခြေအနေကတော့ ကောင်းပါတယ်။ H1N1 Positive ကတော့ ဖျာပုံဆေးရုံမှာ စစ်ပြီးတော့ တွေ့ပြီးတော့ ကျမတို့ဆီကို လွှဲတာပါ” ဟု ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာအေးအေးအောင်က ဧရာဝတီသို့ ပြောသည်။

ဖျာပုံမြို့ ကုတင် ၂၀၀ ဆံ့ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးအရာရှိ ဆရာဦးစိုးနိုင်ကလည်း “ဒီဆေးရုံမှာလာကုသတဲ့ ရေလုပ်သားတယောက် H1N1 ပိုးကူးစက်ခံရလို့ ရန်ကုန်ကိုလွှဲပေးဖူးပါတယ်၊ ဆေးရုံအုပ်ကြီးလည်း ဖျားတာ ၃၊ ၄ ရက်လောက် ဖြစ်လာလို့ ရန်ကုန်ကိုသွားကုတာမှာ ကူးစက်ခံရကြောင်း သိတာပါ” ဟု ရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း (H1N1) ရောဂါနှင့်ပတ်သက်၍ သံသယရှိလူနာ ၄၀၈ ဦးအနက် ၁၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့အထိ လူနာ ၇ ဦးသေဆုံးခဲ့ကြောင်း တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

(ဆလိုင်းသန့်စင် ပူးပေါင်းရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading